ၾကားသိသမွ်

” ကမ္ဘာ့အဆင့် လူငယ်များနှင့် ကမ္ဘာကြီးက အသိအမှတ်ပြုတဲ့ တော်လှန်ရေး “

” ကမ္ဘာ့အဆင့် လူငယ်များနှင့် ကမ္ဘာကြီးက အသိအမှတ်ပြုတဲ့ တော်လှန်ရေး ”

မြန်မာပြည်က ဓာတ်ပုံတစ်ပုံဟာ ကမ္ဘာ့ဓာတ်ပုံပြိုင်ပွဲမှာ ဆုရပါတယ် ။ ဒီဓာတ်ပုံကတော့ နွေဦးတော်လှန်ရေး စခါစအချိန်တုန်းက ရိုးရာလက်နက်နဲ့ စစ်လက်နက်ကိုင်တွေကို ပြန်လည်ခုခံနေတဲ့ တော်လှန်ရေးလူငယ်တွေရဲ့ ဓာတ်ပုံပါ ။ ဒီဓာတ်ပုံကို တွေ့လိုက်တာနဲ့ တော်လှန်ရေးပြည်သူတွေဟာ မခံချင်စိတ်နဲ့ တွန်းလှန်နေပေမဲ့ လက်နက်ကောင်းမရှိသေးဘူးဆိုတာ ကမ္ဘာကို အသိပေးလိုက်သလိုပါပဲ ။

ဒီဓာတ်ပုံဟာ မနေ့က တပ်မတော်နေ့မှာ အာဏာသိမ်းခေါင်းဆောင် ပြောလိုက်တဲ့စကားနဲ့ ကွဲပြားနေပါတယ် ။
” မြန်မာ့တပ်မတော်ကို ဆန့်ကျင်နေတဲ့ အတိုက်အခံတွေကို ချေမှုန်းပစ်မယ် ”

” အကြမ်းဖက်အဖွဲ့တွေနဲ့ သူတို့ကိုထောက်ခံနေသူတွေကို အလျော့ပေးမှာမဟုတ်ဘူး ”
လို့ အာဏာသိမ်းခေါင်းဆောင်က မိန့်ခွန်းပြောခဲ့တယ်လို့ နိုင်ငံတကာသတင်းဋ္ဌာနတွေက ဖော်ပြပါတယ် ။ သို့ပေမဲ့

” အာဏာသိမ်းခေါင်းဆောင် ပြောသလိုမဟုတ်ပဲ စစ်တပ်ကသာ စစ်ရာဇဝတ်မှု့တွေ ကျူးလွန်နေတာပါ ။ ပြီခဲ့တဲ့တစ်ပတ်က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကိုယ်တိုင် မြန်မာစစ်တပ်က ရာဇဝတ်မှု့တွေ ကျူးလွန်နေတယ်လို့ အသိပေးထားပါတယ် ။

အမေရိကန်က မြန်မာစစ်တပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှု့ ကျူးလွန်ခဲ့တယ်လို့ တရားဝင်သတ်မှတ်လိုက်ပါတယ် ။.” လို့ နိုင်ငံတကာသတင်းဌာနတွေက ပြန်လည်တုံ့ပြန်ထားပါတယ် ။


” မြန်မာစစ်ခေါင်းဆောင်တွေကို လူမျိုးတုံးသတ်ဖြတ်မှု့ ကျူးလွန်ခဲ့တယ်လို့ နိုင်ငံတကာတရားရုံးက အမိန့်ချနိုင်ပါတယ် ” ။ ဒီသတင်းကို ရေးသားသူက ဆောင်းပါးရှင် Jerry Harmer ပါ ။ ကောက်နုတ်ပြရရင် …၊

” မြန်မာစစ်ခေါင်းဆောင်ဟာ ဒေသခံကာကွယ်ရေးတပ်( PDF ) တွေကို အမြစ်ပြတ်အောင် ချေမှုန်းမယ်လို့ မိန့်ခွန်းပြောခဲ့ပေမဲ့ ရန်ကုန်လိုမြို့ကြီးတွေပေါ်မှာတောင် စစ်ဆန့်ကျင်ရေးတွေ ရှိနေသေးပြီး ၊ အမြစ်မဖြတ်နိုင်သေးပါဘူး ။

မြန်မာစစ်တပ်ဟာ လက်နက်အင်အားသာပေမဲ့ တော်လှန်ရေးပြည်သူတွေကို အမြစ်ဖြတ်ဖို့ အခုအချိန်အထိ ရုန်းကန်နေရပါတယ် ။ စစ်တပ်ရဲ့ ယာဉ်တန်းတွေကို ၊ ကင်းလှည့်မှု့တွေ ၊ စခန်းတွေနဲ့ ဝေးလံသီခေါင်တဲ့ ဒေသတွေမှာ အခြေစိုက်စခန်းတွေ မထားနိုင်တော့ပဲ ဆုတ်ခွာနေရပါတယ် ။ PDF တွေရဲ့ နိုင်ပွဲတွေဟာ ဒေသခံပြည်သူတွေရဲ့ အကူအညီနဲ့ ထောက်ခံမှု့ကို ရနေလို့ပါ ။

မြန်မာစစ်တပ်ဟာ လက်ရှိအခြေအနေမှာတော့ စစ်ကိုင်းတိုင်း ၊ ကယားပြည်နယ်တွေမှာ လေကြောင်းကနေ အကူအညီယူနေရတဲ့အထိ မြေပြင်မှာ အရှုံးများနေပါတယ် ။ ရှုံးမဲမဲပြီး ရွာတွေကို မီးရှို့ပါတယ် ။ မနှစ်က တပ်မတော်နေ့မှာ တစ်ရက်တည်း လူပေါင်း ၁၆၀ ကျော် ပစ်သတ်ခဲ့ပါတယ် ။ ”

လို့ ဆောင်းပါးရှင်က ဖော်ပြထားပါတယ် ။
သုံးသပ်ရရင် …..၊ ကမ္ဘာကြီးက မြန်မာ့အရေးကို အသိပေးနေဆဲပါ ။ မြန်မာပြည်က ဓာတ်ပုံတစ်ပုံကို ကမ္ဘာ့ဓာတ်ပုံပြိုင်ပွဲမှာ ဆုပေးပြီး ကမ္ဘာကြီးကို အသိပေး ၊ သက်သေထူလိုက်တာပါ ။ စစ်ကောင်စီပြောတဲ့ အကြမ်းဖက်အဖွဲ့ မဟုတ်ဘူးဆိုတာကို ကမ္ဘာသိအောင် ပြလိုက်တာပါ ။ ဓာတ်ပုံဟာလည်း ကမ္ဘာကျော်သွားပါတယ် ။


ဂျင်နရေးရှင်း ဇီ ဆိုတဲ့ လူငယ်တွေဟာ ကမ္ဘာ့အဆင့်ရှိသလို ၊ ကမ္ဘာကြည့်မြင်တတ်သူတွေပါ ။ နိုင်ငံခြားသတင်းဌာနတွေနဲ့ အင်တာဗျူးတဲ့ မြန်မာလူငယ်တွေရဲ့ အင်္ဂလိပ်စကားပြောစကေလ်းဟာ သိပ်ကိုကောင်းပါတယ် ။

ကမ္ဘာ့ရုပ်ရှင်ပွဲတော်မှာ သရုပ်ဆောင်ဆုရပါတယ် ။ ကမ္ဘာ့အဆင့် ရုပ်ရှင်ပွဲတော်မှာ ဇာတ်ကားဆုရပါတယ် ။ ကမ္ဘာ့ပေါ်က ချောမော ၊ အခန့်ညားဆုံး အမျိုးသားဆုကို ရခဲ့ပါတယ် ။

ကမ္ဘာကျော်ဘောလုံးအသင်းက ဂျာစီပို့ပေးပြီး အသိအမှတ်ပြုခံရပါတယ် ။ မြန်မာပြည်က ဟိုမရောက် ဒီမရောက် လူတန်းစားတစ်ရပ်ရဲ့ သုဓမ္မ ၊ ဂေါပက ၊ ဂုရု ၊ ဝဏ္ဏဗလာ ဗလာ ဆိုတဲ့ ဆုတံဆိပ်လောက်ကို စိတ်ဝင်စားသူတွေ မဟုတ်ပါဘူး ။

ဘကြီးအောင် LA
27 March, 2022