ၾကားသိသမွ်

“အထီးကျန်နိုင်ငံ” အဖြစ် ပိတ်ကစားတော့မယ့် စစ်ခေါင်းဆောင်

“အထီးကျန်နိုင်ငံ” အဖြစ် ပိတ်ကစားတော့မယ့် စစ်ခေါင်းဆောင်

သိပ်မကြာခင် တော်လှန်ရေးဟာ အရေးကြီးတဲ့ အချိုးအကွေ့နှစ်ခုကို ရောက်ပါလိမ့်မယ်။ ပြည်သူတစ်ရပ်လုံး ရွေးချယ်ကြရပါလိမ့်မယ်။ ရွေးချယ်မှု ပေါ်မူတည်ပြီး ၂၀၂၂ မှာ အာဏာရှင် ပြုတ်ကျ/ မကျ ရလဒ် ထွက်လာပါလိမ့်မယ်။

ပထမ တစ်ခုက တော်လှန်ရေး ဟာ ကိုယ်နဲ့ဆိုင်တယ်ဆိုတဲ့ အသိ လူတိုင်းမှာရှိလာဖို့ပါ။ တည့်တည့်ပြောရရင် အခုအချိန် တော်လှန်ရေးမှာ အသက်၊ ဘဝပါ ပေါင်းပြီး ရင်းတဲ့သူရင်း၊ ရှိသမျှ/ ရသမျှ ထိုင်လှူသူက လှူနေပေမယ့် ရာခိုင်နှုန်း ကြီးကြီး တစ်ရပ်ဟာ အခုအချိန်ထိ ဘေးကနေ ကြည့်နေဆဲပါ။

တော်လှန်ရေး၊ နိုင်ငံ့အရေးဟာ ကိုယ်နဲ့ မဆိုင်သလိုနေရင်း ပျော်လို့ ရသမျှ ပျော်ပျော်နေနေတုန်းပါ။ သိပ်မကြာခင်မှာ အာဏာရှင်ဟာ “အထီးကျန်နိုင်ငံ” အဖြစ် မုချ ပိတ်ကစားတော့မှာပါ။ မအလ ဟာ နိုင်စရာလည်း မရှိတော့သလို၊ သူ နိုင်မလား ကြိုးစားနေတဲ့ မျှော်လင့်ချက် လက်ကျန် ကုန်တာနဲ့ နိုင်ငံကို ပိတ်ကစားတော့မှာပါ။

၁၉၉၀ ဝန်းကျင် ကာလတွေဆီတောက်လျှောက် နိုင်ငံကို ဆွဲချသွားမှာပါ။ အထူးသဖြင့် လက်ရှိ ပြည်သူအများစု မှီခိုနေတဲ့ Digital စီးပွားရေး လုံးဝ(လုံးဝ) ပြိုလဲသွားပါလိမ့်မယ်။ Digital Entrepreneurs တွေ၊ အခု ၂၀၁၀-၂၀၂၀ ပွင့်လင်း ကာလမှာ ကိုယ့်အားကိုယ်ကိုး ကြီးပွားလာတဲ့ လူငယ်/ လူလတ် လုပ်ငန်းရှင်တွေ အားလုံး ရပ်သွားပါလိမ့်မယ်။

နောက်(၃) အတွင်းမှာ တော်လှန်ရေး ဟာ ပြည်သူတစ်ယောက် တိုင်းစီနဲ့ ဆိုင်တယ်၊ တော်လှန်ရေး မှာ လက်တွေ့ပါဝင်ဖို့ လိုတယ်ဆိုတဲ့ အသိ လူတိုင်းရှိလာ/ မရှိလာ ရွေးချယ်ကြရပါလိမ့်မယ်။

နောက်တစ်ခုက တော်လှန်စစ် ကို ခဏ အနာခံပြီး ကြိုမလား? ရှောင်မလား? ရွေးရပါတော့မယ်။ ​ကရင်၊ ကချင် တိုင်းရင်းသားတွေဟာ တော်လှန်စစ်ကို နှစ်ပေါင်း ၆၀ လောက် ခါးစည်းခံခဲ့ပြီးပါပြီ။

ရှမ်း(မြောက်)၊ ချင်း၊ စစ်ကိုင်း ဟာ တော်လှန်စစ်ကို ရွေးခဲ့ပါပြီ။ မကွေး က မြို့နယ်တွေ၊ တနင်္သာရီက မြို့နယ်တွေဟာ တော်လှန်စစ်ကို စပြီး တိုက်နေကြပါပြီ။

ရခိုင် မှာလည်း ရက္ခိုသ့်တော်လှန်ရေး လမ်းစဥ် ခိုင်ခိုင်မာမာရှိပြီးသားပါ။ ကရင်နီ(ကယား) ဆိုလည်း တစ်ပြည်လုံး ကြံ့ကြံ့ခံတိုက်နေပါပြီ။
နောက်(၃) လ လောက်အတွင်း ကျန်တဲ့သူတွေ တကယ် လက်တွေ့(လက်တွေ့) ရွေးချယ်ရပါလိမ့်မယ်။ အခု KNU တပ်မဟာ(၆) စတိုက်တာနဲ့ မြဝတီ လမ်းကြောင်း ပိတ်ပါပြီ။

နောင် ပဲခူးခရိုင်၊ တောင်ငူခရိုင် တပ်ရင်းတွေ၊ KNU တပ်မဟာ တွေတိုက်ပြီဆို အမြန်လမ်း လမ်းသစ်၊ လမ်းဟောင်း ပိတ်သွားတာမျိုး ဖြစ်လာမှာပါ။

ခဏတာ ပြည်သူတစ်ရပ်လုံး အနာခံမယ် ဆိုတဲ့စိတ်မျိုးရှိမှ တော်လှန်ရေး ဟာ မြန်မှာပါ။ စီးပွားရေး ထိလိမ့်မယ်၊ ကုန်သွယ်ရေး ထိလိမ့်မယ် … ခဏတာ အနာမခံနိုင်ဘူး ဆိုရင် အာဏာရှင်က ဖြည်းဖြည်းချင်း “အထီးကျန်နိုင်ငံ” အဖြစ်ဆွဲချသွားမှာပါ။

အနာမခံတဲ့ မြို့တွေအာဏာရှင် ယန္တရားအောက် ကျန်ခဲ့တာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ ပြည်သူတစ်ရပ်လုံးက တော်လှန်ရေးဟာ ငါတို့နဲ့ ဆိုင်တယ်၊ ငါတို့လည်း ပါရမယ် ဆိုတဲ့ ဆုံးဖြတ်ချက်၊ အနာဂတ်မှာကောင်းဖို့ တော်လှန်စစ် ကို ခဏတာ အနာခံပြီး ရင်းရမယ် ဆိုတဲ့ ဆုံးဖြတ်ချက်၊ မကြာခင် ရွေးချယ် ဆုံးဖြတ်ကြရပါလိမ့်မယ်။

ရွေးချယ်မှုတိုင်းဟာ အနာဂတ်ရလဒ် အပေါ်တိုက်ရိုက်သက်ရောက်ပါလိမ့်မယ်။

Zay Yar Tun