ၾကားသိသမွ်

ဗုံးပေါက်ကွဲမှု့ကို သွားကြည့်စဉ် ထပ်မံမိုင်းခွဲခံရပြီး ဗိုလ်ကြီး ၁ ဦး ခြေထောက်ဖြတ်ရဖွယ်ရှိ၊ ပြည်သူ့စစ် ၁ ဦးဂန့်၊ ၁ ဦး ဒဏ်ရာရ

ဗုံးပေါက်ကွဲမှု့ကို သွားကြည့်စဉ် ထပ်မံမိုင်းခွဲခံရပြီး ဗိုလ်ကြီး ၁ ဦး ခြေထောက်ဖြတ်ရဖွယ်ရှိ၊ ပြည်သူ့စစ် ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရ

ယနေ့မနက် ၁၁ နာရီ မိနစ် ၄၀ ခန့်က မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးကျေးရွာ အထက်တန်းကျောင်းအနီးရှိ စစ်ကောင်စီတပ် လုံခြုံရေးဂိတ်အနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုမှာ အသေးစားပေါက်ကွဲမှုဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ရာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ကြည့်ရှုချိန်၌ ပေါက်ကွဲမှုအကြီးစားထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်၏ ဗိုလ်ကြီးတစ်ဦးနှင့် ပြည်သူ့စစ်တစ်ဦး ဒဏ်ရာရကာ ပြည်သူ့စစ်တစ်ဦး သေဆုံးသွားကြောင်း သိရသည်။

” သေတဲ့ ပြည်သူ့စစ်က စကစလက်အောက်ခံ ဆင်ချောင်းပြည်သူ့စစ်က ဦးဇော်တင်ဆိုတဲ့သူ။ သူက ဒဏ်ရာနဲ့ပဲသေတာ။ ပွဲချင်းပြီးတော့ မဟုတ်ဘူး။ ဗိုလ်ကြီးတစ်ဦးလည်း ဒဏ်ရာရတယ်။ အသက်တော့ မစိုးရိမ်ရဘူးလို့လည်း ပြောသံကြားတယ်။ ဒါပေမဲ့ ခြေထောက်တော့ ဖြတ်ရနိုင်တယ်။ နောက်ထပ်ပြည်သူ့စစ်တစ်ဦးလည်း ဒဏ်ရာရသေးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒဏ်ရာရသော စစ်ကောင်စီတပ် ဗိုလ်ကြီးမှာ ခြေလျင်တပ်ရင်း ၂၅၇ မှ ဗိုလ်ကြီးဟိန်းထက်အောင် ဆိုသူဖြစ်ပြီး ခြေထောက်ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

ရေစကြိုမြို့နယ်အတွင်းရှိ ရေလည်ကျွန်းဒေသသို့လည်း စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းဖြင့် နယ်မြေရှင်းလင်းရေးအကြောင်းပြ မွှေနှောက်ဖျက်ဆီးနေပြီး ယနေ့တွင် စကစတပ်၏ ပစ်ခတ်မှုကြောင့် မိဖုရားရွာမှ အသက် ၇၀ ခန့်အရွယ် အဘိုးအို ဦးညဏ်ထွန်း သေဆုံးထားကြောင်း ကနဦးသိထားရသည်။

Photo-Local