ၾကားသိသမွ်

ပုသိမ်လေတပ်မှ စစ်ကောင်စီတပ်သား ၈ ဦးထွက်ပြေးနေ၊ ခွင့်မဲ့စာရင်း မသွင်းသေးကြောင်း ပုသိမ်လေတပ်က ၄င်းတို့ နေအိမ်များကိုစာပို့

ပုသိမ်လေတပ်မှ စစ်ကောင်စီတပ်သား ၈ ဦးထွက်ပြေးနေ၊ ခွင့်မဲ့စာရင်း မသွင်းသေးကြောင်း ပုသိမ်လေတပ်က ၄င်းတို့ နေအိမ်များကိုစာပို့

ကိုကိုလေး/ဧရာဝတီတိုင်းမ်
ဧရာဝတီ ၊ မတ်လ ၁၇ ရက်

ဧရာဝတီတိုင်း၊ပုသိမ်လေတပ်စခန်းဌာနချုပ်မှ စစ်ကောင် စီလေတပ်သား ၈ ဦး ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်းကစတင်၍ ခွင့်မဲ့ပျက်ကွက်ဖြင့် တပ်ကိုစွန့်ခွာထွက်ပြေးနေကြောင်း အဆိုပါထွက်ပြေးသွားသူများ၏မိသားစုဝင်များထံက သိရသည်။

အဆိုပါ လေတပ်ဖွဲ့ဝင်များမှ ၄ ဦးမှာ နေရပ်ပြန်ရန် ခွင့်ရ ရှိ၍ ခွင့်ဖြင့်ပြန်သွားပြီးနောက် ပြန်မလာတော့ခြင်းဖြစ်ကာ ကျန် ၄ ဦးမှာ အဆိုပါ လေတပ်မှပင် ၄င်းတို့နှင့်ရှေ့ဆင့်နောက်ဆင့်ထွက်ပြေးခြင်းဖြစ်သည်ဟု မိသားစုဝင်တဦးကဆိုသည်။

” ခွင့်ရလို့ဆိုပြီး ၁ လပိုင်းလောက်ကအိမ်ကိုခနပြန်ရောက် လာသေးတယ်။ အဲ့ဒီတုန်းကသူဘာမှမပြောဘူး။။ အဲဲ့ဒီလိုဖြစ်နေပြီဆိုတာလည်းမသိဘူး။ ဘယ်မှာရောက်နေတယ်ဆိုတာလည်း အတိအကျမသိဘူး ။ သူကတော့စိတ်မပူဖို့ပြောတယ်။

သူတယောက်ထဲမဟုတ်ဘူး။ သူနဲ့ရှေ့ဆင့်နောက်ဆင့် ခွင့်ရတာ အားလုံး ၄ ယောက်ရတယ်လို့ပြောတယ်။ သူတို့ခွင့်ရပြီးတော့ နောက်ထပ် ၄ယောက်ထပ်ပြီးပြေးတယ်လို့လည်း ပြောတယ်။ အဲ့ဒီနောက်ပိုင်းအဆက်သွယ်မရတာကြာပြီ” ဟု အဆိုပါထွက်ပြေးနေသူများ၏ မိသားစုဝင်များထဲမှ အမည်မဖော်လိုသူ မိ သားစုဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယခုမတ်လဆန်းပိုင်းတွင် ထွက်ပြေးနေသည့် စစ်ကောင် စီတပ်သားများ၏မိသားစုဝင်နေအိမ်များကို စစ်ကောင်စီတပ်က စာပို့၍ ၄င်းတို့ကိုယခုအချိန်ထိ ခွင့်မဲ့ပျက်ကွက်စာရင်းမသွင်းသေးကြောင်းနှင့် ၄င်းတို့ကိုပြန်လာလိုပါက လာ၍ရကြောင်း လစာငွေများလည်းပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း အကြောင်းကြားခဲ့သည်ဟု ဆိုသည်။

” ဒီလဆန်းပိုင်းလောက်မှာ အရပ်ဝတ်နဲ့တယောက်ရောက် လာတယ် ဘသူလည်းဘာလည်းတော့မသိဘူး။ အဲ့ဒီလိုတပ်ကိုပြန်မလာတဲ့ကိစ္စနဲ့ပတ်သက်ပြီး ညှိနှိုင်းဖို့ရှိတယ်ပေါ့။

စာမှာရေးထားတာက အခုချိန်ထိသူတို့ကိုခွင့်ဘဲထားထားတယ်။ ပြန်လာခဲ့ဖို့ပြောဖို့ပေါ့။ ပြီးရင်ခုထိလစာတွေလည်းပြန်ထုတ်ပေးမယ် ဆိုပြီးအကြောင်းကြားလာတာ။ အဆက်သွယ်ရရင်ပြန်ပြောပါမယ်လို့ပြောလိုက်တယ် ” ဟု ၄င်းကဆက်လက်ပြောသည်။

စစ်ကောင်စီ၏ လုပ်ထုံးလုပ်နည်းများအရ စစ်ကောင်စီတပ်မှ အရာရှိ၊စစ်သည်တဦးသည် အ ကြောင်းတစုံတရာတင်ပြခြင်းမရှိဘဲ ၂၄ နာရီထက်ကျော်လွန်၍ ခွင့်မဲ့ဖြစ်နေပါကအဆိုပါအရာရှိ၊စစ်သည်အားခွင့်မဲ့ပျက်ကွက်အဖြစ် စတင်ကြေငြာရပြီး ခွင့်မဲ့ရက် ၂၁ ရက်ပြည့်မြောက်ပါက စစ်ပြေးအဖြစ် ကြေညာရကြောင်း တပ်မတော်သားဟောင်းတဦးက ပြောသည်။

” သတ်မှတ်ရက်ခွင့်လွန်တာဘဲဖြစ်ဖြစ် ဘာမှမပြောဘဲ ပျောက်သွားတာဘဲဖြစ်ဖြစ်။ ၂၄ နာရီကျော်ပြီး သတင်းမပို့ဘူးဆိုရင် အဲ့ဒီပျောက်နေတဲ့ အရာရှိဖြစ်ဖြစ်၊ စစ်သည်ဖြစ်ဖြစ် ခွင့်မဲ့ကြေညာရတယ်။ ခွင့်မဲ့ ဖြစ်ပြီး ၂၁ ရက်ပြည့်ရင် စစ်ပြေးကြေငြာရတယ်။ အဲ့ဒီလိုမလုပ်ဘဲ ၂ လကျော်လောက်သူတို့ထိန်းထားတယ်ဆိုတာတော့ သူ့တပ် မှူးနဲ့ဘဲဆိုင်တယ်” ဟု တပ်မတော်တွင်း ဆယ်နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့သည့် အရာရှိဟောင်းတဦးက ဆိုသည်။

ထို့အတူ ဧရာဝတီတိုင်းအတွင်းရှိ ခွင့်မဲ့တပ်ပြေးများနှင့် ရဲပြေးများကို ယခုမတ်လပိုင်းအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အပူတပြင်းလိုက်လံရှာဖွေနေကြကြောင်း ဒေသခံများထံက သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူနှင့်ပူးပေါင်း၍ CDM ပြုလုပ်သည့်စစ်ကောင်စီတပ်ဖွဲ့များ အများအပြားရှိနေသလို CDM ပြုလုပ်ခြင်းမရှိသော်လည်း စစ်ကောင်စီတပ်တွင်းတာဝန်မထမ်းဆောင်လို၍ နိုင်ငံဒေသအနှံ့ အ ပြား ခွင့်မဲ့ပျက်ကွက်ပြုလုပ်၍ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားရှိနေကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့ကထုတ်ပြန် ထားသည်။

ဓာတ်ပုံ – စစ်ကောင်စီလေတပ်ဖွဲ့ဝင်များ(ပုံဟောင်း)
#AyeyarwaddyTimes