ၾကားသိသမွ်

စစ်ကောင်စီကိုတိုက်ခိုက်ရန် အနည်းဆုံးမြို့နယ် ၂၅၀တွင် PDF တပ်များ ဖွဲ့စည်းနေပြီး တော်လှန်ရေးမုချ အောင်မြင်မည်ဟု CNF ဒုဥက္ကဋ္ဌ ပြော

စစ်ကောင်စီကိုတိုက်ခိုက်ရန် အနည်းဆုံးမြို့နယ် ၂၅၀တွင် PDF တပ်များ ဖွဲ့စည်းနေပြီး တော်လှန်ရေးမုချ အောင်မြင်မည်ဟု CNF ဒုဥက္ကဋ္ဌ ပြော

▪️တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ခြံစည်းရိုးခွမထိုင်ဘဲ လူထုဘက်ရပ်တိုက်ပွဲဝင်ရန် တိုက်တွန်း

▪️အိမ်နီးချင်းနိုင်ငံများ စစ်ကောင်စီနှင့် ဆက်ဆံမှုကို သုံးသပ်ပြီး ပြည်သူ့ဘက် ပြတ်သားစွာရပ်တည်ရန်လိုဟုဆို

မောင်မောင်/People’s Spring

အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ရန် နိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၃၃၀အနက် အနည်းဆုံးမြို့နယ် ၂၅၀တွင် ပြည်သူ့ကာကွယ်ရေးတပ်များ စနစ်တကျဖွဲ့စည်းနေပြီဖြစ်ကြောင်း စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ဒုတိယဥက္ကဋ္ဌ ဒေါက်တာရွှေခါးရ်က ပြောသည်။

မတ်လ ၂၀ရက်တွင် ကျရောက်သည့် ချင်းအမျိုးသားတော်လှန်ရေးနေ့တွင် ဒေါက်တာရွှေခါးရ်က မိန့်ခွန်းပြောကြားရာ၌ PDFနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များက စစ်ကောင်စီအင်အားပြုန်းတီးအောင် တိုက်ခိုက်နေမှုနှင့် PDFများ ဖွဲ့စည်းမှု အခြေအနေများကို ထည့်သွင်းပြောဆိုခဲ့သည်။

“ ၂၀၂၁ ဖေဖော်ဝါရီလမှာ မင်းအောင်လှိုင် အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ ကလေးလူကြီးအပါအဝင် လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် ရရာ လက်နက်ကိုင်စွဲပြီး စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေးအတွက် တော်လှန်ရေးတိုက်ပွဲဆင်နွှဲတာကို ကျွန်တော်တို့ တွေ့ရမှာဖြစ်ပါတယ်” ဟု ဒေါက်တာရွှေခါးရ်က ပြောသည်။

တော်လှန်ရေးအောင်မြင်ရန် အသွင်အမျိုးမျိုးဖြင့် လုပ်ဆောင်နေကြသည့် အင်အားစုများအကြား စည်းလုံးညီညွတ်မှု နှင့် အချိတ်အဆက်ရှိမှုသည် အရေးကြီးကြောင်း ၎င်းက ဆိုသည်။

“ယခုလက်ရှိ ပြည်ထောင်စုမြန်မာနိုင်ငံအခြေအနေကို လေ့လာကြည့်ပါကလည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ပြည်သူလူထု တစ်ရပ်လုံးပါဝင်တဲ့ တစ်မျိုးသားလုံးအုံကြွမှု အသွင်ဖြင့် တော်လှန်ရေးဆင်နွှဲနေတာကို ကျွန်တော်တို့ တွေ့ရမှာဖြစ်ပါတယ်။

မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက်မှာ အနည်းဆုံး မြို့နယ် ၂၅၀မှာ ပြည်သူ့ကာကွယ်ရေးတပ်များ စနစ်တကျ ခိုင်ခိုင်မာမာ ဖွဲ့စည်းနေပြီဖြစ်ပါတယ်” ဟု ဒေါက်တာရွှေခါးရ်က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေဖြင့်လည်းတက်နိုင်သည့်ဘက်က အကူအညီများပေးနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရသည်လည်း နိုင်ငံတကာ အသိအမှတ်ပြုမှု ပိုမိုရရှိလာကြောင်း ၎င်းကဆိုသည်။

“ပြည်သူ့ကာကွယ်ရေးတပ်များလည်း နိုင်ငံတဝှမ်း၌ ဖွဲ့စည်းအမြစ်တွယ်လာပြီးတော့လက်နက် ပစ္စည်းကိရိယာများ၊ စစ်သေနင်္ဂဗျူဟာများနဲ့ စစ်ပွဲအတွက် လိုအပ်သော ပညာဆိုင်ရာများကိုလည်း တီထွင်ကြံဆလာပြီး ပိုမိုတိုးတက် အားကောင်းလာတာကို တွေ့ရမှာဖြစ်ပါတယ်” ဟု ဒေါက်တာရွှေခါးရ်က ပြောသည်။

၂၀၂၁ စက်တင်ဘာ ၇ရက်က ပြည်သူ့ခုခံတော်လှန်စစ်ကြေညာပြီး စစ်ကောင်စီကိုလက်နက်ကိုင် တိုက်ခိုက်ခဲ့ရာ ခြောက်လအတွင်း စစ်ကောင်စီတပ်သား တစ်သောင်းကျော်သေဆုံးပြီးဖြစ်ကြောင်း၎င်း ကဆိုသည်။

“တချို့သုတေသီများဟာဆိုရင် ပေါ့ဆစွာနဲ့ စစ်ကောင်စီရဲ့အင်အားကို အဆမတန် ချဲ့ကားပြီးခန့်မှန်းကြပါတယ်။ တကယ့် ပကတိ အခြေအနေမှာ လူဦးရေအရသော်လည်းကောင်း၊ စွမ်းရည်အရသော်လည်းကောင်း ခန့်မှန်းထားတဲ့အတိုင်း မဟုတ်ပါဘူး။”ဟု CNF ဒုဥက္ကဋ္ဌက ပြောသည်။

အခြားတစ်ဖက်တွင် စစ်ကောင်စီသည် အာဏာသိမ်းမှု အောင်မြင်ရေးသည် စစ်အာဏာရှင်များအတွက် သေရေးရှင်ရေးတမျှ ဖြစ်လာ၍ ရက်စက်ကြမ်းကြုတ်မှုများ အစွန်းဆုံးထိ အသုံးပြုပြီး တော်လှန်ရေးအင်အားစုများကို ချေမှုန်းနေကြောင်း ၎င်းကဆိုသည်။

စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရန်၊ တိုင်းရင်းသားအဖွဲ့များနှင့် NUG၊ PDF များအကြား ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်ရန် ဖိအားပေး ကြိုးပမ်းဆောင်ရွက်ချက်များ ပြုလုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ဒေါက်တာရွှေခါးရ်က ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အထူး သဖြင့် CNF၊ KIA၊ KNPP၊KNU နှင့် PDFများသည် ပူးတွဲ စစ်ဆင်ရေး များ ပြုလုပ်ပြီး စစ်ကောင်စီတပ်များကို တိုက်ခိုက်နေပြီး ပြည်သူလူထု၏ ထောက်ခံမှု အပြည့်အ၀ရရှိထားကြောင်း ၎င်းက ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် မြို့ကြီးများမှ အပ ကျန်နယ်မြေများကို ထိန်းချုပ်နိုင်ပြီး ပြည်သူ့အုပ်ချုပ်ရေးစနစ် ထူထောင်ဖွဲ့စည်းလျက်ရှိကြောင်း၊ စစ်ကောင်စီက မည်မျှပင်ခြိမ်းခြောက်စေကာမူ ပြည်သူလူထု၏ စစ်အာဏာရှင် ခြေမှုန်းရေးစိတ်ဓာတ် ခံယူချက်များက လျော့မသွားဘဲ ခိုင်မာနေဆဲဖြစ်ကြောင်း ဒေါက်တာရွှေခါးရ်က ပြောကြားသည်။

“ဒါကြောင့် ဒီတော်လှန်ရေးဟာ မအောင်မြင်နိုင်စရာ အကြောင်းလုံး၀မရှိပါဘူး။ အောင်ကို အောင်မြင်ရလိမ့်မယ်ဖြစ်ပါတယ်”ဟု၎င်းက ဆိုသည်။

အဆိုပါ အခြေအနေအောက်တွင် တော်လှန်ရေး၌ ပါဝင်ခြင်းမရှိသည့် လူထုများအနေဖြင့် တွေဝေခြင်းမရှိဘဲ အမှန်တရားဘက်၌ ရပ်တည်ထောက်ခံပေးကြရန် ၎င်းက တိုက်တွန်းသည်။

အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသူများအနေဖြင့်လည်း စစ်ကောင်စီနှင့်လမ်းခွဲပြီး အမှန်တရားဘက်၌ ပြတ်သားစွာ ရပ်တည်ကြရန် ဒေါက်တာရွှေခါးရ်က ပြောသည်။

“တချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဟာ ယခု ဖြစ်နေတဲ့ ပြဿနာကို မိမိနဲ့ မသက်ဆိုင်သလို ခြံစည်းရိုးခွထိုင်ပြီးတော့ ဘေးထိုင်ဘုပြောနေမယ့်အစား ပြည်သူလူထုဘက်မှာ ရပ်တည်ပြီးတော့ တိုက်ပွဲဝင်ကြဖို့ ကျွန်တော်တိုက်တွန်းလိုပါတယ်”ဟု ၎င်းကဆိုသည်။

အာဆီယံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့်လည်း မြန်မာနိုင်ငံ ပြဿနာကို ကြားဝင်ဖြေရွင်းပေးရန် ကြိုးပမ်းမှုအေပါ် ကြိုဆိုကြောင်း၊ စစ်ကောင်စီ ဗဟိုပြုမှုမြိုးမဟုတ်ဘဲ အားလုံးပါဝင်သည့် ချဉ်းကပ်နည်းကို အသုံးပြုဆောင်ရွက်ရန်လိုကြောင်း CNF ဒုဥက္ကဋ္ဌက တိုက်တွန်းသည်။

“နိုင်ငံတကာ အသိုင်းအဝိုင်း အထူးသဖြင့် အိမ်နီးချင်းနိုင်ငျံမားအနေဖြင့်လက်ရွိ စစ်ကောင်စီနဲ့ ဆက်ဆံနေတဲ့ အနေအထားကို ပြန်လည်သုံးသပ်ပြီးတော့ ပြည်သူလူထုဘက်မွာ ပြတ်ပြတ်သားသား ရပ်တည်ရန် ပြောကြားလိုပါတယ်။ တော်လွန်ရေးစစ်ပွဲမုခေအြာင်မြင်ရမယ်” ဟု ဒေါက်တာရွွေခါးရ်က ပြောကြားသည်။