ၾကားသိသမွ်

ဘားအံမြို့ တပ်မ ၂၂ တပ်မမှူးတွေ လက်အောက်ခံတပ် ရင်းများမှ တပ်ပြေးများ၏လစာငွေ လစဥ်သိန်းရာနှင့်ချီ အလွဲသုံးစားပြုလုပ်နေ

ဘားအံမြို့ တပ်မ ၂၂ တပ်မမှူးတွေ လက်အောက်ခံတပ် ရင်းများမှ တပ်ပြေးများ၏လစာငွေ လစဥ်သိန်းရာနှင့်ချီ အလွဲသုံးစားပြုလုပ်နေ

ကရင်ပြည်နယ်၊ ဘားအံမြို့အခြေစိုက်အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂) တပ်မမှူးများသည် ၄င်းတို့လက် အောက်ခံတပ်ရင်းများမှ ခွင့်မဲ့တပ်ပြေးများကို စာရင်းမတင်ပြဘဲ လစာငွေများ အလွဲသုံးစားပြုလုပ်ထားကြောင်း တပ်မ ၂၂ နှင့်နီး စပ်သူများထံကသိရသည်။

ယခင်တပ်မမှူးဖြစ်သည့် ဗိုလ်မှူးချုပ် ဇော်မင်းလတ်နှင့် စစ်ဦးစီးမှူး(ပထမတန်း)(G-1) ဒု-ဗိုလ်မှူးကြီး ဝေလင်းအောင်တို့က လက်အောက်တပ်ရင်း ၁၀ ရင်းမှ ခွင့်မဲ့/တပ် ပြေးများ၏ လစာငွေများကို လစဥ် သိန်းရာနှင့်ချီ ထုတ် ယူသုံးစွဲနေသည့်အပြင် ယခုလက်ရှိ အသစ်ရောက်ရှိလာသည့် တပ်မမှူး ဗိုလ်မှူးချုပ် တိုးဝင်းကလည်း ဆက်လက်ပြီးအလွဲသုံးစားလုပ်နေကြောင်းစစ်ဘက်ဆိုင်ရာ သတင်း ရင်းမြစ်များက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တပ်မ ၂၂ လက်အောက်တွင်ကရင်ပြည်နယ်အတွင်းရှိ မြို့အခြေစိုက်တပ်များဖြစ်သည့် ခလရ ၈၁၊ ခမရ ၂၀၁၊ ၂၀၂၊ ၂၀၃၊ ၂၀၄၊ ၂၀၅၊ ၂၀၆၊ ၂၀၈၊ ၂၀၉၊ ၂၁၀ စသည့်တပ်ရင်း ၁၀ ရင်းပါဝင်ပြီး အဆိုပါတပ်ရင်းများမှ ခွင့်မဲ့စစ်သည်အင်အား ၃၀၀ ကျော်ဝန်းကျင်ရှိကြောင်း စစ်ဘက်အသိုင်းအဝိုင်းထံက သိရသည်။

အဆိုပါ ခွင့်မဲတပ်ပြေး ၃ဝဝ ကျော်၏ လစာငွေမှာ လစဥ်ကျပ်သိန်း ၆ဝဝ ကျော်ရှိနေပြီး ယင်းငွေများကို တပ်မမှူး၊ G-1 နှင့် တပ်ရင်းမှူးများက အဆင့်ဆင့် အလွဲသုံးစားပြု လုပ်နေခြင်းဖြစ်ကြောင်း ကရင်ပြည်နယ်ရှိ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ပြောသည်။

”အဲ့ဒီ တပ်ရင်းတွေမှာ ခွင့်မဲ့/တပ်ပြေးအင်အားက တစ်ရင်းကိုမရှိဘူးဆိုရင် ၃၀ နဲ့အထက်မှာရှိတယ်။ အဲ့ဒီစာရင်းတွေကိုဖျောက်ထားပြီးတော့ သူတို့လစာငွေတွေကိုထုတ်စားနေတယ်။ တပ်ရင်းမှူးတွေလည်းပါတာပေါ့။ အရင်တပ်မမှူးလက်ထက်ကထဲက ဖြစ်နေတာ။ တစ်လတစ်လ အဲ့ဒီအင်အားက သိန်းရာနဲ့ချီတယ်။ G-1 ဝေလင်းအောင်က ငွေကိုင်တာ။ သူတို့ပြောင်းသွားတာတောင် ၆ လကျော်ရှိပြီ။ အခုလက်ရှိ တပ်မမှူးလက်ထက်အထိ လစာတွေကို သူတို့က ဒီတိုင်းထုတ်စားနေတာ”ဟု ကရင်ပြည်နယ်ရှိ စစ်ဘက်သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြော သည်။

ယခင်တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းလတ်သည် စစ်တက္က သိုလ် DSA အပတ်စဥ် ၃၇ ကျောင်းဆင်းဖြစ်ပြီး ရတခတိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်က DSA ၃၈ ဖြစ်၍ တပတ်စဥ်စောသူ တိုင်းမှူးထက်စီနီယာကျသူဖြစ်ကြောင်း၊ ခွင့်မဲ့စာရင်းများကို ၄င်း၏အမိန့်ရမှတိုင်းရုံးကိုတင်ပြရမည်ဟု G-1 ဝေလင်းအောင်ကိုမှာကြားခဲ့သည်ဟု သိရသည်။

”တပ်ရင်းမှူးတွေက သူတို့ကွပ်ကဲမှုဖြစ်တဲ့ တပ်မကို ခွင်မဲ့စာရင်းကိုတင်ပြတယ်။ သူကတိုင်းအထိဆက်ပြီးမတင်ခိုင်းတာ။ သူ့အမိန့်မရဘဲမတင်နဲ့ဆိုတဲ့ပုံစံမျိုး၊ အဲ့ဒီ ပိုက် ဆံတွေကိုတော့ ခွဲသုံးတာပေါ့။ G-1 နဲ့ အဆင်ပြေတဲ့ တပ် ရင်းမှူးတွေက အဆင်ပြေသလိုရတယ်”ဟု တပ်တွင်းသ တင်းရင်းမြစ်ကဆက်လက်ပြောသည်။

ပြီးခဲ့သည့် ၂ဝ၂၁ စက်တင်ဘာလက ယခင်တပ်မမှူး ဗိုလ် မှူးချုပ် ဇော်မင်းလတ်သည် ပြင်ဦးလွင် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့သွားပြီး G-1 ဒု-ဗိုလ် မှူးကြီး ဝေလင်းအောင်သည် ပုသိမ်မြို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်(နမခ)အောက်သို့ ဗျူဟာမှူးအဖြစ် ပြောင်းရွှေ့သွားကာ လက်ရှိတပ်မမှူး ဗိုလ်မှူးချုပ် တိုးဝင်း လက်ထက်အထိ လစာငွေများ ဆက်လက်အလွဲသုံးစားပြုလုပ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်အတွင်း ခွင့်မဲ့/တပ်ပြေးအများအပြားရှိနေပြီး သက်ဆိုင်ရာတပ်ရင်းမှူးများ၊ ဗျူဟာမှူးများနှင့် ကွပ်ကဲမှုအဆင့်ဆင့်အရာရှိကြီးများက ၄င်းတို့၏ ရာထူး တိုး ထိခိုက်မည်ကိုစိုးရိမ်၍ တပ်ပြေးစာရင်းများကို လိမ် လည်တင်ပြကာအဆင့်ဆင့်ဖုံးဖိမှုများပြုလုပ်နေကြောင်း စစ်ကောင်စီတပ်အသိုင်းအဝိုင်းထံက သိရသည်။
AyeyarwaddyTimes