ၾကားသိသမွ်

အချိန်တစ်ခုကြံ့ကြံ့ခံရင် ပြည်သူ့အောင်ပွဲ ဧကန်ရောက်မယ်လို့ ပြည်ထောင်စုလွှတ်တော် ထုတ်ပြန်

အချိန်တစ်ခုကြံ့ကြံ့ခံရင် ပြည်သူ့အောင်ပွဲ ဧကန်ရောက်မယ်လို့ ပြည်ထောင်စုလွှတ်တော် ထုတ်ပြန်

အချိန်တစ်ခုသာကြံ့ကြံ့ခံလျှောက်လှမ်းပါက ပြည်သူတို့ရဲ့အောင်ပွဲဟာ ဧကန်မလွဲ ရောက်ရှိလာတော့မယ်လို့ ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ရဲ့ ယမန်နေ့ထုတ်ပြန်ချက်မှာ အဲဒီလိုဖော်ပြထားတာပါ။တစ်နှစ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံတကာရဲ့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ရင်ဆိုင် နေရပြီး အကြမ်းဖက်စစ်တပ်တွင်း အချင်းချင်းပြိုကွဲနေပြီဖြစ်ကြောင်းလည်းဆိုပါတယ်။

စစ်အာဏာရှင်တွေကျရှုံးရေး၊စစ်ရှောင်ပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီ၊ကိုဗစ်ရောဂါကာ ကွယ်ထိန်းချုပ်ရေးနဲ့ လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီနဲ့ အမျိုးသားညီညွတ်ရေး အစိုးရတို့ကို ပူးပေါင်းကူညီပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုကြောင်းလည်း ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂ၊ နိုင်ငံတကာ ပါလီမန်များအဖွဲ့နဲ့ အာဆီယံတို့အနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့မြန်မာပြည်သူတို့အ ပေါ် လူမဆန်တဲ့သတ်ဖြတ်မှုတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမြန်ဆုံးရပ်တန့်နိုင်ရေးအတွက် အရေးယူပိတ်ဆို့မှုတွေ ပိုမိုလုပ်ဆောင်ပေးဖို့လည်း ပြည်ထောင်စုလွှတ်တော်ကတောင်းဆိုပါတယ်။

ဒါ့အပြင် အကြမ်းမဖက် အာဏာဖီဆန်မှုမှာပါဝင်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်း သူရဲကောင်းတွေကို ဂုဏ်ပြုချီးမြှင့်နိုင်ဖို့နဲ့ နွေဦးတော်လှန်ရေး မှာ ကျဆုံးသွားသူတွေအတွက် အာဇာနည် သူရဲကောင်းတွေအဖြစ် ဂုဏ်ပြုနိုင်ဖို့ ဥပဒေတွေ ပြဋ္ဌာန်းသွားမယ်လို့လည်း ပြည်ထောင်စု လွှတ်တော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ အနာဂတ် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေး အတွက် ကျရာကဏ္ဍအသီးသီးကနေ ပါဝင်ထမ်းဆောင်နေပြီး ပြည်သူက ယုံကြည် ကိုးစားမှုနဲ့ပေးအပ်ထားတဲ့တာဝန်ကို ကျေပွန်အောင် ထမ်းပိုးသွားမှာဖြစ်ကြောင်းလည်းဆိုပါတယ်။

ဖေဖော်ဝါရီ၊ ၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော် တတိယအကြိမ် အစည်း အဝေးကို ကျင်းပရာ ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၄၄၆ ဦးရှိတဲ့အနက် ၂၈၅ ဦးတက်ရောက်ခဲ့ပါတယ်။