ၾကားသိသမွ်

PDFများအတွက် လက်နက်ခဲယမ်း အနည်းဆုံးလိုအပ်ချက် မကြာမီဖြည့်ဆည်းနိုင်မည်ဟု NUG ကာကွယ်ရေးဝန်ကြီး သတင်းစကားပါး

PDFများအတွက် လက်နက်ခဲယမ်း အနည်းဆုံးလိုအပ်ချက် မကြာမီဖြည့်ဆည်းနိုင်မည်ဟု NUG ကာကွယ်ရေးဝန်ကြီး သတင်းစကားပါး

▪️PDFများက ​ပြောက်ကျားစစ်၊ လှုပ်ရှားစစ်ကို ထိရောက်စွာ ဖော်ဆောင်နိုင်ခဲ့ပြီး ရန်သူ့အင်အားကို နေ့စဉ်နှင့်အမျှ ထိခိုက်ပြုန်းတီးအောင် စွမ်းဆောင်နိုင်ခဲ့ဟု ချီးကျူး

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များအတွက် လက်နက်၊ခဲယမ်း၊မီးကျောက် အနည်းဆုံးလိုအပ်ချက်ကို မကြာခင်ဖြည့်ဆည်းနိုင်လိမ့်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

ပြည်သူ့ခုခံတွန်းလှန်စစ် (၆)လပြည့်အစီရင်ခံစာမိန့်ခွန်းတွင် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သတင်းကောင်းပါးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ မည်သည့်နိုင်ငံကမျှ ရုပ်၀◌တ္တုပစ္စည်းအကူ အညီမရရှိသေးဘဲ ပြည်တွင်း၊ ပြည်ပရှိ ကိုယ့်ပြည်သူများ ထောက်ပံ့လှူဒါန်းသည့် ဘဏ္ဍာရန်ပုံငွေကို အားကိုးနေရကြောင်း ရှင်းပြသည်။

“ကျွန်တော်တို့အနေနဲ့ စစ်လက်နက် ခဲယမ်းဝယ်ယူရေး၊ ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ ဘဏ္ဍာရန်ပုံငွေ၊ နောက်ပြီးလိုအပ်တဲ့ ပစ္စည်းတွေ ရဖို့ ချိတ်ဆက် ရှာဖွေရတာ ၊ သယ်ယူဖြန့်ဝေ တပ်ဆင်ရတာ စသဖြင့် ဒီလုပ်ငန်းစဉ်ကြီး တစ်ခုလုံးဟာ အခက်အခဲပေါင်းများစွာ၊ စိန်ခေါ်ချက်များစွာကို ရင်ဆိုင်ကြုံတွေ့ ကျော်ဖြတ်ကြ ရပါတယ်”ဟု NUG ကာကွယ်ရေးဝန်ကြီးက ဆိုသည်။

ပြည်သူ့ခုခံတွန်းလှန်စစ် (၆)လပြည့်ချိန်တွင် စစ်အာဏာ ရှင်စနစ် အမြစ်ဖြတ်ရေးပြတ်သားစွာ သန္နိဌာန်ဖြင့် တိုက်ပွဲဝင်နေကြသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF နှင့် ပြည်သူ့တော်လှန်ရေးရဲ ဘော်များကို ပထမဆုံးဂုဏ်ပြုလိုကြောင်း ဝန်ကြီးက ပြောသည်။

ဒုတိယအနေဖြင့် စစ်အာဏာရှင်စနစ်အောက် ခေါင်းငုံ့မခံ စတမ်း၊ လည်စင်းမခံစတမ်း PDF ရဲဘော်များနှင့်အတူ ကြံ့ကြံ့ခံ ရပ်တည်ပြီး

အားပေးထောက်ခံ ကူညီကြရုံသာမက ကိုယ်တိုင်လည်း သပိတ်တိုက်ပွဲများ၊ လူထုတိုက်ပွဲများကို ပုံစံမျိုးစုံဖြင့် ဆင်နွှဲနေကြသည့် ပြည်သူလူထုကြီး တရပ်လုံးကို ဂုဏ်ပြုလိုကြောင်း ဆက်ပြောသည်။

“ဒီတော်လှန်ရေးအတွင်း အသက်စွန့်ခဲ့တဲ့ အာဇာနည်တွေ၊ ခြေလက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ သူရဲကောင်းတွေ၊ အကြမ်း ဖက်စစ်အုပ်စုရဲ့ အဓမ္မ ဖမ်းဆီးခံရပြီး အကျဉ်းထောင်တွေထဲ ရောက်နေရတဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက်တွေကို ဒီနေရာကနေ လေးနက်စွာ ဦးညွတ်ဂုဏ်ပြုလိုက်ပါတယ်”ဟု ဦးရည်မွန်က ပြောသည်။

ထို့အပြင် ပြည်သူများ၏ တော်လှန်ရေးအပေါ် ရပ်တည်ထောက်ခံမှု၊ တော်လှန်ရေးသမားများ၏ ဉာဏ်ပညာနဲ့ သူရသတ္တိများမှာ လက်ရှိတော်လှန်ရေး၏ အားသာချက်များဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်မတော်သားများ၏ လက်ရုံးရည်၊ နှလုံးရည်က အကြမ်းဖက်စစ်အုပ်စုထက် အဖက်ဖက်မှ သာလွန်သည်ကို ထင်ရှားစွာတွေ့ရကြောင်း ကာကွယ်ရေးဝန်ကြီးက ချီးကျူးသည်။

PDF ရဲဘော်များသည် ပျောက်ကြားစစ်၊ လှုပ်ရှားစစ်ကို ထိရောက်စွာ ဖော်ဆောင်လာနိုင်ခဲ့ပြီး ရန်သူ့အင်အားကို နေ့စဉ်နှင့်အမျှ ထိခိုက်ပြုန်းတီးအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“အခုဆို ကျွန်တော်တို့ PDF တွေက ကျေးလက်ဒေသများစွာကို စိုးမိုးထိန်းချုပ်ထားနိုင်ခဲ့ပါပြီ။ PDF စိုးမိုးနယ်မြေတွေကို အခြေပြုပြီး ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အာဏာကိုလည်း စတင် တည်ထောင်နိုင်ခဲ့ပါပြီ။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အပါအဝင် တနိုင်ငံလုံးက မြို့ ကြီး၊မြို့ငယ်တွေမှာလည်း မြို့ပြ ​ပြောက်ကျားစစ်ကို ထိထိရောက်ရောက် ဆောင်ရွက်နေကြပါ ပြီ။ ခြုံကြည့်ရင် ပြည်သူ့ခုခံတွန်းလှန်ရဲ့ ကနဦးအဆင့်ဟာ ကျွန်တော်တို့ရဲ့ စစ်ရေးရည်မှန်းချက် များ အတိုင်းအတာတစ်ခုအထိ ပေါက်မြောက်ရောက်ရှိခဲ့တယ်လို့ ပြောနိုင်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးက ဆိုသည်။

တဖက်တွင် အကြမ်းဖက်စစ်အုပ်သည် စစ်မြေပြင်၌ PDF များနှင့် မဟာမိတ်များကြောင့် အဖက်ဖက်တွင် အထိနာနေပြီး အစွမ်းကုန် အကြမ်းဖက်စစ်ဗျူဟာကို ကျင့်သုံးနေသည်ကို တွေ့ရကြောင်း ဦးရည်မွန်က ပြောသည်။

“ရန်သူက စစ်ဗျူဟာကို အသုံးပြုနေချိန်မှာ PDF များအနေနဲ့ အရပ်သားပြည်သူတွေရော ကိုယ့်အင်အားကိုပါ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်ဖို့ သင့်လျော်သလို နည်းဗျူဟာများကို ဉာဏ်ပါပါနဲ့ လိုက်လျောညီထွေ ကျင့်သုံးကြဖို့ အရေးကြီးပါတယ်”ဟု ၎င်းက သတိပေးသည်။

ဆက်လက်ပြီး “တော်လှန်ရေးတစ်ခုဟာ နေ့ချင်းညချင်း အောင်မြင်ဖို့ စိတ်ကူးမယဉ်အပ်သလို တော်လှန်ရေး ရေချိန် လျော့မသွားဖို့၊ တော်လှန်ရေး ဇာတ်မျောမသွားဖို့အတွက်လည်း အထူးလုံ့လစိုက်ထုတ် ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ ပြည်သူများကလည်း တော်လှန် ရေးအတွက် တစ်လက်မမှ နောက်မဆုတ်ဘူး။ သွေးမအေးဘူး။ သွေးမကြောင်ဘူး။ သွေးမကွဲဘူးဆိုတဲ့ ခိုင်မြဲတဲ့ ဇွဲ၊ သတ္တိ၊ လုံ့လ၊ ဝီရိယနဲ့အတူ နေ့စဉ်နဲ့အမျှ တော်လှန်ရေးခရီးကို ရှေ့ဆက်ချီတက်နေကြမယ်လို့ လည်း အပြည့်အ၀ယုံကြည်ပါတယ်”ဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။

ယခု ၂၀၂၂ သည် ပြည်သူ့တော်လှန်ရေးအတွက် အဆုံးအဖြတ်ကျ အရေးပါသည့်နှစ်ဖြစ်ပြီး ဝိုင်း ဝန်းကြိုးပမ်းကြပါက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အခွင့်အရေးကောင်းကြီးမှာ လက်တကမ်းတွင်ရှိနေပြီဟု ဦးရည်မွန်က ဆိုသည်။

#People’s Spring