ၾကားသိသမွ်

“အတန်းတိုင်း ပထမ ရခဲ့တဲ့ ကျွန်တော် အခုတော့ ပထမ မရချင်တော့ပါပြီ”ဒေါက်တာ သန်းမင်းထွဋ် (ပင်းတယမီးအိမ်ရှင်)

“အတန်းတိုင်း ပထမ ရခဲ့တဲ့ ကျွန်တော် အခုတော့ ပထမ မရချင်တော့ပါပြီ”

ဒေါက်တာ သန်းမင်းထွဋ် (ပင်းတယမီးအိမ်ရှင်)

ငယ်ငယ်က ကျွန်တော် အတန်းတိုင်းမှာ ပထမ အမြဲ ရခဲ့ဘူးပါသည်။ ပထမတန်းမှာ ပထမ ဘယ်သူပါလဲ။ ကျွန်တော်ပါဘဲ။ ဒုတိယတန်းမှာလဲ ဒီလိုပါဘဲ။ အတန်းတိုင်းမှာ ပထမနေရာသည် ကျွန်တော့အတွက်။ ကျောင်းမှာ စာမေးပွဲ တစ်ခုဖြေလိုက်လျှင် ပထမ ဘယ်သူလဲ။

ကျွန်တော်သာ ဖြစ်ပါသည်။ ကံဇာတ်ဆရာအလိုကျ ကရင်း ပြရင်း ကျွန်တော် ဆယ်တန်းမှာ နှစ်နှစ်ကြာခဲ့သည်။ စာမေးပွဲ ကျလို့မဟုတ်။ ၁၉၈၈ အရေးတော်ပုံကြီးနှင့် တိုးသောကြောင့် ဖြစ်လေသည်။

ကျွန်တော့ အမေက ဗေဒင်ဝါသနာကြီးသည်။ သူကိုယ်တိုင်လည်း တွက်တတ်သည်။ ကျွန်တော် ရှစ်တန်းလောက်မှာ ကျွန်တော့် ဇာတာကို အမေက တွက်သည်။


“ဟဲ့ နင် ဆယ်တန်းမှာ ကျမယ်တဲ့။” အမေက ဗေဒင်ဟောသည်။
“ဟာ အမေ ကလဲ မဖြစ်နိုင်တာ။ ဘယ်တော့မှ ကျွန်တော်မကျဘူး” အမေ့ကို ပြန်ပြောခဲ့သည့် စကား။ ဒါပေမဲ့ ၁၉၈၈ နဝမတန်း သုံးထပ်ကွမ်း လူရည်ချွန်စခန်းက ပြန်လာပြီး သိပ်မကြာမီ ပြည်သူ့ အရေးတော်ပုံကြီးကို ကြုံရတော့သည်။ ဆယ်တန်းတက်လက်စ ကျောင်းပိတ်၊ ၁၉၉၀ မှာမှ ဆယ်တန်းအောင်တော့သည်။ အမေ့ဗေဒင် မှန်လေစွ။ ဆယ်တန်းအောင်ပြန်တော့ တက္ကသိုလ်တွေက မဖွင့်သေး။

ဘယ်အချိန် ဆေးကျောင်းဖွင့်မှာလဲ၊ ဘယ်သူမှ မသိ။ အဖေက စိတ်လေမှာ စိုးသဖြင့် သူကျောင်းအုပ်လုပ်နေသော မြောင်းမြ အထက (၅) မှာ ကျွန်တော့်ကို လုပ်အားပေးဆရာ လုပ်စေသည်။ သင်ရမှာက (၈)တန်း၊ ဘာသာက သင်္ချာ။ ကျောင်းဆရာ ဖြစ်လာသည်မှာ အကောင်းတော့ မဟုတ်။ ထိုနှစ် ၁၉၉၀ မှာ အဖေက မြောင်းမြ အထက (၅) ကျောင်းသို့ ကျောင်းအုပ်ကြီးအဖြစ် ပြောင်းလာသည်။ အဖေပြောင်းပြီး တစ်ပတ်အကြာမှာ အစိုးရစစ် (၈) တန်း အောင်စာရင်းထွက်သည်။ အားတက်စရာပင်။


ဖြေဆိုသူ (၅၀) မှာ အောင်မြင်သူ (၃) ယောက်။ ဧရာဝတီတိုင်းမှာ အောင်ချက် အနည်းဆုံးကျောင်း၊ ကျောင်းသားတွေ ဘာနဲ့ကျ။ သင်္ချာနှင့်ကျလေသည်။ ကျလည်း ကျသင့်ပါသည်။ သင်္ချာဆရာ ပြောင်းသွားတာ (၆) လ။ ဟိုလူဝင်သင်လိုက်၊ ဒီလူ ဝင်သင်လိုက်။ အဖေ့မှာ ရောက်လို့မှ မကြာခင် ထုချေလွှာ ရေးရတော့သည်။

ဒီနှစ်တော့ ဒီလို မဖြစ်မခံနိုင်။ သင်္ချာ သေသေချာချာ သင်ရမည်။ ဆရာ၊ ဆရာမတွေ အားလုံးက ထုချေလွှာ အများဆုံး ရေးရသော ကလေးတွေနှင့် ကျွန်တော်၊ အသက်မကွာလှ။ ညီအစ်ကို သင်္ချာဆရာဘဝကို ဝေါင်ဝေါင်ရှေး၍ ဝေးဝေးရှောင်ကြလေသည်။ သည်မှာတင် ကျွန်တော် သင်္ချာဆရာ ဖြစ်လာပါတော့သတည်း။

ကလေးတွေနှင့် ကျွန်တော် အသက်မကွာလှ။ ညီအစ်ကိုလိုလည်း မေးလို့ရသည်။ ဆရာလိုလည်း သင်လို့ရသည်။ သူတို့ ကျွန်တော့်ကို ချစ်ကြသည်။ ကျွန်တော်တို့ သင်္ချာ စာသင်ခန်းလေးသည်၊ ပျော်စရာကောင်းလှသည်။ သူတို့ အများစုက ဆင်းရဲကြသည်။ ကျူရှင် မရှိကြ၊ ကျောင်းကိုသာ အားကိုးရသည်။ သူတို့ အားကိုးမှန်းသိတော့ ကျွန်တော်တို့ သားအဖ အချိန်ပိုသင်ကြသည်။ မီးမရှိသော ကျောင်းလေးမှာ ဖယောင်းတိုင်ဖိုး စိုက်ရင်း စာသင်ကြသည်။


တစ်နေ့။ ထိုတစ်နေ့ကို ကျွန်တော် မမေ့နိုင်ပါပြီ။ ကျောင်းဆရာပေါက်စ ကျွန်တော်က တပည့်တွေကို အိမ်စာပေးလိုက်သည်။ သင်္ချာ(၅) ပုဒ် ပြီးအောင်တွက်ခဲ့ကြ။ မပြီးလျှင် သုံးချက်ရိုက်မည်။ နောက်နေ့မှာ ကလေးတွေ စာအုပ်လာထပ်ကြသည်။ ကျွန်တော်ကလည်း အသေအချာစစ်သည်။ သည်မှာ ကလေးတစ်ယောက် စာအုပ်လာမထပ်တာ သိလိုက်သည်။ သူ့နာမည်က သိန်းထွေးတင့်။ သူသည် အတန်းထဲမှာ ထူးချွန်သူတစ်ယောက် ဖြစ်လေသည်။

တောကျောင်းမှာဆိုတော့ သူ့အဆင့်နှင့်သူပေါ့။ သည်လို ကျောင်းသားက စာမလုပ်လာတာဆိုတော့ ကျွန်တော်က ခွင့်မလွှတ်နိုင်ပြီ။
“သိန်းထွေးတင့်၊ မင်း စာမလုပ်လာဘူး မဟုတ်လား”

“ဟုတ်ကဲ့ပါ ဆရာ”
“မင်းမှာ အပြစ်ရှိလား”
“ရှိပါတယ် ဆရာ”

“စာမလုပ်လာရင် ဘာလုပ်မယ်လို့ ဆရာမှာလိုက်လဲ”
“ရိုက်မယ်လို့ ပြောထားပါတယ် ဆရာ” တပည့် သိန်းထွေးတင့်က သူ့လက်လေးကို ကျွန်တော့်ရှေ့မှာ ဖြန့်လိုက်သည်။ ကျွန်တော်က ရိုက်မည်ဟု ရွယ်လိုက်သည်။ ထိုစဉ် ကျွန်တော့်ခေါင်းထဲမှာ အတွေးတစ်ခု ဝင်လာပါသည်။ “နေပါဦးကွ၊ မင်းက ဘာလို့ အိမ်စာလုပ်မလာရတာလဲ”

“ညက လမ်းမီးပျက်လို့ပါ ဆရာ”
“ဟ လမ်းမီးပျက်တာနဲ့ သင်္ချာ လုပ်တာ ဘာဆိုင်လို့လဲ”

သည်မှာတင် သိန်းထွေးတင့်က သူ့ဖြစ်ကြောင်းကို ပြောပြပါတော့သည်။ သူ့မှာ အဖေမရှိ၊ အမေအိုကြီးသာရှိသည်။ သူ ကျောင်းဆင်းလျှင် ဆိုက်ကားနင်းရလေသည်။ ထိုဆိုက်ကားနင်းရငွေက အိမ်အတွက် ထမင်းဖိုး၊ ဟင်းဖိုး။ ညကျလျှင် သူ မီးကင်းစောင့်သေးသည်။ မီးကင်းစောင့်ရင်း စာလုပ်သည်။ လမ်းမီးတိုင်လေး အားကိုးလို့။ လမ်းမီးမလာလျှင် သူစာမလုပ်နိုင်တော့။ သူ့ဘဝကို ပြောပြတော့ သူ့ကို ကျွန်တော် မရိုက်ရက်တော့ပြီ။ သူ့ကို ရွယ်ထားသောတုတ် အောက်ကို ပြန်ကျသွားသည်။ သူ့ကို မရိုက်တော့။


ကျွန်တော် တွေးမိသည်။ သိန်းထွေးတင့်လို လူငယ်တွေကြားမှာ ကျွန်တော် ပထမရတာ တရားရဲ့လား။ လက်ဝှေ့ထိုးသည်ဆိုလျှင် တန်းတူမှ ထိုးရသည်လေ။ အလေးမသည်ဆိုလျှင် ဝိတ်တူမှ မ ရသည်လေ။ ကိုယ်က တစ်ပန်းသာသော အနေအထားဖြင့် သူတို့ကို အနိုင်ယူပြီး ပထမရခြင်းသည် မတရား။ သူတို့ကိုလည်း ကိုယ့်လိုအဆင့်ဖြစ်အောင် လုပ်ရမည်။ ကိုယ်စာကျက်ချိန် သူမီးကင်းစောင့်နေခြင်းသည် မတရား။ သည်မှာတင် ကျွန်တော် အသိအမြင် ပြောင်းတော့သည်။

ကျွန်တော် တစ်ယောက်တည်း ပထမ မရချင်တော့။ ကျွန်တော်နှင့် ထိစပ်သူတိုင်းကို အတူတူကြိုးစားပြီး အတူတူသာ ပထမရချင်တော့သည်။ သိန်းထွေးတင့်လို လူငယ်လေးတွေကို ခွန်အားတွေ ပေးရင်း ကြော့ကြော့မော့မော့ ဆုယူနေသော သူဌေးသား ပထမဆုရှင်တွေကို အားမကျတော့ပြီ။

တတိယနှစ် ဆေးကျောင်းသားဘဝမှာ မြောက်ဒဂုံမြို့သစ် တည်ခါစအချိန်၊ အမှိုက်ပုံကြီးဘေးက လူငယ်လေးများအတွက် ကျွန်တော် စာသင်ကျောင်း တစ်ကျောင်း စတင် ထူထောင်ဖြစ်ခဲ့သည်။ ယခုဆို သက်တမ်း (၂၂) နှစ်ရှိပြီ။ ဦးကျော်သူတို့၏ နာရေးကူညီမှုအသင်းရုံးဘေးမှာ ယခုသွားကြည့်လိုက်လျှင် ဝေဇယန္တာ လူငယ်များ ဖွံ့ဖြိုးရေးကျောင်းဆိုတာ ယခုတိုင် တွေ့ရပါမည်။ ယခုထိလည်း ကျောင်းသူကျောင်းသားတွေ ပညာသင်နေဆဲ။ ကျွန်တော်လည်း ပရဟိတ လမ်းမှာ လျှောက်လှမ်းဆဲ။

သိန်းထွေးတင့် ပေးခဲ့သော အသိကြောင့် ကျွန်တော် ပထမ မရချင်တော့ပြီ။ အားလုံး အားလုံး ပထမရဖို့သာ ကျွန်တော် ကြိုးစားပါတော့သည်။ သတိရတုန်းပြောလိုက်ချင်ပါသေးသည်။ ထိုနှစ်က သိန်းထွေးတင့် ဂုဏ်ထူးသုံးဘာသာဖြင့် အောင်ပါသည်။ ကျွန်တော်တို့ မြောင်းမြ အထက (၅) ကျောင်းသည် ဧရာဝတီတိုင်းတွင် (၈) တန်းအောင်ချက် ပထမရပါသည်။ ဖြေဆိုသူ (၄၅) ဦး သင်္ချာဂုဏ်ထူး (၂၃)ဦး ထွက်ပါသည်။

သူတို့ကို ကြည့်ရင်း ကျွန်တော် ကျေနပ်နေပါသည်။ ကျွန်တော် ပထမ မရချင်တော့ပါပြီ။
(လူရည်ချွန်သုံးထပ်ကွမ်း၊ စာမူရှင် ဒေါက်တာ သန်းမင်းထွဋ်၏ ဖခင်၊ မြောင်းမြ အ-ထ-က ၅ သို့ ပြောင်းလာသူ ကျောင်းအုပ်ကြီးဆိုသူမှာ ကွယ်လွန်သူ အမှတ် (၁) အခြေခံပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (ငြိမ်း) ၊ ဆရာကြီး ဦးယုံရှိန် ဖြစ်ပါသည်။)

စာပိုင်ရှင် ဆရာ သန်းမင်းထွဋ် (ပင်းတယ မီးအိမ်ရှင်) အား ဂါရဝပြုအပ်ပါသည်