ၾကားသိသမွ်

ပါမောက္ခ ရှောင်တာနဲလ် ပြန်လွတ်ပြီလို့ မှားယွင်းပြောမိတဲ့အပေါ် ဟွန်ဆန်တောင်းပန်

ပါမောက္ခ ရှောင်တာနဲလ် ပြန်လွတ်ပြီလို့ မှားယွင်းပြောမိတဲ့အပေါ် ဟွန်ဆန်တောင်းပန်

ဩစတြေးလျ စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနဲလ် ပြန်လွတ်လာပြီလို့ မှားယွင်းပြောမိတဲ့အပေါ် တောင်းပန်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဖေဖေါ်ဝါရီ ၇ ရက်နေ့မှာ အဲဒီလိုပြောတဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

သတင်းအချက်အလက် မှားယွင်းတာကြောင့် ရှုပ်ထွေးမှုတွေ ဖြစ်ခဲ့တဲ့အကြောင်း မရည်ရွယ်တဲ့ မှားယွင်းမှုဖြစ်လို့ ခွင့်လွှတ်ပါလို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က သူ့ရဲ့ Facebook ကနေတစ်ဆင့် အသိပေးခဲ့တဲ့အကြောင်း သိရပါတယ်။


ရန်ကုန် အခြေစိုက်နိုင်ငံရေး သုံးသပ်သူတစ်ဦးက ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ သတင်းအမှားတစ်ခု ရစရာ အကြောင်းမရှိဘူးလို့ထင်ကြောင်း ပြောပါတယ်။

‘ဟွန်ဆန်နဲ့မင်းအောင်လှိုင်ကြားမှာ ကျွန်တော်တို့ မမြင်နိုင်တဲ့ အဟတစ်ခုရှိနေပြီလို့ ထင်တယ်။ မင်းအောင်လှိုင်က ပါမောက္ခ ရှောင်တာနဲလ်ကို လွှတ်ပေးတာ့မယ်လို့ပြောပြီး တကယ့်တကယ်ကျတော့ မလွှတ်ပေးတော့တာ များလား။ မင်းအောင်လှိုင်က ရှောင်တာနဲလ်နဲ့ တစ်ခုခု အပေးအယူလုပ်ချင်တာကို မရလို့ မလွှတ်တော့တာများလားလို့ တွေးစရာပေါ့’ လို့ သူကပြောပါတယ်။

ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနဲလ်ကို ပြန်လွှတ်ပေးလိုက်ပြီလို့ Khmer Times သတင်းဌာနရဲ့ဖော်ပြချက်ဟာ မှားယွင်းကြောင်း စစ်အုပ်စုပြောခွင့်ရ ဇော်မင်းထွန်းက ဗီအိုအေကို ပြောကြားခဲ့ပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ တောင်းဆိုချက်အရဆိုပြီး ပါမောက္ခ ရှောင်တာနဲလ်ကို ဖေဖေါ်ဝါရီ ၆ ရက်နေ့က ပြန်လွှတ်ပေးခဲ့တယ်လို့ Khmer Times သတင်းဌာနက ဖော်ပြခဲ့ပါတယ်။


ဖေဖေါ်ဝါရီ ၆ ရက်နေ့ဟာ အကြမ်းဖက်စစ်အုပ်စုက မစ္စတာရှောင်တာနဲလ်ကို ဖမ်းဆီးထားတာ တစ်နှစ်ပြည့်နေ့ဖြစ်ပြီး သူ့ကိုချက်ချင်းပြန်လွှတ်ပေးဖို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖေါ်ဝါရီ ၆ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်‌ခဲ့ပါတယ်။

ပါမောက္ခ ရှောင်တာနဲလ်ကို ဖမ်းဆီးပြီးနောက် သူ့ရဲ့ ကွန်ပျူတာကရတဲ့ အချက်အလက်တွေအရဆိုပြီးထောင်ဒဏ် ၁၄ နှစ်အထိချလို့ရတဲ့ အစိုးရ လျှို့ဝှက်ဥပဒေနဲ့ တရားစွဲဖမ်းဆီးထားတာပါ။

သူ့ကို ဖမ်းဆီးထားခြင်းဟာ တရားမျှတမှုမရှိတဲ့ အကြောင်းနဲ့ သူ့အပေါ် စွပ်စွဲထားမှုတွေကို သြစတြေးလျအစိုးရက လက်မခံကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။#DNA