ၾကားသိသမွ်

ရှမ်းပြည်အတွင်း အချင်းချင်းတိုက်ခိုက်နေသဖြင့် အာဏာရှင်များ ထင်တိုင်းကြဲအုပ်ချုပ်နေ ဟု SNLD ဥက္ကဌ ပြော

ရှမ်းပြည်အတွင်း အချင်းချင်းတိုက်ခိုက်နေသဖြင့် အာဏာရှင်များ ထင်တိုင်းကြဲအုပ်ချုပ်နေ ဟု SNLD ဥက္ကဌ ပြော

မဲခေါင်၊ ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်အတွင်း အချင်းချင်းမညီညွှတ်ဘဲ ကွဲပြားနေပြီး တိုက်ခိုက်နေသောကြောင့် ပြည်ထောင်စုအစိုးရအမည်ခံနှင့် အာဏာရှင်များက ထင်တိုင်းကြဲအုပ်ချုပ်ခွင့်ရနေကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) ဥက္ကဌ ဦးစိုင်းညွန့်လွင် က သတိပေးပြောကြားသည်။

ပြည်နယ်သားအချင်းချင်းကြား ကွဲပြားတိုက်ခိုက်နေသောကြောင့် ခေတ်အဆက်ဆက် ပြည်ထောင်စုအစိုးရအမည်ခံထားသူများက လက်ဝါးကြီးအုပ်စီမံအုပ်ချုပ်နေသည်ဟု SNLD ဥက္ကဌ ဦးစိုင်းညွန့်လွင် က ထောက်ပြပြောဆိုသည်။

“တကယ်တမ်းပြောရရင် ရှမ်းပြည်သားတွေဟာ အချင်းချင်းမညီမညွှတ် ကွဲပြားနေကြပြီး တိုက်ခိုက်နေကြတာပါ။ အဲ့လို ကွဲပြားနေတဲ့ ကာလတွေမှာ ပြည်ထောင်စု အစိုးရအမည်ခံထားတဲ့ အဲ့ဒီပုဂ္ဂိုလ်တွေက အဲ့ဒီလူတွေက ရှမ်းပြည်ကြီးကို လက်ဝါးကြီးအုပ်စီမံခန့်ခွဲခဲ့ကြတယ်ဆိုတာကို နက်နက်နဲနဲစဉ်းစားကြသူတိုင်း သိကြမှာဖြစ်ပါတယ်” ဟု ၇၅ နှစ်မြောက် ရှမ်းအမျိုးသားနေ့အထိမ်းအမှတ် စာပေဟောပြောပွဲအဖွင့်မိန့်ခွန်းတွင် ဦးစိုင်းညွန့်လွင်က ထည့်သွင်းပြောကြားခဲ့သည်။

မညီမညွှတ်တိုက်ခိုက်နေမှုများအတွက် တစ်ခုတည်းသောလုပ်နိုင်သည့်နည်းလမ်းမှာ ရှမ်းပြည်သားအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး နည်းလမ်းမှလွဲပြီး အခြားနည်းလမ်းမရှိကြောင်း SNLD ဥက္ကဌ ဦးစိုင်းညွန့်လွင် က ဆိုသည်။

“တကယ်လို့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ကြမယ်ဆိုရင် နှစ်ပေါင်း ၆၀ ကျော် အာဏာရှင်အမျိုးမျိုး အုပ်ချုပ်မှုအောက်ကနေပြီးတော့ အလွတ်ရုန်းထွက်ဖို့ အောင်မြင်မှုဆောင်ရွက်နိုင်တယ်လို့ ယူဆမိပါတယ်။

နောင်တချိန်ရှမ်းပြည်နယ်ထဲမှာ အာဏာရှင်တွေလာရောက် အုပ်ချုပ်မင်းလုပ်ပြီး ထင်တိုင်းကြဲနေတဲ့ အခြေအနေမျိုးအဖြစ်ရလေအောင် စုပေါင်းကာကွယ်သွားနိုင်လိမ့်မယ်လို့ ကျနော်တို့အလေးအနက်ယုံကြည်တဲ့အတွက် ဒီစာတမ်းကို ထုတ်ပြန်ရခြင်းဖြစ်ပါတယ်” ဟု ဦးစိုင်းညွန့်လွင်က ထည့်သွင်းပြောကြားသည်။

ရှမ်းလက်နက်ကိုင်၊ ရှမ်းနိုင်ငံရေးပါတီများနှင့် ရှမ်းလူမှုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် ရှမ်းပြည်ညီညွှတ်ရေးကော်မတီ ( CSSU ) က ၇၅ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့တွင် ရှမ်းပြည်နယ်အတွင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် စာတမ်းထုတ်ပြန်ခဲ့သည်။

ယင်းစာတမ်းတွင် ဖက်ဒရယ်ရှမ်းပြည်အဖြစ် ပြန်လည်အသက်သွင်းခြင်းသည် ပြည်နယ်တည်ဆောက်ရေးအတွက် အရေးကြီးလိုအပ်ချက်ဖြစ်ပြီး ရှမ်းပြည်နယ်အား အခြားပြည်နယ်မှ အားကျဂုဏ်ယူရသည့် ပြည်နယ်အဖြစ် ထုတ်ဆစ်ကြရန်လည်း ထည့်သွင်းဖော်ပြထားသည်။

ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း သက်ဆိုင်သူများအားလုံးပါဝင်ရေးဆွဲပြီး ပြဌာန်းသွားမည်ဖြစ်ပြီး ဒေသန္တရအဆင့်ဆင့်တွင် ဥပဒေပြုခွင့်ကျင့်သုံးနိုင်ရန် ဒေသန္တရကောင်စီများဖွဲ့စည်းသွားမည်ဟု စာတမ်းတွင်ပါရှိရည်မှန်းထားသည်။

၁၉ ၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် ၁၉ ၆၁ ခုနှစ်တွင် တောင်ကြီးမြို့၌ ပြည်နယ်ပေါင်းစုံညီလာခံအား တိုင်းရင်းသားခေါင်းဆောင်များက ကျင်းပခဲ့သည်။ ယင်းညီလာခံမှ ဆုံးဖြတ်အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမူကို ပြည်ထောင်စုကြီးအား တစ်စစီ ဖြိုခွဲဖျက်ဆီးမည့်မူအဖြစ် စစ်တပ်က စွပ်စွဲပြီး ၁၉ ၆၂ ခုနှစ်တွင် အာဏာသိမ်းခဲ့သည်။

ရှမ်းပြည်နယ်တွင် ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်သည့် RCSS၊ SSPP၊ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA၊ ဝ လက်နက်ကိုင်အဖွဲ့ UWSA၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA၊ မိုင်းလား NDAA၊ ပအို့ဝ်လက်နက်ကိုင် PNLO တို့ရှိကြပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်းကြားတွင်လည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည်။

#MeKongNews