ၾကားသိသမွ်

လေးကေ့ကော်တိုက်ပွဲ တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီစစ်ကြောင်းတစ်ခု လုံးနီးပါးေသဟု ဖမ်းဆီးခံဗိုလ်ကြီးပြော

လေးကေ့ကော်တိုက်ပွဲ တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီစစ်ကြောင်းတစ်ခု လုံးနီးပါးသေဟု ဖမ်းဆီးခံဗိုလ်ကြီးပြော

▪️စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်၍ ပြည်သူ လူထုနေအိမ် ၃၀ခန့်ပျက်စီး

မောင်မောင်/People’s Spring

ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်မြို့သစ်တွင် ယနေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အင်အား ၄၅ ဦးပါ စစ်ကောင်စီတပ်စစ်ကြောင်းမှ တပ်ရင်းမှူး အပါအဝင် စစ်ကြောင်းတစ်ခုလုံးနီးပါး သေဆုံးခဲ့ကြောင်း အရှင်ဖမ်းမိခဲ့သည့် ဗိုလ်ကြီးက ထွက်ဆိုသည်ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ လေးကေ့ကော် ဒေသသို့ စစ်ကောင်စီတပ်ဝင်ရောက်စစ်ကြောင်းထိုးလာ၍ ယနေ့ နံနက် ၃နာရီမှစတင်ကာ တစ်နေ့လုံးနီးပါး တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ( ၄၄ )လက်အောက်ခံ ၊ခမရ (၂၀၇)မှ တပ်ရင်းမှူး သက်နိုင်ဦးဦးစီးသည့် စစ်ကြောင်း (၁)အမည်ဖြင့် အင်အား ၄၅ဦးသည် လေးကေ့ကော် မြို့သစ်အတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့ရာ စွယ်တော်ကုန်းနှင့် လက်ခတ်တောင် ရှိ အမြှောက်များမှ တရစပ် ပစ်ကူပေးပစ်ခတ်ခဲ့ကြောင်း၊ မြေပြင်စစ်ကြောင်းမှလည်း (၄၀) မမ များဖြင့် တရစပ် ပစ်ခတ်လျက်ရှိရာ Cobra စစ်သည်များနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီ၏ တပ်ကူအများအပြား ရောက်ရှိလာသော်လည်း မည်သည့် တပ်မှန်းအတည်မပြုနိုင်သေးဟု ဆိုသည်။

“စစ်ကြောင်းထိုးလာသော ခမရ (၂၀၇) မှ တပ်ခွဲမှူးဗိုလ်ကြီး တင်လင်းနိုင် (ကြည်း – ***၄၈) အား အရှင် ဖမ်းဆီး ရမိခဲ့ပြီး စစ်ဆေးချက်အရ အကြမ်းဖက် စစ်ကောင်စီဘက်မှ တပ်ရင်းမှူး နှင့် IO အရာရှိ အပါအဝင် စစ်ကြောင်း တစ်ကြောင်းလုံးနီးပါး သေဆုံးကြောင်း သိရပါသည်။

တပ်ရင်းမှူး၏ အလောင်း ကို မရ ရှိသေးသဖြင့် အတည်မပြုနိုင်သေးပါ။” ဟု ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။

နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ စစ်ကောင်စီ အလောင်း ၁၂လောင်းနှင့် လက်နက် (၉) လက် အပါအဝင်စစ်သုံးပစ္စည်းများ သိမ်းဆည်း ရမိခဲ့သည်ဟု ဖော်ပြထားသည်။

ယနေ့ တိုက်ပွဲတွင် ကော်ဘရာစစ်ကြောင်းမှ တော်လှန်ရေး ရဲဘော်နှစ်ဦး ကျဆုံးပြီးလေးဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲ၌ အထိနာသည့် စစ်ကောင်စီတပ်က နံနက် ၁၀နာရီမှစ၍ တိုက်ခိုက်ရေး လေယာဉ် နှစ်စီးဖြင့် ၂၂ကြိမ် ဝဲပျံပစ်ခတ် ဗုံးကြဲခဲ့ကြောင်း၊ ထိုသို့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် လေးကေ့ကော် ဒေသရှိ ပြည်သူပိုင်နေအိမ် ၃၀ခန့် ပျက်စီးခဲ့ပြီး နေအိမ်ငါးလုံး မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။