ၾကားသိသမွ်

နိုင်ငံကို Police state ဖြစ်အောင် သွပ်သွင်းလိုက်ခြင်းရဲ့ နောက်ကွယ်

အုပ်ချုပ်သူ လူတန်းစားသည် အုပ်ချုပ်ခံ လူ့အဖွဲ့ အစည်း နှင့် လွတ်လပ်ခွင့်များအား အဆုံးစွန်အထိ ထိန်းချုပ် နိုင်ရန် ထောက်လှန်းရေး အဖွဲ့အစည်းများ သာမက ယန္တယား မှန်သမျှ အသုံးချလာခြင်းကို ခေါ်ဆိုသည်ဟု အဓိပ္ပါယ် ဖွင့်ဆိုထားခဲ့သည်။

ရဲတပ်ဖွဲ့ကို လက်ကိုင်တုတ် လုပ်၍ ဖိနှိပ်ချုပ်ချယ်ခြင်းဖြင့် အကြွင်းမဲ့ နိုင်ငံရေးအာဏာ ကျင့်သုံး အုပ်ချုပ်သည့် နိုင်ငံဟူ၍လည်း ပြော၍ရပေသည်။

မတ်လ ၂၅ ရက်နေ့တွင် မင်းအောင်လှိုင် ထုတ်ပြန်ခဲ့သော အခန်း ၁၈ ခန်းပါ ရဲဥပဒေသစ်သည် သာမန် ကြည့်မည် ဆိုက ရဲတပ်ဖွဲ့အား ကာကွယ်ရေး ဦးစီးချုပ် ဆိုသူ၏ စီမံခန့်ခွဲမှု အောက်သို့ သွတ်သွင်း လိုက်ခြင်းဟု ယူဆစရာ ရှိသော်လည်း အသေအချာ လေ့လာကြည့်မည်ဆိုလျှင် ရဲတပ်ဖွဲ့ ဝင် တဦးသည် တရားဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ်မှု ရရှိရေးတို့ တွင်သာမက နိုင်ငံတော် လုံခြုံရေး နှင့် ကာကွယ်ရေး များနှင့် သက်ဆိုင်သော ကိစ္စရပ်များတွင်ပါ တာဝန် ရှိသည်ဟု ဆိုထားသည်။

ရဲတပ်ဖွဲ့ဝင် တဦးသည် ယခုအခါ နိုင်ငံ‌တော် လုံခြုံရေး အတွက်ဆိုကာ ဝရမ်းမလိုဘဲ လူတဦးကို လမ်းပေါ်တွင် အချိန်မရွေး ဖမ်းဆီးစစ်ဆေးနိုင်သည်။ အိမ်များထဲ ဝင်ရောက်ရှာဖွေ စစ်ဆေးနိူင်ခွင့် ပေးလိုက်ခြင်းဖြစ်သည်။

ယင်း သည် နိုင်ငံအား police state အဖြစ် ဗြောင်ကျကျ သွပ်သွင်းလိုက်ခြင်း ဖြစ်၍ နိုင်ငံသားတို့၏ ဘဝ လုံခြုံရေး အတွက် လွန်စွာ ကြီးမားလှသော အန္တရာယ်ကြီး ကျရောက်လာခဲ့ခြင်းပင် ဖြစ်သည်။

နိုင်ငံတကာ ရှိ လူ့အခွင့်အရေး ကာကွယ်ရေး အဖွဲ့များကလည်း စစ်ကောင်စီ၏ အလွန်အကျွံ လုပ်ရပ် များကို စောင့်ကြည်လျှက် ရှိကြရာမှ မြန်မာ တာဝန်ခံမှု ဖြစ်ပေါ်ရေး ပရိုဂျက် အဖွဲ့ Myanmar Accountability Project (MAP) မှ ရေကြည်အိုင် စစ်ကြောရေး စခန်း၏ ရက်စက်ကြမ်းကြုပ်လှသည့် လုပ်ရပ်များ အတွက် တူရကီရှိ အစ္စတန်ဘူလ် တရားရုံးတွင် ရာဇဝတ်ကြောင်းဖြင့် တရားစွဲဆိုလိုက် ပြန်ပြီ ဖြစ်သည်။

ကုလ လူ့အခွင့်အရေး အဖွဲ့ကြီး၏ အစီရင်ခံစာတွင်လည်း စစ်ကောင်စီ တပ်များ၏ ရိုက်နှက် စစ်ဆေးခဲ့ မှုများကြောင့် ကလေးသူငယ် ၂၆ ဦး အပါအဝင် လူပေါင်း ၃၂၅ ဦး သေဆုံးခဲ့ပြီး ဖြစ်သည်ဟု သက်သေ အထောက်အထားများ နှင့် ထုတ်ပြန်လာခဲ့သည်။

အာဏာသိမ်း စစ်ကောင်စီ ကို တူရကီ ကဲ့သို့ ပြင်ပနိုင်ငံတနိုင်ငံ၏ တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးတင် တရားစွဲဆိုလာခဲ့ခြင်း ဖြစ်သည်။
တူရကီ အား ရွေးချယ်ခဲ့ရခြင်းမှာ နိုင်ငံအများအပြားနှင့် တရားခံများ အပြန်အလှန် ဖလှယ်ရေး စာချုပ်များ ချုပ်ဆိုထားပြီး ဖြစ်သောကြောင့်ဟု MAP အကြီးအကဲ ခရစ်စတိုဖာ ဂန်းနက်စ် က ရှင်းပြခဲ့သည်။

တူရကီ တရားသူကြီးများက ပြစ်မှု ထင်ရှားကြောင်း တွေ့ရှိ၍ ဖမ်းဝရမ်း ထုတ်လာမည်ဆိုက တူရကီ မြေပေါ် ခြေမချခဲ့လျှင်ပင် ၎င်းတို့နှင့် စာချုပ် ချုပ်ဆိုထားသော နိုင်ငံများသို့ အလိုရှိသူများ ရောက်ရှိ လာပါက ဖမ်းဆီး‌ပို့ဆောင်ပေးရန် တာဝန် ရှိလာပြီ ဖြစ်သည်။

ယနေ့ထုတ် အ‌မေရိကန်ရှိ အထင်ကရ သတင်းစာကြီးများ ဖြစ်သော ဝါရှင်တန် ပို့စ် နှင့် နယူးယောက် တိုင်းမ် သတင်းစာများတွင် မြန်မာ ပြည်သူ တို့၏ ခုခံစစ်ကို ကိုယ်တိုင် ကိုယ်ကျ သွားရောက် သတင်း ယူကာ ဓါတ်ပုံများ နှင့် တကွ ဆောင်းပါးရှည်ကြီးများနှင့် အပြိုင်အဆိုင် ဖေါ်ပြလာခဲ့ကြသည်ကို တွေ့ရသည်။

အဆိုပါ သတင်းစာများ မှ PDF များ၏ အင်အားသည် ယခုအခါ ၂၅,၀၀၀ ခန့် ရှိလာနေပြီး သူတို့နှင့် လက်တွဲနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အင်အားသည် ၃၀,၀၀၀ ခန့်အထိ ရှိနေပြီ ဖြစ်သည်ဟု ဖေါ်ပြထားခဲ့သည်။

အမျိုးသား ညီညွတ်ရေး အစိုးရ သည် ပြည်သူများ ရွေးချယ်တင်မြှောက်ထားသော ကိုယ်စားလှယ်များ နှင့် ဖွဲ့စည်းထားခဲ့သော်လည်း နိုင်ငံတကာ အစိုးရများ၏ အသိအမှတ် ပြုခြင်း မခံရသေး၍ လက်နက် များ တရားဝင်လမ်းကြောင်းမှ ဝယ်ယူ၍ မရဖြစ်နေသဖြင့် မှောင်ခိုဈေးမှ ဝယ်ယူနေရဆဲဖြစ်ပြီး ယခု အချိန်အထိ ပြည်သူများ ထည့်ဝင်လှူဒါန်း ရရှိသော ငွေများထဲမှ ဒေါ်လာ သန်း ၃၀ ခန့် သုံးစွဲခဲ့ပြီး ဖြစ်သော်လည်း တနေ့တခြား တိုးပွားလာနေသော PDF တပ်ဖွဲ့ဝင်များကို လောက်ငှအောင် ပေးနိုင်ခြင်း မရှိသေးဟု သိရကြောင်းလည်း ရေးသားထားခဲ့သည်။

စစ်တပ်၏ အာဏာသိမ်း ခဲ့မှုကြောင့် ဖေ့စ်ဘုတ်မသုံးရ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခန်းခြောက်လာ နေသည့် ဘဝနှင့် နေသွားရတော့မည်သာမက မင်းအောင်လှိုင်၏ စိတ်ကူးပေါက်ရာ အတွေးများနှင့် အုပ်ချုပ်ခံ ဘဝမျိုး နေရမည့် ‌အရေးကို တွေးပင် မတွေးဝံ့အောင် ဖြစ်လာနေကြသည်ကို သတင်း သမားများ ‌လေ့လာသိရှိခဲ့ကြပြီ ဖြစ်သည်။

ယခုလည်း တနိုင်ငံလုံး လျှပ်စစ် မီးများ ပြတ်တောက်နေသည့် အရေးကို ဖြေရှင်းရန် ဆိုကာ လျှပ်စစ် ကား နှင့် ရထားများ အစားထိုး အသုံးပြုရန် မတ်လ ၂၉ ရက်‌ နေ့ စစ်ကောင်စီ အစည်းအဝေးတွင် ထပ် မံပြောသွားခဲ့ပြန်သည်။

ကုလ အထူးသံတမန် နိုလင်း ဟေဇာသည် ကမ္ဘောဒီယား သို့ ရောက်ရှိလာပြီး အာဆီယံ အထူး သံတမန် နှင့် ဆွေး‌ နွေး ညှိနှိုင်းခဲ့ကြသည်ဟု သိရသည်။

သူတို့ နှစ်ဦးစလုံးသည် မြန်မာ အကျပ်အတည်းအတွက် စစ်ကောင်စီ ကို ချော့မြှူသည့် ချဥ်းကပ် နည်း မျိုးဖြင့် ဖြေရှင်းနိူင်ရန် ကြံစည်‌နေသူများ ဖြစ်ပြီး ပြည်သူများ၏ ထောက်ခံမှု ရနေသည့် အမျိုးသား ညီညွတ်ရေး အစိုးရ၏ သဘောထားအား တီးခေါက်ရန်ကိုပင် လက်တွန့်‌နေကြဆဲ ဖြစ်သည်။

အကြမ်းဖက် စစ်တပ်ကတော့ ကိုဗစ် နှင့် အာဏာသိမ်းမှု ဒဏ်ကြောင့် ဒုက္ခသုက္ခ မျိုးစုံ ကြုံတွေ့နေ ရသော ပြည်သူများအတွက် လက်တွေ့ကျကျ ဖြေရှင်းပေးခြင်း မရှိသည့်အပြင် ၎င်းတို့အား ဆန့်ကျင် တွန်းလှန်နေသူများကို နှိမ်နှင်းရန်သာ အာရုံထား‌နေကြသည်။ ဤသည်ကို ကြည့်ပါက ၎င်းတို့ အာဏာ တည်မြဲရေးသည်သာ ပဓာန ဖြစ်နေသည်။ ထိုမဟာဗျူဟာ ၏ တစိတ်တပိုင်း အဖြစ် ပြည်သူများကို အသက်ဝဝ ပင် ရှူခွင့် မပေးတော့ဘဲ တဖြေးဖြေး တင်းကျပ်သည့် အမိန့်ဥပဒေများ ရေးဆွဲ ထုတ်ပြန် လာနေပြီ ဖြစ်သည်။

သို့သော် လက်ရှိ ဖြစ်ပေါ်နေသော ပကတိ အခြေအနေများသည် စစ်ကောင်စီကို ဦးညွတ်ခြင်း မပြုဘဲ ၎င်းတို့အား ဆန့်ကျင် တွန်းလှန်မှ ဖြစ်တော့မည် ဆိုသော ခံယူချက်များ ရှင်သန်ကြီးထွားလာအောင်သာ မြေတောင်မြှောက်ပေးလျှက် ရှိနေပေသည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!
Hla Soewai