ၾကားသိသမွ်

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင်၏ မြစ်ကို တော်လှန်ရေးလုပ်၍ မိသားစုက အမွေပြတ်စွန့်

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင်၏ မြစ်ကို တော်လှန်ရေးလုပ်၍ မိသားစုက အမွေပြတ်စွန့်

⎯ မြတ်ကျော်သူ
မြန်မာ့နိုင်ငံရေးတွင် ထင်ရှားသည့် ရဲဘော်သုံးကျိပ် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗိုလ်ရန်အောင်၏ မြစ်တော်စပ်သူကို ၎င်း၏မိဘများက အမွေပြတ် စွန့်လွှတ်လိုက်ကြောင်း စစ်ကောင်စီ သတင်းစာမှ တစ်ဆင့် ယနေ့ (မတ် ၂၀) တွင် ကြေညာလိုက်သည်။

ဗိုလ်ရန်အောင်၏မြစ် အသက် ၁၇ နှစ် အရွယ် အမျိုးသမီးငယ် အမရာဘားမှာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာထိ ရန်ကုန်မြို့တွင်း လမ်းမများပေါ်တွင်တွေ့ရသည့် ပျောက်ကြားသပိတ်များအနက် သပိတ်တစ်ခုကို ဦးဆောင်ခဲ့သူများအနက် တစ်ဦးအပါအဝင်ဖြစ်သည်။

“ဆိုဆုံးမမှုကို နာခံခြင်းမရှိဘဲ မိဘစိတ်ဆင်းရဲစေသော ကိစ္စရပ်များအား အကြိမ်ကြိမ်အခါခါ ပြုလုပ်၍ သွာနုတ္တသမီးအဖြစ် သတ်မှတ်ပြီး ယနေ့မှစ၍ သမီးအဖြစ်မှ အမွေပြတ် စွန့်လွှတ်လိုက်သည်” ဟု အမရာဘား၏ မိဘများက ကြေညာစာတွင် ရေးသားထားသည်။

ဗိုလ်ရန်အောင်တွင် ဇေလတ်၊ အေးကြာငြိမ်း (ခ) အေးအေး၊ ဝင်းမွန် ဟု သားသမီး ၃ ဦးရှိပြီး ဒေါ်အေးကြာငြိမ်းမှာ အမရာဘား၏ အဖွားဖြစ်သည်။

Myanmar Sentiment က အမရာဘားကို ဆက်သွယ်ရာ လက်ရှိတွင် လုံခြုံသည့်နေရာ၌ ရှိနေသည်ဟုဆိုပြီး မိဘများက ယခုကဲ့သို့ ဆုံးဖြတ်သည်ကို “ဘယ်လိုမှ မခံစားရဘူး” ဟု ဖုန်းဖြင့် ပြောဆိုသည်။


“တစ်နေ့ကျရင် အရာအားလုံးက ပြီးဆုံးသွားမှာပဲ။ မနက်ဖြန် သေမလား၊ ဒီနေ့သေမလားတောင် မသိရဘူး။ ညီမရှေ့တင် သေသွားတဲ့လူတွေကိုတောင် ကြည့်ပြီး မခံစားနိုင်ဘူး။ အရာအားလုံး စွန့်လွှတ်ရမယ်ဆိုရင်တောင် အဆုံးထိ လျှောက်မယ်လို့ ဆုံးဖြတ်ချက်ချထားတယ်” ဟု အမရာဘားက Myanmar Sentiment ကို ပြောသည်။

“ရှင်သန်မှုဟာ တစ်မိနစ်ပဲ ကျန်တော့မယ်ဆိုရင် အဲ့ဒီအချိန်ကို အမှန်တရားရဲ့ဘက်တော်သားအဖြစ် လိပ်ပြာသန့်သန့်နဲ့ ကျမ ကုန်ဆုံးပါရစေ” ဟု အမရာဘားက ဆိုသည်။

အမရာဘားမှာ ပြီးခဲ့နှစ် မေလက ဖမ်းဆီးခံခဲ့ရဖူးပြီး ဗိုလ်တထောင်ရှိ စစ်ကြောရေးသို့ ပို့ဆောင်ခံခဲ့ရပြီးနောက် ‘တော်လှန်ရေးမလုပ်တော့ရန် အာမခံ လက်မှတ်ထိုးစေကာ’ စစ်ကောင်စီက ပြန်လွှတ်ခဲ့သည်။

ယင်းသို့ အာမခံဖြင့် ပြန်လွှတ်ခဲ့ရာတွင် ၎င်း၏ မိသားစုက ကျပ်သိန်း ၂၀၀ တိတိ စစ်ကောင်စီသို့ ပေးခဲ့ရပြီး ထပ်မံ၍ သိန်းရာကျော် တောင်းခံခဲ့မှုများလည်း ရှိသည်ဟု သိရသည်။

သို့သော် အမရာဘားက တော်လှန်ရေးတွင် ဆက်လက်ပါဝင်နေခဲ့သည့်အတွက် စစ်ကောင်စီက ၎င်း၏ မိဘများမှ တစ်ဆင့် ဖမ်းဆီးရန် ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် အမရာဘားမှာ မိဘများကိုပင် အသိမပေးရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။

အမရာဘား၏ မိသားစုအသိုင်းအဝိုင်းအများစုမှာ အာဏာသိမ်း စစ်ကောင်စီထဲတွင် အရေးကြီးသည့် နေရာများ၌ လက်ရှိ တာဝန်ယူနေဆဲဖြစ်ပြီး ၎င်းကိုဖမ်းဆီးနိုင်ရန်မှာ ဂုဏ်သိက္ခာပိုင်းအရ အရေးပါနေသည်ဟု အမရာဘားက ဆိုသည်။

ယခုနှစ် ဇန်နဝါရီ ၂၉ က ရန်ကုန်မြို့ စမ်းချောင်းရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် သပိတ်ခေါင်းဆောင် လူငယ်များကို ရိုက်နှက်ဖမ်းဆီးခဲ့မှုမှာ အမရာဘားကို ဦးတည်၍ လာရောက်ဖမ်းခဲ့ခြင်းဖြစ်ပြီး ၎င်းကို ဖမ်းဆီးမမိခဲ့ဘဲ လူငယ် ၄ ဦး ဖမ်းဆီးခံခဲ့ရသည်။

ယင်းနောက် တစ်ပတ်အတွင်းပင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရန်ကုန်ရှိ အမရာဘား၏ နေအိမ်သို့ စစ်ကား ၈ စီးဖြင့် ရောက်ရှိလာခဲ့ပြီး ၎င်း၏ တိုက်ခန်းတစ်ခုတွင်းရှိ ဆုတံဆိပ်များနှင့် အခြားပိုင်ဆိုင်မှုများကိုလည်း ရိုက်ချိုးဖျက်ဆီးခဲ့သည်။