ၾကားသိသမွ်

မြန်မာမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး နိုင်ငံတကာကူညီပေးကြဖို့ သံအမတ်ကြီး မေတ္တာရပ်ခံ

မြန်မာမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး နိုင်ငံတကာကူညီပေးကြဖို့ သံအမတ်ကြီး မေတ္တာရပ်ခံ

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးနဲ့ မြန်မာနိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေး ကြိုးပမ်းရာမှာ နိုင်ငံတကာအသိုက်အဝန်း အနေနဲ့ ကူညီဆောင်ရွက်ပေးကြဖို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက မေတ္တာရပ်ခံလိုက်ပါတယ်။

မတ်လ၁၇ရက်နေ့၊ ပဉ္စမအကြိမ် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဆိုင်ရာ ကုလသမဂ္ဂညီလာခံ ပထမပိုင်းကို တက်ရောက် ပြီး မိန့်ခွန်းပြောကြားရာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အဲဒီလို ထည့်သွင်းပြောကြားခဲ့ပါတယ်။

စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ကြောက်မက်ဖွယ်ရာဒုက္ခတွေကို မြန်မာနိုင်ငံသားတွေ ကြုံတွေ့နေကြရကြောင်း

စစ်အာဏာသိမ်းပြီးကတည်းက စစ်တပ်ဟာ လူပေါင်း ၁၆၇၉ ဦး ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပြီး သောင်းနဲ့ချီတဲ့ ပြည်သူတွေ မတရားဖမ်းဆီးခံခဲ့ရသလို လူတချို့မှာ သေတဲ့အထိ နှိပ်စက်ညှဉ်းပန်းခံခဲ့ရကြောင်း ဒါပေမဲ့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် နှစ်ဆကြိုးပမ်းဆောင်ရွက်ဖို့ ပြတ်သားတဲ့ စိတ်ဓာတ်၊ ဇွဲ လုံ့လ ဝီရိယတွေ ရှိကြကြောင်းလည်း သံအမတ်ကြီး ကဆိုပါတယ်။

ကုလသမဂ္ဂစီးပွားရေးနဲ့ လူမှုရေးကောင်စီ (ECOSOC) ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒကော်မတီ (CDP) က ထုတ်ပြန်ထားတဲ့ ၂၀၁၈ ခုနှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးအနည်းဆုံးနိုင်ငံအဆင့် ကနေလွတ်မြောက်ရေးဆိုင်ရာ စံနှုန်းသုံးခုစလုံးနဲ့ ပထမဦးဆုံးအကြိမ် ပြည့်မီခဲ့ကြောင်း၊ အဲဒါဟာ ၁၉၈၇ ခုနှစ်၊ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများစာရင်းဝင် ဖြစ်သွားခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာ့စီးပွားရေးအပေါ် ကိုဗစ် ကပ်ရောဂါ သက်ရောက်မှုတွေရှိနေ‌ပေမယ့် ရွေးကောက်ခံပြည်သူ့အစိုးရဟာ စီးပွားရေးတိုးတက်မှု ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းမှု မတိုင်မီအထိ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံစာရင်းကနေ လွတ်မြောက်ဖို့ အရည်အချင်းပြည့်မီနိုင်တဲ့ လမ်းကြောင်းမှန်ပေါ် ရှိနေခဲ့ပါတယ်။

တရားမဝင် စစ်အာဏာသိမ်းမှုဟာ အရပ်သားအစိုးရရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကြိုးပမ်းမှုတွေကို ရပ်တန့်စေခဲ့ပြီး မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုတွေနဲ့ ကြေကွဲဖွယ်ရာ အခြေအနေတွေကို ဖန်တီးခဲ့ကြောင်း သံအမတ်ကြီးကဆိုပါတယ်။

UNDP အချက်အလက်တွေအရ ၂၀၂၂ ခုနှစ် အစောပိုင်းမှာ မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်နီးပါးလောက်ဖြစ်တဲ့ လူဦးရေ ၂၅ သန်းအထိ ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားသလို ကိုဗစ် ရောဂါနဲ့ အာဏာသိမ်းမှုအရဖြစ်ပေါ်လာတဲ့ နိုင်ငံရေးမတည်ငြိမ်တွေကြောင့် မြန်မာ့စီးပွားရေးဟာ ၁၈ ရာခိုင်နှုန်းလောက် ကျဆင်းနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

မြန်မာပြည်သူတွေဟာ စီးပွားရေးချွတ်ခြုံကျမှု၊ အလွန်အမင်းဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခာမလုံလောက်မှု၊ နေရပ်စွန့်ခွာရွှေ့ပြောင်းရမှု၊ လူသားချင်းစာနာထောက်ထားမှုကပ် စတဲ့စိန်ခေါ်မှုပေါင်းစုံကို ကြုံတွေ့နေရကြောင်းလည်း သံအမတ်ကြီးကဆိုပါတယ်။