ၾကားသိသမွ်

တိုင်းပြည် နာမကျန်းဖြစ်နေချိန် ရုပ်ရှင်သွားကြည့်မည်မဟုတ်ဟု ရုပ်ရှင်ပရိသတ်များပြော

တိုင်းပြည် နာမကျန်းဖြစ်နေချိန် ရုပ်ရှင်သွားကြည့်မည်မဟုတ်ဟု ရုပ်ရှင်ပရိသတ်များပြော

မြန်မာနိုင်ငံတဝန်း ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ဖို့ ကြေညာထားတဲ့အပေါ် တိုင်းပြည်နာမကျန်းဖြစ်နေတဲ့ ခုလိုအခြေအနေကြား ရုပ်ရှင်သွားကြည့်မှာ မဟုတ်ဘူးလို့ ရုပ်ရှင်ကြည့်ပရိသတ် ပြည်သူအများစုက ပြောကြပါတယ်။

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်က အသက် ၃၂ နှစ်အရွယ် မမြနှင်းက “ခုလိုအချိန်မျိုး တိုင်းပြည်နာမကျန်းဖြစ်နေချိန်မှာ ဘယ်လိုစိတ်မျိုးနဲ့ သွားကြည့်ကြမလဲ။ ကြည့်ရဲတဲ့ ကြည့်ကြမယ့် သူတွေရဲ့ စိတ်တွေကိုလည်း အံ့ဩပါရဲ့။ ကျမက ပုံမှန် ရုပ်ရှင် မလွတ်တမ်းကြည့်တတ်တဲ့သူ။ ခုချိန်မှာ ရုပ်ရှင်၊ ဂီတ၊ အပျော်အပါး၊ ယုတ်စွအဆုံး စာတောင် ပုံမှန်ဖတ်ဖို့ အတော်ကြိုးစားယူရတယ်။ စားလည်း ဒီစိတ်၊ သွားလည်း ဒီစိတ်နဲ့ တော်လှန်ရေးအောင်မြင်ဖို့ လိုတယ်။ ဘယ်နေရာကမှ မပါဘဲနဲ့ နိုင်ချင်နေလို့တော့ မရဘူးလေ။ ခုတော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်နေကြတဲ့ ရှေ့တန်းက လူငယ်တွေကိုလည်း အားနာတတ်ကြစမ်းပါဦး” လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။


စစ်ကောင်စီကတော့ လာမယ့် ဧပြီ ၁၇ မြန်မာနှစ်ဆန်း ၁ ရက်ကစလို့ နိုင်ငံတဝန်း ရုပ်ရှင်ရုံပေါင်း ၆၀ လောက် ပြန်လည်ဖွင့်လှစ် ပြသသွားဖို့နဲ့ မဖွင့်တဲ့ရုံတွေကို ပိတ်သိမ်းမယ်လို့ ဖိအားပေးထားပြီး သရုပ်ဆောင် လူမင်းနဲ့ ရွှေမှုန်ရတီ ပါဝင်ထားကြတဲ့ ဝေးမနေချင်ဘူးဇာတ်ကားကို ပွဲဦးထွက်ပြသဖို့ ကြော်ငြာထားပါတယ်။

ရန်ကုန်က အသက် ၂၇ နှစ်အရွယ် ကိုကောင်းမြတ်မိုးကတော့ “ကျနော်ကတော့ နဂိုတည်းက မြန်မာရုပ်ရှင်၊ ဇာတ်လမ်း၊ ဇာတ်ကား ဘာဆိုဘာမှ မကြည့်ဘူး။ အဲဒီတော့ ရှင်းတယ်။ ခု ရန်ကုန်မှာ ဘာကားပြပြ သွားကြည့်ဖို့ အစီအစဉ်လည်း မရှိဘူး။ ကြည့်ကြမယ်လို့ ဆုံးဖြတ်ထားကြရင် ကိုယ့်အသက်အန္တရာယ် ကိုယ်ကြိုတွေးထားကြလို့ပဲ ပြောဖြစ်တယ်။ လုံခြုံနေသလား၊ အေးချမ်းနေသလား၊ ပျော်နေကြသလားပေါ့။ ခုစစ်(——) ကောင်စီက ပြမယ်လို့ ကြေညာထားတဲ့ ကားတွေက ပိုင်တံခွန်တို့ ဖွေးဖွေးတို့ အဲလိုပရိသတ်ကြိုက်တဲ့ သူတွေကို ခုတုံးလုပ်ပြီး ကျုံးသွင်းတဲ့ လုပ်ရပ်ဗျ” လို့ ပြောပါတယ်။


စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်က ထုတ်လုပ်ရေး လုပ်ငန်းရှင်တွေကို ရုပ်ရှင်အစည်းအရုံး အစည်းအဝေးခန်းမကို ဖိတ်ခေါ်ပြီး ရုံတင်ဖို့ ကျန်ရှိတဲ့ ဇာတ်ကားတွေကို ပြသဖို့ ဖိအားပေး ခြိမ်းခြောက်ခဲ့တယ်လို့လည်း အနုပညာ အသိုင်းအဝိုင်းက ဒီဗွီဘီကို ပြောပါတယ်။

ရုံတင်ပြသဖို့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်သူတွေ၊ ဒါရိုက်တာတွေဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးကြောင့် ဖမ်းဆီးခံထားရသူတွေလည်း ရှိနေပြီး ထွက်ပြေး တိမ်းရှောင်နေရသူတွေလည်း ရှိနေတဲ့အတွက် သူတို့ပါဝင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကလွဲလို့ ကျန်တာကို အရင်ပြသကြဖို့၊ ဒါ့အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်ခဲ့သူတွေ ပါဝင်တဲ့ ဇာတ်ကားတွေကိုလည်း ပြသနိုင်အောင် ပြန်လည်စိစစ်ပေးမယ်လို့ ပြောဆိုထားတယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ ရုပ်သံရိုက်ကူးသူ ဒါရိုက်တာတယောက်ကတော့ “ပြချင်တာပြဗျာ။ အစတည်းက ရှုံးတာ၊ ထပ်ဆင့်တိုး ရှုံးဦးမှာ။ ရုပ်ရှင်လောကဆိုတာ နဂိုကမှ အကျဘက်ကို ဦးတည်နေတာ။ ပြီးခဲ့တဲ့ အရပ်သားအစိုးရ ၅ နှစ်သက်တမ်းတွင်းမှာ ဦးမော့လာဖို့ အစပျိုးရုံလေးရှိသေးတာ။ ဘယ်မှာလဲ အဆင့်အတန်းရှိတဲ့ မြန်မာရုပ်ရှင်။ ဘယ်မှာလဲလို့ ပြန်မေးနေရတာကနေ အပြောင်းအလဲတွေနဲ့ ရေစီးကြောင်းတခုကို ဦးတည်နေကာမှ ကိုဗစ်ကြောင့်တခါ၊ ခုတခါကတော့ အာဏာရူးတွေကြောင့်တခါ မြောင်းထဲထပ်ရောက်။ ခုချိန်ပြတဲ့ ထုတ်လုပ်သူ၊ ရုံပိုင်တွေနဲ့ ဘာမှမဖြစ်သယောင် အဖြူရောင်အနုပညာရှင်တွေကိုလည်း မှတ်လောက်သားလောက်အောင် လုပ်ကြရမှာက ကျနော်တို့ဆိုတာထက် အားပေးတဲ့ပရိသတ်ပဲ။ ပြည်သူထဲကလာတဲ့ ပရိသတ်က ဒါကို ရန်၊ ငါပြတ်အောင် စည်းမထားခဲ့ဘူးဆိုရင်တော့ ရွှေပြည်တော် မျှော်တိုင်းဝေးနေမှာဗျ။ ဒါပဲ ပြောချင်ပါတယ်။ ရုပ်ရှင်ရုံတွေ ကြိတ်ကြိတ်တိုး စည်ကားနေရင် ခင်ဗျားတို့ ပါဝင်နေတဲ့ တော်လှန်ရေးက ဘာလဲ။ မျှော်လင့်ထားတဲ့ တိုင်းပြည်က ဘယ်လိုမျိုးလဲ၊ ပြန်မေးတတ်ကြဖို့ပဲ ပေါ့ဗျာ” လို့ ပြောပါတယ်။

ဒါ့အပြင် လက်ရှိကာလမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားမှုမှန်သမျှကို ဆန့်ကျင်နေကြတဲ့ ပြည်သူတွေဟာ အမှန်တရားဘက် ပြတ်ပြတ်သားသား မရပ်တည်ကြတဲ့ အနုပညာရှင်တွေကို လူမှုပြစ်ဒဏ် ချမှတ်တာတွေကိုလည်း စဉ်ဆက်မပြတ် လုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတဲ့ နာမည်ကျော် အနုပညာရှင်တွေကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာ ၃၀ ရက်ကတော့ အင်းစိန်ထောင်တွင်း အထူးတရားရုံးက ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ရဲတိုက်၊ ပိုင်တံခွန်၊ ပိုပို၊ စောဖိုးခွား၊ ဝင်းမင်းသန်းတို့ကို ထောင်ဒဏ် ၃ နှစ်စီ ကျခံစေဖို့ ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ပြီး သိပ်မကြာခင်ကတော့ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်းနဲ့ ပိုင်တံခွန်တို့ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီက မတ်လ ၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

လတ်တလော အကြမ်းဖက်စစ်ကောင်စီက ပြသဖို့ ကြေညာထားတဲ့ ရုပ်ရှင်ကားတွေထဲမှာတော့ ပြည်သူ့ဘက်တော်သား သရုပ်ဆောင် အနုပညာရှင်တွေဖြစ်တဲ့ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ဖွေးဖွေးနဲ့ ပိုင်တံခွန် စတဲ့ သရုပ်ဆောင်တွေရဲ့ ဇာတ်ကားတွေ ပါဝင်နေတဲ့အပေါ်လည်း ပြည်သူတွေက တဖက်လှည့်နဲ့ စည်းရုံးနေတာလို့ရှုမြင်နေကြသူတွေလည်း ရှိနေပါတယ်။

တိုင်းပြည်မတည်ငြိမ်မှုတွေနဲ့ နိုင်ငံတဝန်း စစ်မီး တောက်လောင်နေချိန်မှာ အပျော်အပါးကြောင့် နောက်ဆက်တွဲ ရင်ဆိုင်ရမယ့် အန္တရာယ်တွေလည်း ရှိနေတယ်လို့ ရုပ်ရှင်ကြည့်ပရိသတ်တွေက ပြောပါတယ်။DVB