ၾကားသိသမွ်

ထိပ်တန်းခရိုနီ တဦး ဖြစ်တဲ့ ဇေကမ္ဘာ ဦးခင်ရွှေနဲ့ ၄င်း၏သား ဦးဇေသီဟ တို့ကို စစ်ကောင်စီဖမ်းဆီး

ထိပ်တန်းခရိုနီ တဦး ဖြစ်တဲ့ ဇေကမ္ဘာ ဦးခင်ရွှေနဲ့ ၄င်း၏သား ဦးဇေသီဟ တို့ကို စစ်ကောင်စီဖမ်းဆီး

မြန်မာနိုင်ငံရဲ့ ထပ်တန်းခရိုနီသူဌေးတဦးဖြစ်တဲ့ ဇေကမ္ဘာကုမ္ပဏီဥက္ကဌ ဦးခင်ရွှေနဲ့ ၄င်း၏သားဖြစ်သူ ဦးဇေသီဟတို့ကို ဒီကနေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဇေကမ္ဘာကုမ္ပဏီနဲ့ နီးစပ်သူတွေထံကသိရပါတယ်။

“ဦးခင်ရွှေနဲ့ သူ့သား ဇေသီဟတို့ အဖမ်းခံထားရတယ်။ ဒီနေ့ပဲ ဖမ်းသွားတာ”လို့ ဇေကမ္ဘာကုမ္ပဏီရဲ့ အကြီးတန်း ဝန်ထမ်းတဦးက ဧရာဝတီတိုင်းမ်ကို အတည်ပြုပြောဆိုပါတယ်။


ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက အရာရှိတစ်ဦးကလည်း ဇေကမ္ဘာ ဦးခင်ရွှေနဲ့ သူ့သား ဦးဇေသီဟတို့ကို ဖမ်းဆီးတာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုပါတယ်။ ဘာအမှုနဲ့ ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာကို အသေးစိတ်ပြောဆိုဖို့ ငြင်းဆိုပါတယ်။

ဇေကမ္ဘာဦးခင်ရွှေကို ရှေးဟောင်းအဆောက်အအုံများ ဖျက်ဆီးဖြိုချမှုနဲ ရှေးဟောင်းအဆောက်အဦးများ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေနဲ့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းစစ်ဌာနချုပ် စစ်ဦးစီးမှူး(ပထမတန်း)(စစ်ထောက်)(Q-1) ဒုဗိုလ်မှူးကြီး အောင်ကျော်စိုးက တရားလိုပြုလုပ်တိုင်ကြားလို့ ရန်ကုန်မြို့၊ ဗဟန်းမြို့မစခန်းမှူးက အမှုဖွင့်ဆောင်ရွက်ပြီး ဖမ်းဆီးတာဆိုတဲ့ ရဲကြေးနန်းတစောင်လည်း လူမှုကွန်ရက်မှာ ပျံနှံ့နေတာ တွေ့ရပါတယ်။


အဲ့ဒီကြေးနန်းစာနဲ့ ပတ် သက်ပြီး ဧရာဝတီတိုင်းမ်အနေနဲ့သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

လက်ရှိမှာ ဇေကမ္ဘာကုမ္ပဏီရုံးစိုက်တဲ့ မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းဆုံအနီးက ဇေကမ္ဘာဝန်းကို စစ်ကောင်စီက ယာယီချိတ်ပိတ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနဲ့စစ် သားအများအပြား လုံခြုံ ရေးချထားပြီး ဇေကမ္ဘာကုမ္ပဏီရဲ့လုံခြုံရေးဝန်ထမ်းတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့သိရပါတယ်။

ဇေကမ္ဘာဦးခင်ရွှေဟာ စစ်အစိုးရလက်ထက် စစ်တပ်ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းနဲ့ ခမည်းခမက်တော် စပ်သူဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ – ၂၀၁၅ အမျိုးသားလွှတ်တော်အမတ်အဖြစ်ဆောင်ရွက်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

AyeyarwaddyTimes