ၾကားသိသမွ်

အချိန်မဖြုန်းရန်နှင့် သေနတ်ကိုင်မောင်းတင် အဆင်သင့်လုပ်ရန် KNU ပြောရေးဆိုခွင့်ရှိသူပြောကြား

အချိန်မဖြုန်းရန်နှင့် သေနတ်ကိုင်မောင်းတင် အဆင်သင့်လုပ်ရန် KNU ပြောရေးဆိုခွင့်ရှိသူပြောကြား

🔻 စစ်တပ်ကပြောတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အခုချိန်မှာ ကျနော်တို့က သွားပြီးဆွေးနွေးစရာ အကြောင်းမရှိဘူး။ ဒီအချိန် ဒီကာလမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ဘာညာ လာပြောစရာအကြောင်းကို မရှိတာ။

🔻 ကျနော်တို့လုပ်ခဲ့တုန်းကလည်း သေသေချာချာ ကောင်းကောင်းမွန်မွန်လုပ်နိုင်တဲ့ အခွင့်အရေးရှိလျှက်သားနဲ့ လုံးဝကို ဂရုမစိုက်ဘဲ နောက်ဆုံးကျတော့ အာဏာသိမ်းတယ်။ အကြမ်းဖက်နည်းနဲ့ လုပ်လာတဲ့အခါကျတော့ ကျနော်တို့က လုံးဝ လက်ခံလို့ မရဘူး။ သည်းမခံနိုင်ဘူး အဲဒီအနေအထားကို။


🔻 တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်လက်မှတ်ထိုးပြီးနောက်ပိုင်း သူတို့နဲ့သွားပြီး ဆွေးနွေးခဲ့တာ နှစ်ပေါင်း၊ လပေါင်းများခဲ့ပြီ။ သူတို့က အတင်းအဓမ္မအာဏာသိမ်းယူတယ်။ ပြီးတော့ သဘောတူညီချက်ကတိတွေကို ဖျက်ဆီးခဲ့တယ်။ အဲဒါကြောင့် ကျနော်တို့ကသွားပြီး ဆွေးနွေးစရာ မလိုတော့ဘူး။

🔻 အခု ကျနော်တို့လုပ်ရမှာက စစ်တပ်ဟာ သူတို့နေရာ သူတို့နေရမယ်။ ပြီးတော့ နိုင်ငံရေးမှာ ဝင်မပါရဘူး။ ကျနော် ပြောချင်တာက ဒီအချိန် ဒီကာလမှာ လူထုတရပ်လုံး တောင်းဆိုမှုဖြစ်တဲ့ စစ်တပ်ဟာ နိုင်ငံရေးထဲက လုံးဝကို ထွက်ခွာသွားဖို့ပါ။ သူတို့ဆီက ဖက်ဒရယ်ဒီမိုကရေစီရဖို့တော့ မမျှော်လင့်နဲ့။

🔻 ကျနော်တို့ ရှေ့ဆက်ပြီး လုပ်နိုင်တာက စစ်အာဏာသိမ်းတာနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့အဖွဲ့အစည်းအားလုံးနဲ့ လက်တွဲပြီးတော့ တိုင်းသစ်ပြည်သစ်ကို ထူထောင်ဖို့ တာစူပြီး လုပ်သွားတော့မယ်။

🔻 အသစ်အသစ်သော တိုင်းပြည်၊ အသစ်အသစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သွားမှာဖြစ်တဲ့အတွက် နောက်လှည့်ပြီးတော့ သူတို့ပြောတာတွေကို ခေါင်းထဲမှာ ထည့်စရာအကြောင်းမရှိတော့ဘူး။

🔻 ခုချိန်မှာ အာဏာသိမ်းခေါင်းဆောင်တွေကို အာဆီယံနိုင်ငံတွေတောင် နေရာမပေးတာ အားလုံးသိတာပဲ။ သူတို့လုပ်မယ့် ဆွေးနွေးပွဲ သွားတက်မယ်ဆို သူတို့လုပ်ဆောင်ချက်တွေကို အားပေးအားမြှောက်၊ အသိမှတ်ပြုရာ ရောက်သွားမယ်။ သွားပတ်သက်စရာ မလိုအပ်ဘူး။
🔻 သူတို့အမြဲလုပ်တာက တစ်ဖက်က နိုင်ငံရေးဆွေးနွေးပွဲအတွက် ခေါ်တယ်။ တစ်ဖက်က ကျနော်တို့နယ် မြေကို လာပြီး တိုက်ခိုက်တယ်။ ဒီလိုလုပ်တာဟာ များခဲ့ပြီ။ ကျနော်တို့အတွက် သင်ခန်းစာရခဲ့တာလည်း များပြီ။


🔻 သူတို့က နိုင်ငံရေးဆွေးနွေးမယ်လို့ပြောရင် ကျနော်တို့ကတော့ သေနတ်ကိုင်ပြီး မောင်းတင်ဖို့ အဆင်သင့်လုပ်ရတော့မယ်။ ဒါက ကျနော်တို့ ကြုံတွေ့ခဲ့ရတဲ့ ဖြတ်သန်းမှုတွေပဲ။

🔻 စစ်အာဏာသိမ်းခါစနဲ့ တစ်နှစ်ပြီးတဲ့နောက်ပိုင်း စစ်ပွဲအခြေအနေက လုံးဝ မတူတော့ဘူး။ အရင်ကနဲ့ မတူတာက အခု တနိုင်ငံလုံး တနံတလျားမှာ သူ့ကို ဆန့်ကျင်အုံကြွပြီး တိုက်ခိုက်နေတဲ့အနေအထားက ဝိုင်းဝိုင်းလည်နေတဲ့အချိန်မှာ ကျနော်မြင်တာကတော့ ထိန်းမနိုင် သိမ်းမရတဲ့ အနေအထားတခုမှာ သူတို့က ကောက်ရိုးတမျှင်စာလေး ရလိုရငြား သွေးရူးသွေးတန်းနဲ့ ထလုပ်တာလို့ ကျနော် မြင်တယ်ဗျ။

🔻 ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ဖို့ဆိုတာ ဒီစစ်တပ်နဲ့ သွားပြီးတော့ စိတ်ကူးယဉ်စရာအကြောင်းကို မရှိတော့တာ။ အဖြူကို ရွေးမလား၊ အမဲကို ရွေးမလားဆိုတာ ဒီနေ့ဒီကာလဟာ ဆုံးဖြတ်ရမယ့်အချိန်ဖြစ်တယ်။ ဒီအချိန်ကာလမျိုးမှာ အညိုရောင်သန်းတဲ့ဟာကို ရွေးဖို့ဆိုတဲ့ စိတ်ကူးယာဉ်တဲ့ ဟာမျိုးနဲ့ တွေးပြီး အချိန်ဖြုန်းနေစရာ အကြောင်းကို မရှိတော့ဘူး။

🔻 ကျွန်တော်တို့ပြောနေတဲ့ဖယ်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးဆိုတာမှာ ကျွနိတော်တို့အတွက် အဟန့်အတားဖြစ်စေတာ ဘယ်သူလဲဆိုတော့၊ အခုကျွန်တော်တို့ အတွေ့အကြုံအရ တလျှောက်လုံးမှာတွေ့နေရတာကတော့ အဟန့်အတားအကြီးဆုံးက စစ်တပ်ပဲ။

🔻 စစ်တပ်မရှိရင်ကျွန်တော်တို့ လုပ်လို့ရတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေးတည်ဆောက်လို့ရတယ်။ ကျွန်တော်တို့ ဒီမိုကရေစီအချိန်မရွေးတည်ဆောက်လို့ရတယ်။

🔻 စစ်တပ်ဟာအရပ်သားတွေ အုပ်ချုပ်မှုအောက်မှာရှိရမယ်။ နိုင်ငံရေးမှာ လုံး၀မပါစေရဘူး။ဒါရှင်းရှင်းလေးပဲ။ ဒါကျွန်တော်တို့ အခြေခံမူဝါဒ။ အရင်အတွေ့အကြုံအရလည်း အများကြီးရှိထားတယ်။

🔻 ငြိမ်းချမ်းရေးဖြစ်စဉ်တလျှောက်လုံးမှာလည်း သူပြောသလိုတခုမှ မလုပ်ဘူး။ နိုင်ငံတကာရှေ့မှောက်မှာ တကယ်သဘောတူညီချက်တွေ လက်မှတ်ထိုးတာလည်း တကယ်တမ်းအကောင်အထည်ဖော်တဲ့အခါ တခုမှမလုပ်ဘူး။ ကတိမတည်ဘူးဗျာ ရှင်းရှင်းပြောရင်။ ငလိမ်တွေ။

🔻 ကျွန်တော်တို့ဖယ်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးမှာ အဟန့်အတားအကြီးဆုံးကစစ်တပ်ပဲ။ တောက်လျှောက်အမျိုးမျိုး ၀င်ရှုပ်ပြီး ပြဿနာတွေအမျိုးမျိုးဖန်တီး။ နောက်ဆုံးကျ ကျွန်တော်တို့တိုင်းပြည်က ရစရာမရှိတော့ဘူး။ အဲတာကြောင့် ငြိမ်းချမ်းရေးလိုချင်ရင် ဖယ်ဒရယ်ဒီမိုကရေစီလိုချင်ရင် စစ်တပ်ကိုရှင်းထုတ်ရမယ်။ မရဘူး။

ပဒိုစောတောနီး
ပြောရေးဆိုခွင့်ရှိသူနှင့် နိုင်ငံခြားရေးတာ၀န်ခံ၊ ကရင်အမျိုးသားအစည်းအရုံး KNU
ဖေဖေါ်ဝါရီ (၇)၊ ၂၀၂၂

#whatishappeninginmyamar