ၾကားသိသမွ်

“ပြည့်ရှင်မင်းကြီး က ကိုယ်လုံးတီးကြီး”

“ပြည့်ရှင်မင်းကြီး က ကိုယ်လုံးတီးကြီး”

Emperor has no clothes ဟူသော အီဒီယမ်သည် ၁၈၃၇ ခုနှစ်က ဒိန်းမတ် လူမျိုး Hans Christian Anderson ရေးသားခဲ့သည့် ပုံပြင် ကို အကြောင်းပြု၍ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။

ရှေးအခါက တိုင်းပြည်တပြည်တွင် အဝတ်အစား အသစ်အဆန်းများကို အလွန် ခုံမင် နှစ်သက်စွာ ဝတ်တတ် သည့် ဘုရင်ကြီး တပါး က စိုးစံ အုပ်ချုပ်နေသည်။ ကောင်းပေ့ညွန့်ပေ ဆန်းသစ်ပေ့ ဆိုသည့် အဝတ်အစားများ အတွက် ငွေမည်မျှ အကုန်ခံရ ခံရ လုံးဝမမှုသူ ဖြစ်ပြီး ထိုအဝတ်အစားသစ်များ ရလာတိုင်း ဗိုလ်ရှုခံ ပြုလုပ်ပြီး တိုင်းသူပြည်သားများ မလာမနေရ အမိန့်ထုတ်ကာ ကြွားဝါလေ့ရှိသည်။

တနေ့တွင် ထိုအကြောင်းကို ကြားလာသည့် အခြား တိုင်းပြည်မှ လူလိမ်နှစ်ဦးက ဘုရင်ကြီး နေထိုင်ရာ ရွှေမြို့ တော်သို့ ရောက်ရှိလာပြီး သူတို့သည် ရက်ကန်း သမားများ ဖြစ်ကြောင်း၊ ၎င်းတို့ ချုပ်လုပ်ပေးသည့် အဝတ် အစား တိုင်းသည် လွန်စွာ ထူးခြားဆန်းကျယ်ပြီး မည်မျှပင် လှပ သေသပ်ပါသည် ဆိုသော အဝတ်အစားများပင် အရှုံး ပေးရကြောင်း သတင်းဖြန့်လာကြသည်။ မည်မျှအထိ ဆန်းကြယ်သနည်း ဆိုမူ ၎င်းတို့ ချုပ်လုပ်သော အဝတ် အစားကို ထူးထူးခြားခြား ရူးသွပ်နေသူများ၊ မိမိတို့ ရာထူးဌာန နှင့် မထိုက်တန်သူများ၏ မျက်စိဖြင့် မမြင်ရဟု ပင် ကြွေးကြော်လာခဲ့သည်။

ထိုစကားကို ဘုရင်ကြီး ကြားသည့်အခါ “ ငါကိုယ်တော် အလိုရှိနေတဲ့ ရက်ကန်းသမားများ ပါပေပဲ၊ သူတို့ ချုပ်ပေးတဲ့ အဝတ်အစားကို ဝတ်လိုက်ရုံနဲ့ ဘယ်သူဟာ ရာထူးဌာန္တရ နဲ့ မထိုက်တန်သူ ဆိုတာ လည်း သိခွင့်ရပေမည်၊ မည်သူသည် ပညာရှိ၊ မည်သူသည် ရူးသွပ်နေသူများ ဖြစ်သည်ကိုလည်း ခွဲခြား သိမြင် နိုင်စွမ်း ရှိပေဦးမည်” ဆိုကာ ရှေ့တော်သွင်းစေပြီး ချုပ်လုပ်ပေးရန် အဝတ်စများ နှင့် ငွေအသပြာများ ကို လူလိမ်များ တောင်းသလောက် ထုတ်ပေးလိုက်သည်။

လူလိမ်နှစ်ဦးလည်း ရက်ကန်းစက် နှစ်လုံး ထောင်ကာ အဝတ်အစားများကို ချုပ်နေလေဟန် ဟန်ဆောင်ကြ တော့သည်။ ဘုရင်ကြီး ဆီမှ ရလာသော ကောင်းပေ့ညွန့်ပေ ဆိုသည့် ပိုးထည်စများ၊ ရွှေချည် ငွေချည်များ သည်လည်း သူတို့ နှင့် အတူ ပါလာသော အိတ်များထဲ ရောက်ကုန်ကြတော့သည်။

ဘုရင်ကြီးသည် ချုပ်လုပ်နေဆဲ အဝတ်စများကို သွားကြည့်ချင်လှသော်လည်း မမြင်ရ က ခက်ပေတော့မည် ဆိုကာ မူးမတ်များကို စေလွှတ်၍ ကြည့်ခိုင်းလိုက်သည်။ ဤသို့ဖြင့် ဘုရင်ကြီး အတွက် ချုပ်နေသော အဝတ် သည် မည်သို့ စွမ်းပကား ရှိသည်ကို တမြို့လုံးသို့ သတင်းပျံ့နှံ့သွားတော့သည်။ အားလုံးကလည်း သူတို့ အိမ်နီး နားချင်း များထဲမှ မည်သူသည် အသိဉာဏ်နည်းပါးသူ ဖြစ်သည်ကို ဗိုလ်ရှုခံ ပွဲတွင် သိခွင့်ရပေတော့မည် ဆိုကာ စိတ်အား တက်ကြွလာကြသည်။

ဘုရင်ကြီး စေလွှတ်၍ ရောက်လာသော သက်တော်ရှည် အမတ်ကြီးလည်း ရက်ကန်းရုံသို့ ရောက်လာရာ ရက်ကန်းပေါ်တွင် ဘာဆို ဘာမျှ မမြင်ရ၍ ငယ်ထိပ်မြွေပေါက်သလို ဖြစ်သွားပေတော့သည်။ ရက်ကန်း သမားအား ထုတ် ပြရန် တောင်းတောင်းပန်ပန် ပြောရာတွင် ရက္ကန်းစင်တွင် ရှိသည်ဟု ဆိုပြန်သဖြင့် မျက်လုံးကို ပွတ်သပ်ကြည့်သော်လည်း အဝတ်စနှင့် တူသည်အရာ ဟူ၍ ဘာဆို ဘာမျှ မတွေ့ရ ဖြစ်နေသည်။
စိတ်ထဲတွင်လည်း ဘာမှ မတွေ့ဟု ပြောပါက ရက်ကန်းသမားများ မှတဆင့် ငါသည် ရာထူးနှင့် မထိုက်တန်သူ ဟု ဘုရင့်နား ပေါက်ကြားပေတော့မည် ဆိုသည်ကို တွေးနေမိသည်။

“အမတ်ကြီး ဘုရား ကျွန်တော်မျိုးတို့ ချုပ်တဲ့ လက်ရာလေး ကောင်းမကောင်း ပြောတော်မူပါ”
“အိုး..ကောင်းမှကောင်း၊ အကောင်းလွန်နေပါပကောလား” ဟု ပြန်ပြောလိုက်သည်။ လူလိမ်များကလည်း မည်သို့မည်ပုံ ဒီဇိုင်းထုတ်ကာ အကောင်းဆုံး ပိတ်စများ နှင့် ချုပ်ထားပုံကို ပါးစပ်ထဲ တွေ့ရာ ပြောနေပြန်သည်။

သက်တော်ရှည် အမတ်ကြီးလည်း လူလိမ်များ ပြောသည့်အတိုင်း ဘုရင်ကြီး ပြန်သံတော်ဦး တင်ပြီး သူ့မျက်စိနှင့် တပ်အပ် မြင်ခဲ့ရကြောင်း လျှောက်တင်လေသည်။

ဤသို့ဖြင့် ဘုရင်ကြီး အတွက် ချုပ်လုပ်နေသော အဝတ်သည် မည်မျှ ခမ်းနားကြောင်း တမြို့လုံးသို့ သတင်းပျံ့နှံ သွားတော့သည်။
ဗိုလ်ရှုခံ ပွဲချိန် ရောက်လာသောအခါ လူလိမ်နှစ်ဦးသည် အဝတ်အစားကို လက်က ကိုင်ကာ သယ်မလာဟန်ပြု၍ ဘုရင်ကြီးထံ ရောက်လာခဲ့သည်။

ဘုရင်ကြီးလည်း လူလိမ်နှစ်ဦး သယ်မလာသည့် အဝတ်အစားကို မမြင်ရဘဲ လက်ချည်းသက်သက်သာ တွေ့ လိုက်ရသဖြင့် ထိတ်လန့် တုန်လှုပ်သွားပြီး မမြင်ဟု ဆိုလျှင် မိမိသည် တိုင်းပြည် အုပ်ချုပ်ရန် မသင့်တော်ဟု ပြည်သူပြည်သားများက ကဲ့ရဲ့ပြစ်တင်ကြတော့မည်ဟု တွေးမိပြီး “လှလိုက်တာကွယ်၊ ငါကိုယ်တော် အားရ တော်မူတယ်” ဟု ပြောလိုက်သည်။ ဘုရင်ကြီး နောက်လိုက် နောက်ပါများကလည်း ဘုရင်ကြီး အတိုင်းပင် ဝိုင်းဝန်းချီးမွမ်းကြပေတော့သည်။

ထို့နောက် လူလိမ်များက ဘုရင်ကြီး အား အဝတ်သစ်ကို ဆင်မြန်းရန် အင်္ကျီ အဝတ်အစားများ ချွတ်ခိုင်းပြီး ကူညီ ဝတ်ဆင်ပေးဟန် ပြင်လာကြသည်။ ဘာမှ မရှိသည့် နေရာကို လက်ဟု ပြောပြီး လက်နှင့်ထိုးခိုင်း၊ ပုဆိုးဟု ဆိုကာ ဝတ်ခိုင်း၊ ခါးပတ်တော်ဟု ဆိုကာ ခါးကို ပတ်လေဟန်ပြ လုပ်ကုန်ကြသည်။ ထို့နောက် ပြီးပြီဆိုကာ မှန်ကြည့်ခိုင်းရာ ဘုရင်ကြီးလည်း ကိုယ်လုံးတီးနှင့်ပင် ခေါင်းတငြိမ့်ငြိမ့် လုပ်နေရရှာသည်။

ထို့နောက် ဗိုလ်ရှုခံ ပွဲသို့ ထွက်လာရာ လမ်းတလျှောက်တွင် ဘုရင်ကြီး၏ အဝတ်အစားသစ်ကို ကြည့်ရန် အလု အယက် တိုးဝှေ့ စောင့်ဆိုင်းနေကြသော တိုင်းသူပြည်သားများ နှင့် လမ်းတဖက် တချက် ပြည့်နှက်နေပေသည်။ ဘုရင်ကြီး၏ နောက်ပါခြွေရံများကလည်း ဝတ်ရုံကြီး နှင့် မြေကြီး မထိစေရန် နောက်က ကိုင်မ လိုက်လာဟန် ပြုကြပြန်သည်။

စောင့်ကြည့်နေသူများကလည်း ၎င်းတို့ မမြင်ရသည့် အကြောင်း အချင်းချင်း သိကုန်ကြမည် စိုး၍ ဝိုင်းဝန်း ချီးမွမ်းကုန်ကြတော့သည်။
သို့သော် ထိုအထဲမှ ကလေးငယ်တဦးသည် “ပြည့်ရှင်မင်းကြီး က ကိုယ်လုံးတီးကြီး” ဟု အော်ဟစ်လိုက်သံ ထွက်လာသည်။

Emperor has no clothes သည် အမှန်တရားကို ထုတ်ဖေါ်ပြောဆိုရဲခြင်း မရှိပဲ အာဏာရှိသူ တို့၏ လုပ်သမျှသည် မှန်ကန်မှု မရှိမှန်း သိသော်လည်း မိမိတို့ အကျိုးအတွက် မျက်စိစုံမှိတ်ကာ ထောက်ခံနေသည့် အဖြစ်ကို ပြောဆိုရာတွင် ထိုစကားရပ်ဖြင့် ခိုင်းနှိုင်း သုံးနှုံးလာကြသည်။

ပုံပြင်ပါ ကလေးငယ် ကဲ့သို့ အာဏာရှင်တို့၏ ပါးကွက်သား များ ပါမကျန် တတိုင်းပြည်လုံးက ပြောဆိုရဲမည် ဆိုက အဘယ်သို့သော် အာဏာရှင်ပင် သက်ဆိုးရှည်နိုင်အံ့ပေမည်နည်း။

အရေးတော်ပုံ မုချ အောင်ရမည်!!!
Hla Soewai