ၾကားသိသမွ်

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် အားဆေးတစ်ခွက်

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် အားဆေးတစ်ခွက်

By-မောင်း

တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုရဲ့နှစ်ပတ်လည်နေ့နဲ့ ပတ်သတ်တဲ့ အကြောင်းအရာများက နွေဦးတော်လှန်ရေးအတွက် ခွန်အားတစ်ရပ်ဖြစ်စေပါတယ်။

အချိန်တိုအတွင်း သြဇာအင်အားကြီးမားလာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး AAလို့လူသိများတဲ့ရက္ခိုင့်တပ်တော်က ၁၃နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဧပြီလ၁၀ရက်က ပြုလုပ်ခဲ့ပါတယ်။ နှစ်ပတ်လည်နေ့ကို သဝဏ်လွာပေးပို့ခဲ့တဲ့ အဖွဲ့အစည်းတွေကိုလည်း ရခိုင်ပြည်သူများကိုယ်စား ကျေးဇူးတင်ကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။

ရက္ခိုင့်တပ်တော်နှစ်ပတ်လည်နေ့ကို မဟာမိတ်အဖွဲ့များဖြစ်တဲ့ တအောင်းအဖွဲ.(PSLF/TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)တို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သမ္မတရုံးနှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ နွေဦးတော်လှန်ရေးက မွေးဖွားလာသည့် တော်လှန်ရေးအဖွဲ့အစည်းအချို့နဲ့အမည်ဖော်ပြရန်စောသေးတဲ့ အဖွဲ.အစည်းအချို့က သဝဏ်လွာပေးပို့.ခဲ့ကြတယ်လို့ AAထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီထုတ်ပြန်ချက်မှာ NUGနဲ့ရက္ခိုင့်တပ်တော်တို့ရဲ့ ဆက်ဆံရေးကို အကဲခတ်နိင်တာအပြင် နွေဦးတော်လှန်ရေးကြီးမှာ AAအဖွဲ့ရဲ့ ပါဝင်ပတ်သတ်နေမူကို တစ်စွန်းတစ်စ အကဲခတ်နိုင်ပါတယ်။

အခြားသတိပြုမိတဲ့ သဝဏ်လွာတစ်ခုကတော့ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ၊ ကျောင်းသားလက်ရုံးတပ်တော်က ပေးပိုတဲ့သဝဏ်လွာပဲဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်မှာ သမဂ္ဂကျောင်းသားများက ရက္ခိုင့်တပ်တော်၏ လွတ်မြောက်နယ်မြေမှာ စစ်ပညာသင်ယူခဲ့ပြီး ရက္ခိုင့်တပ်တော်ရဲ့ ထောက်ပံ့မှုနဲ့ ကျောင်းသားလက်ရုံးတပ်တော်ကို ဖွဲ့စည်းတည်ထောင်ခဲ့တာလို့ဖော်ပြထားတာပဲဖြစ်ပါတယ်။

ဒီသဝဏ်လွာအရတော့ နွေဦးတော်လှန်ရေးကြီးမှာ ရက္ခိုင့်တပ်တော်အနေနဲ့အတိုင်းအတာတစ်ခုအထိ ပါဝင်နေတယ်ဆိုတာ ပိုမိုထင်ရှားစေတာဖြစ်ပါတယ်။

အမည်ဖော်ပြရန်စောသေးတဲ့အဖွဲ.အစည်းအချို့ဆိုတာကတော့ ပဟေဋိဆန်နေပေမဲ့ညှိနှိုင်းစောင့်ကြည့်မူတွေကြောင့်လို့ပဲ ယေဘူယျနားလည်မိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရက္ခိုင့်တပ်တော်နေ့နဲ့ ဆက်စပ်တဲ့ထုတ်ပြန်ချက်၊သဝဏ်လွာတွေကတော့ အားလုံးကိုစိတ်ဝင်စားမူမြင့်တက်စေပြီး တော်လှန်ရေးအတွက် ခွန်အားတစ်ရပ်ဖြစ်စေတာက ငြင်းမရနိင်ပါဘူး။ဘာကြောင့်လည်းဆိုရင်

ရက္ခိုင့်တပ်တော်က အမျိုးသားရေးနဲ့ဒေသတွင်းအရေးကိုသာ အာရုံစိုက်ပြီး နွေဦးတော်လှန်ရေးကြီးနဲ့ ဝေးကွာနေတယ်လို့ယခင်ကသုံးသပ်မူတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေလို့ပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းက ဖြစ်ပွားခဲ့တဲ့ရခိုင်ဒေသတိုက်ပွဲတွေမှာ စစ်တပ်ကိုအကျပ်ရိုက်စေခဲ့တဲ့ရက္ခိုင့်တပ်တော်ရဲ့ ယခုလိုထုတ်ပြန်ချက်ကတော့တော်လှန်ရေးကြီးမှာ သူတို့ရဲ့ပါဝင်ပတ်သတ်နေမူကို လူသိရှင်ကြား ပြသလိုက်တာပဲဖြစ်ပါတယ်။

ဒါကလည်း ပြည်သူများ၊ တော်လှန်ရေး အင်အားစုများအတွက် အားတက်စေခဲ့ပြီး စစ်ကောင်စီအတွက်တော့ ခေါင်းခဲစရာဖြစ်မှာ မုချမသွေပဲဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးရဲ့ လက်ရှိအခြေအနေမှာ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ ကယားပြည်နယ်၊ချင်းပြည်နယ်၊ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တို့မှာ အင်အားများစွာချထားရပြီး အထိနာနေတာဖြစ်ပါတယ်။ဒါအပြင် ရန်ကုန်နဲ့မန္တလေးတို့လို မြို့ပြပျောက်ကျားလှုပ်ရှားမူတွေကြောင့်လည်း အကျပ်တွေ့နေချိန်လည်း ဖြစ်တယ်။ဒါကြောင့် စစ်ကောင်စီအနေနဲ့ အခြားစစ်မျက်နှာတစ်ခု ဖွင့်ဖို့အရေးက ခေါင်းခဲစေမှာ ငြင်းမရပါဘူး၊

ဒါကြောင့်လည်း စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ.တွေကို မျက်နှာချိုသွေးနေရတာကို အထင်အရှားမြင်တွေ့နိုင်ပါတယ်။ မကြာသေးတဲါကာလက ပြုလုပ်ခဲ့တဲ့ကိုးကန့်(MNDAA)ခေါင်းဆောင် ဖုန်ကြားရှင်ရဲ့ဈာပနကို တိုင်းမှူးအဆင့်စေလွတ်ခဲ့တာက သိသာစေတဲ့ ဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်။ မြေပြင်မှာ ကိုးကန်အဖွဲ့နဲ့ထိတွေ့တိုက်ပွဲတွေဖြစ်နေပြီး အပစ်အခတ်ရပ်စဲရေးလည်း တစ်စုံတရာမရှိသေးချိန်ကာလမှာ စစ်ကောင်စီဖက်က ထိပ်ပိုင်းရာထူးရှိသူတစ်ယောက်ကို ဈာပနာတက်ဖို့စေလွတ်ခဲ့တာပါ။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ နွေဦးတော်လှန်ရေးကြီးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ.တွေ ပိုမိုပါဝင်လာမှာကို စိုးရိမ်နေတာကလည်း အကြောင်းရှိပါတယ်။စစ်ကောင်စီအထိနာနေတဲ့စစ်ကိုင်းတိုင်းတိုက်ပွဲတွေမှာဆိုရင် ရက္ခိုင်.တပ်တော်ကို စတင်မွေးဖွားပေးခဲတဲ့ကချင်လွတ်လပ်လပ်ရေးအဖွဲ.(KIO)က PDFတွေနဲ.အတူ တိုက်ပွဲဝင်နေတာပါ၊ ကရင်ပြည်နယ်မှာ ဆိုရင်လည်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ကယားမှာဆိုရင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)နဲ့ ချင်းပြည်နယ်မှာ ချင်းအမျိုးသားတပ်ဦး(CNF)တို့က PDFတွေနဲ့ ပံ့ပိုးကူညီပူးပေါင်းပြီး တိုက်ပွဲဝင်ပါဝင်နေကြတာပဲဖြစ်ပါတယ်။ ဒီတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအားလုံးကလည်း NUGနဲ့ထိတွေ့ဆက်ဆံရေးတွေ ၊ပူးပေါင်းမူတွေ ပုံစံအမျိုးမျိုးနဲ့ရှိထားတာပါ။

NUGဖက်ကလည်း နောက်ထပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ထိတွေ့ဆက်ဆံမူတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ရက္ခိုင့်တပ်တော်နဲ့လည်း အလွတ်သဘောတွေ့ဆုံနိုင်ဖို့ NUGကကမ်းလှမ်းထားပြီး ဒီကမ်းလှမ်းချက်ကို ဗဟိုကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်မယ်လို့AAကပြောထားပါတယ်။

ရက္ခိုင့်တပ်တော်အနေနဲ့သာ စစ်အာဏာရှင်အမြစ်ဖြတ်ရေး နွေဦးတော်လှန်ရေးကြီးမှာ ပိုမိုပါဝင်လာပြီဆိုရင် မဟာမိတ်တွေဖြစ်တဲ့ တအောင်း(PSLF/TNLA)နဲ။ ကိုးကန့်(MNDAA)တို့ အနေအထားကိုလည်း ပိုမျှော်လင့်နိုင်ပြီလို. သုံးသပ်ရပါတယ်။လက်ရှိကာလတွေမှာဆိုရင်လည်း ကိုးကန့်ဒေသမှာ MNDAAနဲ. စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာရှိပါတယ်။ရခိုင်ဒေသမှာ ဆိုရင်လည်း နားလည်မူနဲ့ အပစ်အခတ်ရပ်ထားပေမဲ့ တပ်တွေရင်ဆိုင်ထားတဲ့ အနေအထားပဲဖြစ်ပါတယ်။

ခြုံပြောရရင်တော့ စစ်အာဏာရှင်စနစ်ကျဆုံးမှသာ ပြည်သူများလိုလားနေတဲ့ တန်းတူညီမျှမူရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်တစ်ရပ်ကို ထူထောင်နိုင်မှာ ဖြစ်ပါတယ်။ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့က နွေဦးတော်လှန်ရေးကြီးအောင်မြင်ဖို့လိုအပ်ပါတယ်။

ရက္ခိုင့်တပ်တော်လို တိုင်းရင်းသားလက်နက်ကိုင်အဖွဲတွေ တော်လှန်ရေးကြီးမှာ ထဲထဲဝင်ဝင်ပူးပေါင်းလာပြီဆိုရင်တော့ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးက ပိုမိုမြန်ဆန်စေမှာလည်း ဖြစ်ပါတယ်။ #မောင်း