ၾကားသိသမွ်

တပ်မတော်နေ့ အခမ်းအနား တက်ရောက်ဖို့ EAOS တွေကို စစ်ကောင်စီ ဖိတ်ကြား

တပ်မတော်နေ့ အခမ်းအနား တက်ရောက်ဖို့ EAOS တွေကို စစ်ကောင်စီ ဖိတ်ကြား

မော်လမြိုင် ၊ မတ် (၂၄)

လာမယ့် မတ် ၂၇ ရက်နေ့မှာ ကျရောက်မယ့် ၇၇ ကြိမ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို အပစ်ရပ် လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေပါ တက်ရောက်ကြဖို့ စစ်ကောင်စီက ဖိတ်ကြားထားပါတယ်။

အဲဒီအခမ်းအနားကို အဖွဲ့တစ်ဖွဲ့ရဲ့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ဒါမှမဟုတ် အထွေထွေအတွင်းရေးမှူး တစ်ဦးနဲ့ ဗဟိုကော်မတီဝင် တစ်ဦး စုစုပေါင်း နှစ်ဦး ငြိမ်းချမ်းရေးကို ရှေးရှုပြီး တက်ရောက်ပေးဖို့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ က ဖိတ်ကြားထားတာပါ။

အပစ်ရပ်ထိုးထားတဲ့ (၁၀) ဖွဲ့ထဲက ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကတော့ တပ်မတော်နေ့ကို တက်ရောက်ဖို့ ဆွေးနွေးနေဆဲဖြစ်ပြီး အခြားအဖွဲ့တွေတက်ရင် တက်ဖြစ်မယ်လို့ ALP ပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူး ခိုင်အောင်စိုးသန်းက ဆိုပါတယ်။

“ကျွန်တော်တို့က ဒီမှာ ဆွေးနွေးနေကြတုန်းပဲ။သေချာတော့ မပြောနိုင်ဘူး။အများက တက်ရင်တော့ ကျွန်တော်တို့လည်း တက်မှာပေါ့။(NCA ထိုးထားတဲ့ ) အဖွဲ့က ၁၀ ဖွဲ့ဆိုတော့ အဖွဲ့အများကြီးတက်ရင် ကျွန်တော်တို့ တက်မယ်”လို့ သူက ပြောပါတယ်။

NCA မထိုးထားတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကတော့ တပ်မတော်နေ့ စစ်ရေးပြအခမ်အနားနဲ့ပတ်သက်ပြီး သူတို့အဖွဲ့ကို ဖိတ်ကြားတာ မကြားမိသလို ဖိတ်ခဲ့ရင်လည်း တက်ဖြစ် မတက်ဖြစ်ကို KIO/KIA ဗဟိုရဲ့ ဆုံးဖြတ်ချက်ချပြီးမှ ပြောလို့ရမယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

NCA မထိုးရသေးတဲ့ နောက်ထပ် တစ်ဖွဲ့ဖြစ်တဲ့ ကရင်နီတိုးတက်ရေးပါတီ KNPP ကတော့ စစ်ကောင်စီရဲ့ တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်ဖို့ မရှိဘူးလို့ ဆိုထားပါတယ်။

ဒါ့အပြင် NCA လက်မှတ်ရေးထိုးထားတဲ့ ချင်းအမျိူးသားတပ်ဦး CNF နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တို့ကလည်း စစ်ကောင်စီ အခမ်းအနားအား တက်ရောက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးတာတွေ လုပ်ဆောင်ဖို့ မရှိဘူးလို့ ပြီးခဲ့တဲ့ကာလတွေတုန်းက ယတိပြတ် ပြောဆိုထားခဲ့ပါတယ်။

တပ်မတော်နေ့ အခမ်းအနား တက် မတက်နဲ့ ပတ်သက်ပြီး အပစ်ရပ်အဖွဲ့တွေ ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ(NMSP) နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) တို့ကို သံလွင်တိုင်းမ်က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

သတင်း – သံလွင်တိုင်းမ်