ၾကားသိသမွ်

မော်ခီးစခန်းကို ပြန်သိမ်းရန် ဥကရစ်ထစခန်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားရောက်ရှိနေဟု KNU ပြော

မော်ခီးစခန်းကို ပြန်သိမ်းရန် ဥကရစ်ထစခန်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားရောက်ရှိနေဟု KNU ပြော

ဧပြီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ပြီးခဲ့သည့် မတ်လတတိယအပတ်က ကျသွားသည့် မော်ခီးစခန်းကို ပြန်သိမ်းယူရန် စစ်ကောင်စီ တပ်ဖွဲ့ဝင်အများ အပြားသည် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA ထိန်းချုပ်နယ်မြေရှိ ဥကရစ်ထစခန်းသို့ ရောက်ရှိလာကြောင်း နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်မှူးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ် သောင်ရင်း မြစ်တဖက်ကမ်းမြန်မာဘက်ခြမ်း ကျောက်ခက်မှ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ဝင်ရောက်၍ DKBA ဌာနချုပ် တည်ရှိရာ ဆုံဆည်းမြိုင်အနီး၊ မောကဲထိုင်းနေရာမှ မြန်မာဘက်ခြမ်းသို့ပြန်ဝင်ရောက်လာပြီး ၎င်းတို့ကို DKBA စစ်ဦးစီးချုပ် ကိုယ်တိုင် ဥကရစ်ထစခန်းကို ကူညီပို့ဆောင်ပေးခဲ့ကြောင်း KNLA တပ်မှူးတစ်ဦးက ယခုလိုပြောသည်။

“ကျနော်တို့ သတင်းရထားတာက DKBA ဦးစီးချုပ် စောစတီးကိုယ်တိုင် မောကဲထိုင်းကနေ ဥကရစ်ထ စခန်းကို သွားပို့ပေးတယ်။ သူတို့ ဝင်လာတာ နှစ်ခါရှိပြီး။ ပထမ တစ်ခါတုန်းက အယောက် ၆၀ ရှိတယ်။ ဒီမနက် ၅ နာရီလောက်ကလည်း နောက်တစ်ဖွဲ့ကူးလာပြန်ပြီးဆိုပြီး DKBA က လှမ်းပြောတယ်။ အယောက်တစ်ရာကျော်တယ်လို့ ပြောတယ်။ သူတို့က မောခီးစခန်းကို ပြန်တက်မလို့ လုပ်နေတာ။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ပထမတစ်ဖွဲ့မှာ ဝေါလေဗျူဟာကုန်းသို့ ရောက်ရှိနေပြီဖြစ်ပြီး ယနေ့ နံနက်ရောက်ရှိလာသူများမှာ ဥကရစ်ထစခန်းတွင် ဝင်ရောက်နေကြောင်း နှင့် ခြေမြန်၊ ခြေလျင်တပ်ရင်းအစုံဖြင့် စုဖွဲ့ထားသော တပ်ဖွဲ့ဝင်များဖြစ်ကြောင်းလည်း အဆိုပါ တပ်မှူးက ဆက်ပြောသည်။


မြဝတီတောင်ဘက် ဒေသအတွင်း နယ်မြေရှင်းလင်းမှုများကို စစ်ကောင်စီက နှစ်လအတွင်း အပြီးအစီး လုပ်ဆောင်သွားမည်ဟု သတင်းရရှိကြောင်းလည်း KNLA ဘက်က ပြောသည်။

ထိုသို့ DKBA ၏ အကူအညီဖြင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း KNLA ဘက်က ပြောဆိုမှုနှင့် ပတ်သက်၍ DKBA စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး စောစတီးကမူ ၎င်းပြောဆိုမှုမှာ မဟုတ်မမှန် သည့်စွပ်စွဲချက်သာဖြစ်ကြောင်း ယခုလို ပြောဆိုထားသည်။

“ဗမာ(စစ်တပ်) တွေ ရွာထဲတောင် ဝင်မလာပါဘူး၊ တောင်ပေါ်ဘက်မှာပဲ ရောက်နေတာ။ ဝင်လာ တာကိုတောင် ကျနော်တို့ မသိဘူး။ မပြောတတ်ပါဘူး။ ဒီမှာ ကျနော်နေတာ ကျနော် ဗမာ(စစ်တပ်) တွေကို ပို့ပေးတယ်ဆိုပြီး ခဏခဏ ပြောနေကြတာ။ ကျနော်ဘာသာအိမ်မှာနေတာ ကျနော်ဘာမှ တောင် မသိဘူး။ အိမ်အောက်တောင် မဆင်းဘူး။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ သတင်းသည် သတင်းအမှားသာဖြစ်ပြီး ၎င်းအနေဖြင့် ထိုလုပ်ရပ်မျိုးကိုလည်း လက်ခံခွင့်ပြု သွားမည်မဟုတ်ကြောင်းနှင့် DKBA အနေဖြင့် ပြည်သူလူထုများ အေးအေးချမ်းချမ်း နေထိုင်လုပ်ကိုင်စား သောက်ခွင့်ရအောင် နေထိုင်နေပြီး လက်ရှိကိစ္စများတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်းလည်း စစ်ဦးစီး ချုပ် ဗိုလ်ချုပ်ကြီး စောစတီးက ဆက်ပြောသည်။


ဝေါလေဒေသရှိ အမည်မဖော်လိုသူ ဒေသခံကျေးရွာခေါင်းဆောင်တစ်ဦးကတော့ ” စစ်တပ်က ဝင်လာ တာမှန်တယ်။ ဥကရစ်ထမှာတစ်နေရာ၊ ဝေါလေ ကာစီနိုဂိတ်ဘက်မှာ ဝင်လာတာ သေချာတယ်။ ဘာဖြစ်လို့ပြောနိုင်လဲဆိုတော့ ဗမာစစ်သားတွေ ချောင်းကူးပြီး သူတို့ယူနီဖောင်းတွေ ရေစိုတာ ရွာသားတွေ အသေအချာကို မြင်ခဲ့တယ်။ အခုအခြေအနေက တအားရှုပ်ထွေးနေတော့ ဘယ်သူ့ကို ယုံကြည်အားကိုးရမှန်းမသိတော့ဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၁ရက်နေ့က မောခီးအခြေစိုက် စစ်ကောင်စီစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်အမြောက်အများ သိမ်းဆည်းရမိလိုက်သည့်အပေါ် စစ် ကောင်စီဘက်မှ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရန် အင်အားအလုံးအရင်းဖြင့် တက်ရောက်ရန် ကြိုးစား နေကြောင်း သိရသည်။

ထိုသို့ အင်အားအလုံးအရင်းဖြင့် ကြိုးစားဝင်ရောက်ရန် ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ကို ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့က KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၀ ကျော်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သေးပြီး ၎င်းအပေါ် စစ်ကောင်စီ ဘက်မှ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့် ပြန်လည်တုန့်ပြန်တိုက်ခိုက်ခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လူမှုစာမျက်နှာပေါ်တွင် ပျံ့နှံ့လာသည့် သတင်းစကားများအရ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိုင်းဘက်ခြမ်းမှ ဝင်ရောက်၍ မောခီးစခန်းရှိရာသို့ ဦးတည်သွားလာနေကြောင်း သတင်းများထွက်ပေါ်ခဲ့သေးသလို ၎င်းကိစ္စသတင်းထွက်ပေါ်နေမှုကိစ္စနှင့်ပတ်သက်၍ ကေအိုင်စီ -ကရင်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ပြီးခဲ့သည့် တိုက်ပွဲ မပြင်းထန်မီ ကာလများတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ထွက်သွားလာမှုကို DKBA အဖွဲ့မှ လုံခြုံရေးရယူပေးသည့် ဖြစ်စဉ်များရှိခဲ့ဖူးသည်ဟု သတင်းများထွက်ပေါ်လာခဲ့သေးသည်။ လက်ရှိ ဖြစ်ပွားနေသည့် ဒေသတွင်းတိုက်ပွဲများတွင်လည်း DKBA တပ်ဖွဲ့ဝင်တချို့ မှ KNLA ဘက် ပူးပေါင်းတိုက်ခိုက်မှုများလည်းရှိနေပြီး အဆိုပါ ပူးပေါင်းမှုကြောင့် DKBA တပ်မှူး ၃ ဦး အဖွဲ့အစည်းမှ ထုတ်ပယ်ခံလိုက်ရသေးသည်။

#KIC
Photo-KNDO