ၾကားသိသမွ်

လက်နက်စမ်းသပ်ရင်း မတော်တဆမှုဖြစ်ကာ ပုလဲပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ကာကွယ်ရေးခေါင်းဆောင်တစ်ဦးကျဆုံး

လက်လုပ်သေတ်စမ်းသပ်ရင်း မတော်တဆမှုဖြစ်ကာ ပုလဲပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ကာကွယ်ရေးခေါင်းဆောင်တစ်ဦးကျဆုံး

မတ် ၂၀၊ ၂၀၂၂

လက်နက်စမ်းသပ်ရင်း မတော်တဆမှုကြောင့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ရကြောင်း Phoenix Local Defense Forceက ဒီနေ့မတ်လ(၂၀)ရက်မှာ ထုတ်ပြန်လိုက် ပါတယ်။

စစ်အာဏာရှင်အမြစ်ဖျက်ခြေမှုန်းရာမှာ အသုံးပြုနိုင်ရေးအတွက် Phoenix Local Defense Force တပ်ဖွဲ့ဝင် ကာကွယ်ရေးခေါင်းဆောင် ရဲဘော်အောင်ဆန်းဌေးဟာ လက်လုပ်သေနတ်ကို ပတ်ခတ်စမ်း သပ်ရင်း မတော်တဆဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်လကျော်အကြာမှာ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။


ဖေဖော်ဝါရီ(၉)ရက်ညနေပိုင်းမှာ စမ်းသပ်အသုံးပြုရင်း ရရှိခဲ့တဲ့ထိခိုက်ဒဏ်ရာကို ဆေးကုသခံနေရင်း မတ် လ(၁၉)ရက် မနက်ပိုင်းမှာ ကျဆုံးခဲ့တာဖြစ်ပြီး မိခင် ဖခင်တို့ရဲ့ ရင်နင့်သည်းချာသားလိမ္မာတစ်ယောက် ဆုံးရှုံးနစ်နာရခြင်းအတွက် များစွာ ဝမ်းနည်းမိကြောင်း၊ စစ်အာဏာရှင်စနစ်ကို ရဲရဲဝံဝံ ရွပ်ရွပ်ချွံချွံ ဆန့်ကျင်တော်လှန်ရင်း နောင်အနာဂတ် မျိုးဆက်သစ်လူငယ်များအတွက် မြင့်မြတ်စွာ အသက်ပေးတိုက်ပွဲဝင်သွားသော ရဲဘော်အောင်ဆန်းဌေးအား အလေးနီပြုပါကြောင်း Phoenix Local Defense Force ကထုတ်ပြန်ထားပါတယ်။

ရဲဘော်ထိခိုက်ဒဏ်ရာရရှိပြီးနောက်တစ်ရက် ဖေဖော်ဝါရီ(၁၀)ရက်မှာ Phoenix Local Defense Force က အခုလို ပြည်သူကိုအသိပေးခဲ့ပါတယ်။

“စစ်ကိုင်းတိုင်းမှာ လက်လုပ်လက်နက်တွေ အောင်မြင်တဲ့အကြောင်း ခဏခဏ ကြားဖူးကြတယ်မဟုတ်လားစမ်းသပ်မှုအဆင့်ဆင့်ကို ဖြတ်ကျော်ပြီးမှ အောင်မြင်တဲ့ လက်နက်တစ်ခုကို စိတ်ချလက်ချ အသုံးပြုနိုင်တာပါ

ဒီ Video လေးကတော့ မအောင်မြင်တဲ့ စမ်းသပ်မှုတစ်ခုနဲ့အတူ ကျွန်တော်တို့ရဲ့ ရဲဘော်တစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တဲ့ မှတ်တမ်းလေးတစ်ခုပါ

ကျွန်တော်တို့တတွေ အသက်နဲ့ခန္ဓာကို အရင်းတည်ပြီး စစ်အာဏာရှင်စနစ် ထာဝရချုပ်ငြိမ်းစေဖို့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ ပြင်ဆင်နေကြတယ် တိုက်ပွဲဝင်နေကြတယ်စစ်သားဖြစ်ချင်လို့၊ သေနတ်ကိုင်ချင်လို့၊ သေနတ်ပစ်ချင်လို့၊ ဝါသနာပါလို့ လက်နက်ကိုင်လမ်းစဉ်ကို ‌ရွေးချယ်ခဲ့ကြတာ မဟုတ်ဘူး ဆိုတာ ပြည်သူလူထုတစ်ရပ်လုံးကို အသိပေးလိုပါတယ်။

ကျွန်တော်တို့မှာ လိုအပ်ချက်တွေ ရှိနေပါသေးတယ်ကျွန်တော်တို့လိုပဲ လိုအပ်ချက်တွေများစွာနဲ့ ရုန်းကန်နေကြရသူတွေလည်း အများကြီး ရှိနေပါသေးတယ်။

ကျွန်တော်တို့ရဲ့ ရဲဘော်နဲ့အတူ သူ့လိုပဲ တနိုင်ငံလုံးက စမ်းသပ်ရင်း ထိခိုက်မိကြသူတွေလည်း အမြန်ဆုံး ပြန်လည်ကျန်းမာပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်” လို့ ရေးသားထားပါတယ်။