ၾကားသိသမွ်

အာဆီယံ ကိုယ်စားလှယ် မအားလို့ NCA ထိုးထားတဲ့ EAO တွေ နေပြည်တော် လာစရာ မလိုတော့ဟုဆို

အာဆီယံ ကိုယ်စားလှယ် မအားလို့ NCA ထိုးထားတဲ့ EAO တွေ နေပြည်တော် လာစရာ မလိုတော့ဟုဆို

မြန်မာနိုင်ငံသို့ လာမည့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်များဖြင့် ဖွဲ့ထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တို့ တွေ့မည့် အစီအစဉ် ပျက် သွားကြောင်းသိရသည်။


အဆိုပါ အထူးကိုယ်စားလှယ်မှာ မတ် ၂၀ရက်တွင် မြန်မာနိုင်ငံသို့ ရောက်မည်ဖြစ်ပြီး နောက်တရက်တွင် နေပြည်တော် ၌ PPST အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ (EAOs)များနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသော်လည်း အချိန်မလုံလောက်ဟုဆိုကာ ဖျက်လိုက်ခြင်းဖြစ်ကြောင်း PPST အဖွဲ့ဝင် ပအို့ဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

“ အဲဒီ အစီအစဉ်ကို ဖျက်တဲ့အကြောင်း နေပြည်တော်က စာပြန်လာတယ်။ စာပြန်တာ ၂ ရက်လောက် ရှိပြီ။ သူတို့ ပြော တာကတော့ ကိုယ်စားလှယ်က အချိန်မရလို့ပါတဲ့။ သူက နေပြည်တော်ကို ရောက်မယ်။ တပ်ချုပ်ကြီးနဲ့ တွေ့မယ်။ ပြီးရင် ပြန်မယ်။ နိုင်ငံရေးပါတီတွေနဲ့ တွေ့မယ်။ ၂၃ မှာ ပြန်ထွက်မယ်လို့ ပြောထားတော့ ကျနော်တို့ EAO တွေနဲ့ တွေ့ခွင့်မရလို့ တောင်းပန်ပါတယ်ဆိုပြီး ဖျက်သိမ်းလိုက်ပြီ။ ကျနော်တို့အဖွဲ့တွေ သွားဖို့ မရှိတော့ဘူး ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။


တွေ့ဆုံရေးအစီအစဉ် ပျက်သွားကြောင်းကို စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPC) အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး မင်းနောင်က မတ် ၁၄ ရက်တွင် စာပေးပို့ အကြောင်းကြားခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

သို့သော် PPST အနေဖြင့် ပြည်ပတနေရာတွင် တွေ့ဆုံခွင့်ရရန် အထူးကိုယ်စားလှယ်အား တောင်းထားကြောင်လည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“ ကျနော်တို့ကတော့ ဒီလိုဆိုလည်း သပ်သပ်စီစဉ်ပါ။ ထိုင်းမှာဖြစ်ဖြစ်၊ ဖနွမ်းပင်မှာဖြစ်ဖြစ် တွေ့လို့ရပါ တယ်လို့ ကမ်း လှမ်းထားတယ်။

ပြည်တွင်းမှာ မတွေ့ဖြစ်လည်း တမျိုးကောင်းပါတယ်။ အချိန်ယူပြီး တွေ့နိုင်တဲ့နေရာ စီစဉ်ပါ။ ကျနော်တို့က တွေ့နိုင်ပါတယ်လို့ အကြောင်းကြားထားတယ်။ ဒါပေမဲ့ သူတို့ဘက်ကတော့ အကြောင်းမပြန်သေးပါဘူး ” ဟု ပြောဆိုကြောင်း ဟု ဧရာဝတီ သတင်းမှာ ဖော်ပြထားပါတယ်။


လက်ရှိ မြန်မာနိုင်ငံအတွင်း၌ တိုက်ပွဲများ ပြင်းထန်လာပြီး စစ်ဘေးရှောင်များ များပြားလာနေသဖြင့် စစ်ရှောင်များအား အကူအညီနှင့် အကာအကွယ်များပေးနိုင်ရန် အရေးကြီးနေကြောင်း၊ စစ်ရှောင်များအား အကူအညီပေးနိုင်ရေး အာဆီယံ အထူးကိုယ်စားလှယ်နှင့် ဆွေးနွေးလိုကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် မတ် ၁၀ ရက်ကလည်း အာဆီယံအထူးကိုယ်စားလှယ်၏ အကြံပေးဖြစ်သူ ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံ အမျိုး သား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါနှင့် PPST အဖွဲ့ အပါအဝင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ အချို့သည် ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့ရှိ ရှန်ဂရီလာဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့သေး သည်။

အဆိုပါ တွေ့ဆုံပွဲတွင် အပစ်ရပ်လက်မှတ်ထိုးထားသည့် EAOs နယ်မြေများရှိ စစ်ဘေးရှောင်များအတွက် ဂျပန်အစိုးရ ဘက်က ဆန်အိတ် ၅၀,၀၀၀ အကူအညီပေးရန် သဘောတူခဲ့သည်။