ၾကားသိသမွ်

သြစတြေးလျက ဘက်ပြောင်းလာသူတွေကို တံခါးဖွင့်ပေးတဲ့ ပထမဆုံး နိုင်ငံဖြစ်လာပြီ

သြစတြေးလျက ဘက်ပြောင်းလာသူတွေကို တံခါးဖွင့်ပေးတဲ့ ပထမဆုံး နိုင်ငံဖြစ်လာပြီ

လွန်ခဲ့သောနှစ်က စစ်အာဏာသိမ်းပြီးနောက် မြန်မာစစ်အုပ်စုသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ကြီးထွားနေသော ခုခံမှုကိုသာမက ဘက်ပြောင်းသွားသူ အရေအတွက် တိုးလာခြင်းတို့နှင့်ပါ ရုန်းကန်နေရသည်။

ယခုလအထိ စစ်ကောင်စီတပ်ရင်းမှူးများ အပါအဝင် တပ်မှ ထွက်ပြေးလာသူ အရေအတွက်သည် ၃,၀၀၀ ကျော်လာပြီး တပ်ရင်းမှူးအဆင့်သည် ဘက်ပြောင်းလာသူများတွင် ရာထူးအမြင့်ဆုံး ဖြစ်သည်။ အခြေအနေကို ပိုမိုဆိုးရွားစေသည်မှာ သြစတြေးလျ အစိုးရက ခိုလှုံခွင့်တောင်းလာသည့် ဘက်ပြောင်းလာသူများကို ဇန်နဝါရီလမှ စတင်ပြီး လက်ခံလိုက်ခြင်းကြောင့် ပိုမိုများပြားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်မှ ထွက်ပြေးရန် စဉ်းစားလာခြင်း ဖြစ်သည်။

မြန်မာ-အမေရိကန်ဖြစ်သည့် လုံခြုံရေးကျွမ်းကျင်သူ ဒေါက်တာ မီမီဝင်းဘတ်က ဘက်ပြောင်းလာခြင်းသည် ပြည်သူ လူထုထောက်ခံမှု၊ နိုင်ငံတကာ ထောက်ခံမှုတို့နှင့်အတူ တော်လှန်ရေးအောင်မြင်ရန် အခြေခံလိုအပ်ချက် ၃ ခုအနက် တခု ဖြစ်ကြောင်း ပြောပြီး မြန်မာမှ ခုခံရေး အင်းအားစုများသည် စစ်ကောင်စီတွင် တပ်ဖွဲ့ဝင်များ မရှိအောင်လုပ်ရေးအတွက် အာရုံစိုက်နိုင်ကြောင်းလည်း ပြောသည်။

ဒေါက်တာ မီမီဝင်းဘတ် / Asia-Pacific Center for Security Studies

“ဒါကြောင့် ဘက်ပြောင်းလာတာက ခုခံမှုအောင်မြင်ရေးတွက် အရမ်းကို အရေးကြီးတဲ့ သေနင်္ဂဗျူဟာ ဖြစ်တယ်” ဟု သူက ပြောသည်။
ယခုဧရာဝတီ သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းရာတွင် အမေရိကန် ပြည်ထောင်စု၊ ဟာဝိုင်အီမှ Daniel K. Inouye Asia Pacific Center for Security Studies (APCSS) အာရှပစိဖိတ် လုံခြုံရေးလေ့လာမှုဌာနတွင် ပါမောက္ခအဖြစ် ဆောင်ရွက်နေသူ ဒေါက်တာ မီမီဝင်းဘတ်က စစ်ကောင်စီတပ်များ ဘက်ပြောင်းရေးတွင် တတိယနိုင်ငံ၏ ဆွဲဆောင်မှုသည် မည်သို့ အရေးပါသည်၊ စစ်ကောင်စီကို ဆန့်ကျင်သည့် တော်လှန်ရေးကို လူထုအာရုံစိုက်အောင် လုပ်ရာတွင် ပြည်သူ့ဆက်ဆံရေး သေနင်္ဂဗျူဟာသည် ယူကရိန်းတွင်ကဲ့သို့ မည်မျှအရေးပါသည်နှင့် မြန်မာအကျပ်အတည်းကို ယူကရိန်းအရေးက မည်သည့်အတွက် လွှမ်းမိုးသွားရသည်တို့ကို ဆွေးနွေးထားသည်။

မေး ။ ။ သြစတြေးလျ အစိုးရက မြန်မာစစ်တပ်က ဘက်ပြောင်းလာသူတွေကို ခိုလှုံခွင့် မကြာသေးခင်က ပေးလိုက်တာဟာ စစ်တပ်အသိုက်အဝန်းမှာ သတင်းထူးဖြစ်နေတယ်။ အဲဒီကိစ္စကို ဘယ်လိုထင်လဲ။

ဖြေ ။ ။ အံ့သြစရာ မဟုတ်ပါဘူး။ တကယ့်ကို ကြီးမားတဲ့ ဆွဲဆောင်မှုဖြစ်ပါတယ်။ ကျမတို့ အရင်က တွေ့ခဲ့တဲ့ လေ့လာမှုတွေအရ တတိယ ကြားနိုင်ငံဆွဲဆောင်မှုက တော်လှန်ရေးမှာ အရေးကြီးကြောင်း တွေ့ရတယ်။ ဒါဟာ ပြည်သူတွေအတွက် ကြီးမားတဲ့ ဖြစ်ပေါ်တိုးတက်မှုပဲ။ စစ်တပ်အတွက် ကြီးမားတဲ့ ဆိုးကျိုးပဲ။ သြစတြေးလျက တံခါးဖွင့်ပေးလိုက်တော့ ဥရောပနိုင်ငံတွေ အပါအဝင် ကျန်နိုင်ငံတွေလည်း လိုက်တံခါးဖွင့်နိုင်ပါတယ်။

မေး ။ ။ တတိယနိုင်ငံ ဆွဲဆောင်မှုကြောင့် နောက်ထပ် ဘက်ပြောင်းလာသူတွေ ရှိမယ်ထင်လား။
ဖြေ ။ ။ အဲဒီလိုပဲ ထင်ပါတယ်။ စင်ပြိုင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကိစ္စကို အထူးလုပ်ဆောင်နေတယ်လို့ ထင်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ အောင်ပွဲတွေထဲက တခုက သြစတြေးလျပဲ ဖြစ်ပြီး သူတို့က ဥရောပနိုင်ငံအချို့နဲ့လည်း ဒီကိစ္စကို လုပ်နေတယ်လို့ ထင်ပါတယ်။ အခုတော့ သူတို့က သြစတြေးလျမှာ အောင်မြင်သွားပြီ။ ဒီလိုအောင်မြင်သွားတာက သူတို့ကြိုးစားနေတဲ့ အခြားနိုင်ငံတွေ အပေါ်မှာလည်း ဆင့်ကဲသက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်။

မေး ။ ။ စစ်တပ်ကနေ ဘက်ပြောင်းလာသူတွေနဲ့ ပတ်သက်ပြီး ဘာတွေသိထားလဲ။
ဖြေ ။ ။ ကျမမှာ ဘက်ပြောင်းလာသူတွေနဲ့ အဆက်အသွယ် မရှိသလို အခုလောလောဆယ် အချက်အလက် မရှိဘူး။ ဒါပေမယ့် ပြည်သူ့ရင်ခွင်အဖွဲ့ အချက်အလက်တွေနဲ့ပဲ ပြောရမယ်ထင်တယ်။ စစ်တပ်ထဲက အခြေအနေကို သိချင်လို့ သူတို့ထဲက တချို့ကို ကျမ တွေ့ဆုံမေးမြန်းတယ်။ သူတို့ကို မေးမြန်းတဲ့အခါ စစ်တပ်ထဲက တပ်ဖွဲ့ဝင် ၃ ပုံ ၂ ပုံလောက်က စိတ်ဓာတ်ကျဆင်းပြီး တပ်ကနေ ထွက်ချင်ကြတယ်လို့ သူတို့ပြောတယ်။

ဒီအတိုင်း ဆက်ဖြစ်နေတုန်းပဲ။ အနည်းဆုံးတော့ နောက်ဆုံးတယောက်ဖြစ်တဲ့ တပ်ရင်းမှူးက သူဘက်ပြောင်းလာရတဲ့ အဓိကအကြောင်းရင်းက သူ့မိသားစုဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းက သူ့ဇာတိမြို့မှာ မျက်နှာ မပြရဲလောက်အောင် ဖြစ်နေတာကြောင့်လို့ ပြောတယ်။ သူလည်း အရှက်တကွဲဖြစ်တယ်။ သူ့မိသားစုလည်း အရှက်တကွဲဖြစ်တယ်။

ဒါကြောင့် ဒီလိုမျိုးတွေ ဆက်ဖြစ်နေသမျှ စစ်အုပ်စု တပ်ဖွဲ့ဝင်တွေ ပြည်သူ့ဘက်ကို ဘက်ပြောင်းဖို့ တွန်းအားတွေ အများကြီး ဖြစ်စေမယ်။ စစ်တပ်တပ်ဖွဲ့ဝင် အများစုကို မြန်မာနိုင်ငံအလယ်ပိုင်းက စုဆောင်းထာတာမို့ ဘက်ပြောင်းတာတွေ ထပ်ဖြစ်လာဦးမယ်။

အခု စစ်တပ်ကလည်း မြန်မာနိုင်ငံအလယ်ပိုင်းကို ဗုံးကြဲနေတာလေ။ အဲဒီတော့ သူတို့တွေက သူတို့ဆွေမျိုးတွေကို သူတို့ကိုယ်တိုင် ဗုံးကြဲပြီး တိုက်ခိုက်နေတာ ဖြစ်နေတယ်။ အဲဒီ ဒုဗိုလ်မှူးကြီးက အဲဒီနေရာမှာ ဆွေမျိုးတွေရှိနေတာလည်း အံ့သြစရာ မဟုတ်ဘူး။ သူကိုယ်တိုင် ဒါတွေကို တိုက်ရိုက်လုပ်နေတာ မဖြစ်နိုင်ပေမယ့် သူ့ရဲ့အဖွဲ့အစည်းက ဒါတွေကို လုပ်နေတာလေ။

မေး ။ ။ စင်ပြိုင်အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ နိုင်ငံတကာ အသိုက်အဝန်းက တပ်တွင်းမှာ ဘက်ပြောင်လာအောင်၊ အထူးသဖြင့် အဆင့်မြင့်အရာရှိတွေကြားမှာ ဘက်ပြောင်းလာအောင် ဘယ်လို ပိုမိုတီထွင်ဆန်းသစ် အားပေးလို့ရလဲ။

၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသော တပ်မတော်နေ့ အခမ်းအနား

ဖြေ ။ ။ အဓိက အချက်တွေ အများကြီးရှိတယ်လို့ ကျမ ထင်တယ်။ ပထမ အချက်ကတော့ စစ်တပ်က ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက်ကျူးလွန်နေတာပဲ။

လူထုက သူတို့ကို ရန်သူတွေလို့ မြင်တယ်။ သူတို့အပေါ် လူထုဒေါသက ကြီးထွားနေတယ်။ ဒုတိယ အချက်ကတော့ ဆွဲဆောင်မှုပဲ။ သူတို့ အပြင်ရောက်တဲ့အခါ လုံခြုံမှု၊ အထူးသဖြင့် သူတို့ကိုယ်တိုင်နဲ့ မိသားစုအတွက် လုံခြုံမှု ရလာတယ်။ ဒါတွေက NUG နဲ့ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ လုပ်ဆောင်ရမယ့် နည်းလမ်းတွေဖြစ်တယ်။ အခုတော့ သြစတြေးလျက ဘက်ပြောင်းလာသူတွေကို တံခါးဖွင့်ပေးတဲ့ ပထမဆုံး နိုင်ငံဖြစ်လာပြီ။ ဒါ အရမ်းကောင်းတယ်။

မေး ။ ။ NUG နဲ့ နိုင်ငံတကာ အသိုက်အဝန်းကို အကြံပေးစရာရှိလား။ တတိယနိုင်ငံ ဆွဲဆောင်မှုများလာရင် တော်လှန်ရေးရဲ့ ၇၀ ရာခိုင်နှုန်းအောင်မြင်ပြီလို့ တချို့က ပြောနေကြတယ်။

ဖြေ ။ ။ ဒါကို ဆက်လုပ်ဖို့၊ ဒီသေနင်္ဂဗျူဟာအတွက် လိုအပ်တဲ့ ရင်းမြစ်တွေ ကောင်းကောင်းရှိအောင် လုပ်ဖို့ကလွဲလို့ တခြားအကြံပေးစရာ မရှိပါဘူး။ ဒီလောက်အထိ ဘက်ပြောင်းလာတာကို အရင်က မတွေ့ဘူးလို့ အလုပ်ဖြစ်တယ်ဆိုတာကို ကျမတို့ တွေ့ရနိုင်ပါတယ်။ အခြားနိုင်ငံတွေက တံခါးဖွင့်လာတာကိုလည်း တွေ့ရဖို့ မျှော်လင့်ပါတယ်။ ဒီသေနင်္ဂဗျူဟာက အလုပ်ဖြစ်တယ်လို့ ပြောလို့ရတယ်။ အချိန်ယူရနိုင်တယ်။ ဒါကို ပိုပြီး မြန်မြန်ဆန်ဆန် ဖြစ်စေချင်ပေမယ့် လုပ်ရမယ့် အဆင့်တွေ အများကြီးရှိတယ်။

မေး ။ ။ အခြေအနေကို ယူကရိန်းနဲ့ ယှဉ်လိုက်ရင် မြန်မာရဲ့ ခုခံရေးက နိုင်ငံတကာထောက်ခံမှု ဒီလောက်မရဘူး။ ဘာပြောစရာရှိလဲ။

ဖြေ ။ ။ မြန်မာ့တော်လှန်ရေးကို နိုင်ငံတကာထောက်ခံမှု မရှိဘူးလို့ ပြောလို့မရဘူး။ နိုင်ငံတကာ အသိုက်အဝန်းက လူသားချင်းစာနာမှု အကူအညီတွေ၊ ပစ်မှတ်ထား အရေးယူမှုလိုဟာတွေနဲ့ တနှစ်တာကာလပတ်လုံး ထောက်ခံလာကြတယ်။ ဒါပေမယ့် ယူကရိန်းရဲ့ ပြည်သူ့ဆက်ဆံရေး အဖွဲ့က အကောင်းဆုံးတွေ လုပ်နိုင်တယ်။

သူတို့က မီဒီယာနဲ့ သူတို့ရဲ့ စစ်သေနင်္ဂဗျူဟာ ဆက်သွယ်ရေးရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ပြည်သူ့ဆက်ဆံရေးကို ကောင်းကောင်း ကိုင်တွယ်နိုင်ပြီး ဒါတွေက သူတို့ရဲ့ စစ်သေနင်္ဂဗျူဟာရဲ့ အဓိက အစိတ်အပိုင်းဖြစ်တယ်လို့ ထင်တယ်။ သူတို့က ဒါကို အသုံးပြုတယ်။

ရုရှားကို လက်နက်နဲ့ လူအင်အားအရ မယှဉ်နိုင်မှန်းသိတော့ အချို့က ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လ်လန်စကီးနဲ့ အစိုးရအတွက် အရမ်းကို ဂုဏ်ယူကြတယ်။ ဆက်သွယ်ရေး စွမ်းအားဟာ သူတို့အမှန်တကယ် အသုံးပြုရမယ့် စွမ်းအားဆိုတာကို သူတို့ သဘောပေါက်တယ်။ ဒါကြောင့် ထိထိရောက်ရောက်အသုံးချတယ်။

သေနင်္ဂဗျူဟာ ဆက်ဆံရေးနဲ့ ပြည်သူ့ ဆက်ဆံရေးနယ်ပယ် အားလုံးက သမ္မတ ဇယ်လ်လန်စကီးနဲ့ အစိုးရအဖွဲ့ရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ ပတ်သက်ပြီး လုပ်နေတာတွေကို သဘောကျတယ်။ သူတို့လုပ်နေတဲ့ နည်းလမ်းကြောင့်လည်း သူတို့ လိုအပ်တဲ့ အာရုံစူးစိုက်မှု ရတယ်လို့ ထင်တယ်။ ဒါက သူတို့သေနင်္ဂဗျူဟာရဲ့ အစိတ်အပိုင်းပဲလေ။

မေး ။ ။ မြန်မာရဲ့ ပြည်သူ့ဆက်ဆံရေး အခြေအနေကို ဘယ်လိုထင်လဲ။
ဖြေ ။ ။ အခြေအနေနဲ့ အကန့်အသတ်တွေအရ သူတို့လည်း အကောင်းဆုံးလုပ်ခဲ့တယ်လို့ ထင်တယ်။ ဒါပေမယ့် ဇယ်လ်လန်စကီးရဲ့အဆင့်ကတော့ မတူဘူးပေါ့။ သူက သရုပ်ဆောင်လည်း ဖြစ်တယ်။ သူက ဒီလိုလောက ကနေလာတယ်။ ဒါကို ဘယ်လို အသုံးပြုရမယ်ဆိုတာ သူသိတယ်။ မြန်မာပြည်သူတွေလည်း တော်တော် ကောင်းကောင်းလုပ်ခဲ့တယ်လို့ ပြောလို့ရတယ်။

ဒါပေမယ့် ဇယ်လ်လန်းစကီးကို A+ ပေးရင် မြန်မာကို B+ ပဲပေးရမှာပေါ့။ မြန်မာနိုင်ငံက ခုခံရေးအင်အားစုက ဇယ်လ်လန်စကီးကိုကြည့်ပြီး သူတို့လှုပ်ရှားမှုကို အရှိန်မြှင့်တင်နိုင်တယ်၊ ပိုကောင်းအောင် လုပ်နိုင်တယ်။ သူတို့ မအောင်မြင်ဘူးလို့ ကျမ မပြောပါဘူး။
နိုင်ငံတကာ အသိုက်အဝန်းက မြန်မာနိုင်ငံကို တကယ်ပဲ အာရုံစိုက်ကြပါတယ်။ ဒါပေမယ့် လောလောဆယ်တော့ ဇယ်လ်လန်စကီးက အရမ်းကို ကောင်းကောင်း လုပ်ဆောင်နေတယ်။ ဒါကြောင့် မြန်မာက ယူကရိန်းအပေါ် အာရုံစိုက်မှုကို အသုံးချနိုင်ပြီး ယူကရိန်းနဲ့ ဆက်စပ်မှုကို တိုးချဲ့နိုင်တယ်။

ဒါက ယူကရိန်းကို ဂရုစိုက်ရင် မြန်မာကို ဂရုမစိုက်ဘူး ဆိုတာမျိုး မဟုတ်ဘူး။ တကယ်တော့ ယူကရိန်းက ဥရောပ စစ်မျက်နှာမှာ ဒီမိုကရေစီအတွက်နဲ့ အာဏာရှင်ကို ဆန့်ကျင်ဖို့ တိုက်ပွဲဝင်နေပြီး မြန်မာကတော့ အင်ဒို-ပစိဖိတ် စစ်မျက်နှာက ဒီမိုကရေစီ ရှေ့တန်းစစ်မျက်နှာမှာ ရှိနေတယ်။ နှစ်နိုင်ငံလုံးမှာ ရုရှားလုပ်ဗုံးတွေနဲ့ ကျည်ဆံတွေက ပြည်သူတွေကို သတ်ဖြတ်နေတယ်။

မေး ။ ။ ဒါပေမယ့် မြန်မာ့ ခုခံရေးလှုပ်ရှားမှုကတော့ ကိုယ့်အားကိုယ်ကိုးနေရပြီး ပြင်ပက ကျည်ဆံတတောင့်တောင် မရဘူး။ အဲဒီနေရာမှာတော့ ယူကရိန်းနဲ့ ကွဲပြားနေတယ်။

ဖြေ ။ ။ ဒါက ဒီပြဿနာရဲ့ အကန့်အသတ်တွေကြောင့် ဖြစ်တယ်။ နိုင်ငံတကာစနစ်မှာ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို အရမ်းကို တန်ဖိုးထားတဲ့အတွက် ဘယ်နိုင်ငံကမဆို တခြားနိုင်ငံတခုကို ကျူးကျော်သိမ်းပိုက်ရင် အရမ်းကို တုန်လှုပ်စရာကောင်းတယ်။ ပြည်တွင်းပြဿနာရှိတဲ့အခါ အဲဒီ အချုပ်အခြာအာဏာ အယူအဆက ယူကရိန်းကို အထောက်အကူပြုပေမယ့် မြန်မာမှကျတော့ အတားအဆီး ဖြစ်တယ်။

စစ်ရေးအရ ထောက်ခံတယ်၊ မထောက်ခံတယ် ဆိုတာကျတော့ ယူကရိန်းမှာ အမေရိကန်နဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ရှည်ကြာတဲ့ ဆက်ဆံရေးရှိတဲ့ စစ်တပ်ပီသတဲ့ စစ်တပ်ရှိတယ်။ မြန်မာရဲ့ NUG မှာကျတော့ အမေရိကန်နဲ့ နိုင်ငံတကာ အသိုက်အဝန်းက ဝင်လာဖို့ အဲဒီလို အခြေအနေမျိုး အဆင်သင့် မရှိဘဲ အရေးယူပိတ်ဆို့မှုတွေ ကျင့်သုံးရတယ်။

ဒါကြောင့်မို့ အရေးယူပိတ်ဆို့မှုနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ဖြစ်လာတယ်။ ဒါတွေကတော့ ယူကရိန်းနဲ့ မြန်မာအကြား ကွာခြားချက်တွေ ဖြစ်ပါတယ်။ #ဧရာဝတီ

(တွေ့ဆုံမေးမြန်းချက်များကို ပိုမိုရှင်းလင်းတိကျရန် တည်ဖြတ်ထားသည်။)
(အယ်ဒီတာ့ မှတ်ချက် ။ ။ ယခုတွေ့ဆုံမေးမြန်းမှုတွင် ဖော်ပြသော အယူအဆများသည် ထိုဘာသာရပ် ကျွမ်းကျင်သူ တဦးအနေဖြင့် ဒေါက်တာ မီမီဝင်းဘတ်၏ ပုဂ္ဂလိက သုံးသပ်ချက်များသာ ဖြစ်သည်။ ဒေါက်တာ မီမီဝင်းဘတ်၏ အယူအဆများသည် အမေရိကန်အစိုးရ သို့မဟုတ် အခြား မည်သည့်ဌာနများ၏ သဘောထားနှင့် မူဝါဒများကိုမျှ ကိုယ်စားပြုခြင်း မရှိပါ။)