ၾကားသိသမွ်

အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မပေးရဲသေးဟုဆို

အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မပေးရဲသေးဟုဆို

အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မပေးပေမယ့် NLD ပါတီထဲက တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း လက်ခံသူတချို့နဲ့ တွေ့ခွင့်ပေးမယ်လို့ SAC ဆို

နေပြည်တော်၊ မတ် ၁၉

မကြာခင် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို ရောက်ရှိလာမယ့် အာဆီယံအထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်မပေးပေမယ့် NLD ပါတီထဲက တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း လက်ခံသူတချို့နဲ့ တွေ့ခွင့်ပေးမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်က ပြည်ပသတင်းဌာနတစ်ခုကို ဒီနေ့ မတ်လ ၁၈ ရက်မှာ ဆိုပါတယ်။


မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခ်ဟွန်းဟာ မတ်လ ၂၁ ရက်ကနေ ၂၃ ရက်အထိ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာနက ပြောပါတယ်။ သူ့ရဲ့ခရီးစဉ်အတွင်း ဘယ်သူတွေနဲ့ တွေ့မယ်ဆိုတာကိုတော့ အခုအချိန်မှာ မပြောနိုင်သေးဘူးလို့လည်း သူကပြောပါတယ်။

SAC ဘက်ကတော့ တရားရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြားတက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ခွင့်ပေးဖို့အစီစဉ်မရှိဘူးလို့ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြည်ပသတင်းဌာနတစ်ခုကို ပြောပါတယ်။

“ဒီအာဆီယံအလှည့်ကျဥက္ကဋ္ဌအနေနဲ့ မြန်မာနိုင်ငံကိုလာရောက်တဲ့အချိန်မှာ တရားဥပဒေနဲ့ရင်ဆိုင်နေရဆဲ၊ ပြစ်ဒဏ်ကျခံနေရဆဲလူတွေမှအပ ကျန်တဲ့သူတွေနဲ့တွေ့ခွင့်ပေးဖို့ဆိုတာကိုလည်း ဝန်ကြီးချုပ်လာတုန်းကလည်း သဘောတူပြီးသားဖြစ်ပါတယ်ဗျ။ ကျန်တဲ့သီးခြားတော့ မရှိပါဘူး။ ကျွန်တော် ပြောပြီးသားပဲ။ ဘယ်နိုင်ငံကရော တရားဥပဒေနဲ့ရင်ဆိုင်နေရတဲ့သူတွေ၊ တရားဥပဒေအရ အပြစ်ပေးခံထားရတဲ့သူတွေ၊ တရားဥပဒေအရ ပြစ်မှုစီရင်ခံနေရတဲ့သူတွေကို ဘယ်နိုင်ငံတွေကရော တွေ့ခွင့်ပေးလို့လဲဗျ။”လို့ သူကဆိုပါတယ်။


မြန်မာ့အရေးအတွက် မြန်မာအပါအဝင် အာဆီယံနိုင်ငံတွေကြား ၂၀၂၁ ခုနှစ် မေလက ရရှိထားတဲ့ ဘုံသဘောတူညီချက်ထဲမှာ သက်ဆိုင်သူအားလုံးနဲ့ ထိရောက်တဲ့ တွေ့ဆွေးနွေးမှုတွေ လုပ်ဖို့ဆိုတဲ့ အချက်ပါဝင်ပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက NLD ပါတီထဲက တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းလက်ခံသူတချို့ နဲ့ အာဆီယံအထူးကိုယ်စားလှယ် တွေ့မယ်ဆိုရင်တော့ SAC က စီစဉ်ပေးမယ်လို့လည်း ဆိုပါတယ်။

“NLD ပါတီက CEC အဖွဲ့ဝင်တချို့၊ အပြင်မှာ သူ့ဖာသာသူငြိမ်းငြိမ်းချမ်းချမ်းနေတဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို လက်ခံတဲ့သူအချို့နဲ့ အရင် သံတမန်တွေလာကတည်းက တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။ ဒီလူတွေနဲ့ကတော့ ကျွန်တော်တို့က သူတို့ရဲ့တွေ့ဆုံဖို့ ဆန္ဒရှိတယ်ဆိုလည်း ကျွန်တော်တို့က တွေ့ဆုံပေးမှာဖြစ်ပါတယ်။ ခုနကပြောသလို တရားဥပဒေနဲ့ရင်ဆိုင်နေရတဲ့သူများနဲ့တော့ တွေ့ဆုံပေးဖို့ မရှိပါဘူး။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ကျွန်တော်တို့ ဖိတ်ခေါ်ထားတာမျိုး ရှိတယ်။ ပြီးရင် ပါတီတွေပေါ့။ ပါတီတွေက တွေ့ဆုံနိုင်တဲ့ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံသွားဖို့ရှိတယ်။ အစိုးရအဖွဲ့နဲ့ တွေ့ဆုံဖို့ရှိမယ်။ ပြီးရင်တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကျိုးဆောင်အဖွဲ့တွေ၊ ပြီးရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ပတ်သက်နေတဲ့သူတွေနဲ့ တွေ့ဆုံပေးဖို့ရှိပါတယ်။”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

လက်ရှိအာဆီယံ အလှည့်ကျဥက္ကဋ္ဌခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက သူ့ခရီးစဉ်အတွင်း လူသားချင်း စာနာမှုဆိုင်ရာ အကူညီပေးနိုင်ရေးကိစ္စတွေလည်း ကြိုးစားမယ်လို့ မကြာခင်က ပြောကြားထားပါတယ်။