ၾကားသိသမွ်

ဗိုလ်ချုပ်ကြီးရာပြည့်စစ်ကောင်စီအဖွဲ့ဝင်ဖြစ်လာပေမယ့် မောင်မောင်ကျော် ပျောက်ဆုံးနေ

ဗိုလ်ချုပ်ကြီးရာပြည့်စစ်ကောင်စီအဖွဲ့ဝင်ဖြစ်လာပေမယ့် မောင်မောင်ကျော် ပျောက်ဆုံးနေ

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် အာဏာသိမ်းစစ်ကောင်စီ၏ နောက်ဆုံးတိုးချဲ့လိုက်သည့် အဖွဲ့ဝင်သစ်ဖြစ်လာကြောင်း သိရသည်။

စစ်ကောင်စီ အစိုးရတွင်ရုံးဝန်ကြီးဖြစ်သော စစ်တက္ကသိုလ် အပတ်စဉ် (၂၂) ဆင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို ကောင်စီအဖွဲ့ဝင်အဖြစ်ခန့်အပ်လိုက်ကြောင်းအမိန့်စာ ဖေဖော်ဝါရီလ ၈ ရက်နေ့က ထွက်လာခဲ့သည်။


စစ်အာဏာသိမ်းခေါင်းဆောင်က တိုင်းရင်းသားတပ်မတော်များအား ထာဝ ရငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ကမ်းလှမ်းပြီးနောက် ယခင်အစိုးရအဆက်ဆက်စစ်တပ်ကိုယ်စားပြု ငြိမ်းချမ်း ရေးဆွေးနွေးပွဲခေါင်းဆောင်အဖြစ်ဆောင်ရွက်ခဲ့သည့် ဒု-ဗိုလ်ချုပ်ကြီး ရာပြည့် အား ယခုကဲ့သို့စစ်ကောင်စီ၏ အဖွဲ့ဝင်အဖြစ်ပြောင်းလဲတာဝန်ပေးခြင်းဖြစ်သည်။

ဒု-ဗိုလ်ချုပ်ကြီး ရာပြည့်သည် စစ်ကောင်စီကဖွဲ့ စည်းထားသည့် ပြည်ထောင်စုအစိုးရရုံးဝန်ကြီးဌာန- ၁ ​ပြည် ထောင်စုဝန်ကြီးအဖြစ် ဆောင်ရွက်နေသူဖြစ် ကြောင်းလည်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စစ်တပ်ကိုယ်စားလှယ်အစုအဖွဲ့ဘက်မှဦးဆောင်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် စစ်ကောင်စီ၏ ဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် စစ်တက္ကသိုလ်အပတ်စဉ်တူဖြစ်ကာ စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်၊ စစ်ဥပဒေချုပ်တာဝန်တို့ကို ထမ်းဆောင်ခဲ့ဖူးသည်။

သို့သော် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလတွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်မှ ရာထူးမတိုးတော့ဘဲ အရံအင်အားသို့သာ ပြောင်းရွှေ့ ခံခဲ့ရပြီး အာဏာသိမ်းပြီးသုံးလကျော်အကြာတွင် ရုံးဝန်ကြီးပြန်လည်ခေါ်ယူခန့်အပ်ခံရသည်။


စစ်ကောင်စီအဖွဲ့ဝင်သစ်တစ်ဦးတိုးလိုက်ချိန်မှာ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သော အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ကတော့ သတင်းများတွင်ပျောက်နေသည်။

စစ်တက္ကသိုလ်အပတ်စဉ် (၂၇) ဆင်း ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်သည် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် (လေ) မှ ဗိုလ်ချုပ်ကြီးလုပ်သက်ပြည့် အနားပေးခံခဲ့ရသော်လည်း စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ဆက်ရှိနေမှာဖြစ်ကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အလဲဗင်းမီဒီယာသို့ပြောကြားခဲ့သည်။


သို့သော် ဇန်နဝါရီ ၂၀ ရက်က ကျင်းပသည့် ၂၀၂၂ ခုနှစ် ပထမအကြိမ် စစ်ကောင်စီ အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် မပါဝင်ခဲ့သလို အာဏာသိမ်းခေါင်းဆောင်အပါအဝင် စစ်ကောင်စီအဖွဲ့ဝင်များတက်ရောက်လေ့ရှိသောပွဲများတွင်လည်းမတွေ့ရဘဲ တစ်လနီးပါးကြာသည့်တိုင် ပျောက်ကွယ်လို့နေသည်။