ၾကားသိသမွ်

CRPH သို့မဟုတ် အစရဲ့အစ “စာတစ်စောင်က CRPH ကိုမွေးဖွား ပေးလိုက်တာပါပဲ”

CRPH သို့မဟုတ် အစရဲ့အစ

စာတစ်စောင်က CRPH ကိုမွေးဖွား ပေးလိုက်တာပါပဲ

(CRPH တစ်နှစ်ပြည့် အမှတ်တရ ဖြတ်သန်းမှုတစ်ခုပါ)

“ဆရာ ထထ “ဆိုတဲ့ စကားဟာ ကျနော့်ဘဝအတွက် ၂၀၂၁ခုနှစ် တစ်နှစ်လုံးကို တာလွတ်ပေးခံလိုက်ရတဲ့စကားစု ဖြစ်ခဲ့တယ်။

လာနိုးသူက ဒေါတ်တာဝေဖြိုးအောင် သာကေတပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပါ။ဘာဖြစ်တာလည်း လို့အိပ်ချင်မူးတူးနဲ့မေးလိုက်တော့ အာဏာသိမ်းသွားပြီဆရာ အပြင်လည်းထွက်ကြည့် ဦးဆိုလို့ ထွက်ကြည့်လိုက်တော့ တင့်ကားတွေနဲ့ စစ်သားတွေဟာ စည်ပင်ရိပ်သာကို ဝိုင်းထားတာ တွေ့လိုက်ရတယ်။

ညနှစ်နာရီလောက်အချိန် ဓာတ်မီးရောင်တွေအောက်မှာ စစ်သားတစ်ချို့ကင်းပတ်နေတာကိုကြည့်ရင်း အတွေးတွေနဲ့ မိုးလင်းခါနီမှာ ဆုံးဖြတ်ချက်တစ်ခုချခဲ့တယ်။


ဒီဝင်းထဲက မရရအောင်ထွက်ရမယ်။ကျနော်ထောင်ထဲမှာ ကျောင်းသားဘဝက (၇)နှစ်နေခဲ့ပြီးပြီ။နောက်တစ်ကြိမ်တော့ ထပ်မနေနိုင်တော့ဘူး။အပြင်ကလုပ်ရမယ့်အလုပ်‌ေတွက ဒူးနဲ့ဒေး ရှိနေတော့မယ်။

အတူပါလာတဲ့ ဝင်းကိုတို့ ဒီလှိုင်းအဖွဲ့သားတွေကို မလိုအပ်တဲ့ ရိုက်ကူးရေးပစ္စည်းတွေ ဝှတ်ခိုင်းပြီး ထွက်ပေါက်ရအောင်ရှာခိုင်းထားပါတယ်။စည်ပင်ဝင်းအပြင်ကို ငါးကန်ကရေထုတ်တဲ့ မြောင်းကနေထွက်လို့ရတယ်လို့ လမ်းစရကြတယ်။

မနက်မိုးလင်းတော့ အခြေအနေကြည့်ပြီး မဇင်မာ မဖြူတို့ ဆီကို သွားပြီးခေါင်းချင်းဆိုင်ရတော့တယ်။ပါတီလူကြီးပိုင်းတွေလည်း ကိုယ်စားလှယ်များရဲ့ တိုက်တွန်းတောင်းဆိုမှုအမျိုးမျိုးကြောင့် အတော်ဦးနောက်စားနေကြရတဲ့အချိန်။


ကျတော်လည်း ဟိုအခန်းသွားလိုက်ဒီအခန်းသွားလိုက်နဲ့ ဆိုင်ကယ်တစ်စီးနဲ့ ယောက်ယှက်ခက်နေရတယ်။စခတွေမျက်စေ့မနောက်အောင် အခန်းထဲကတစ်ခါထွက်ရင် တစ်ခေါက် အင်္ကျီလဲပြီး ထွက်ရတယ်။အဲဒီကတည်းကတည်းက ယူဂျီလှုပ်ရှားမှုစနေခဲ့ရပြီလို့ပြောလို့ရတယ်။

ပြည်သူတွေကလည်း လွှတ်တော်မခေါ်ပဲ ပြန်မလာနဲ့ လို့ သူတို့ကိုယ်စားလှယ်တွေကို ဖိအားပေးနေတာနဲ့တပြိုင်တည်း ကရင်ပြည်နယ်ဝန်ကြီးချုပ်ကလည်း စည်ပင်ထဲက ဘာမှမလုပ်ပဲပြန်ရင် သစ္စာဖောက်တာပဲ ပြည်သူက လွှတ်တော်တက်ဖို့လွှတ်လိုက်တာ လို့ အားလုံးကို လှမ်းပြီးမှာကြားနေပါတယ်။

အိမ်ကမိန်းမကလည်း ယောင်္ကျားလုံးဝပြန်မလာနဲ့ လုပ်စရာရှိတာသာလုပ်လို့ လှမ်းပြောပါတယ်။အားပေးတာလား ဖိအားပေးတာလား ကိုမသိပါ။ မိန်းမလား ပြည်သူလား ခွဲမရတော့ပါ။


စည်ပင်ဝင်းထဲမှာလည်း စည်ပင်ဝင်းထဲမှာပဲလွှတ်တော်ခေါ်ယူရေးကိစ္စကိုဆွေးနွေးငြင်းခုံနေကြရတုန်းဖြစ်ပါတယ်။
ဒါကို သိတဲ့ စကစဟာ ကိုယ်စားလှယ်တွေကို ၂၄ နာရီအတွင်း စည်ပင်ဝင်းထဲက ထွက်ခွာသွားဖို့ ဖိအားပေးပါတော့တယ်။ ပိတ်ထားတဲ့ စည်ပင်ဂိတ်တွေကိုလည်း ဖွင့်ပေးလိုက်ပါတယ်။‌

ဝင်းကိုတို့ စီစဉ်ထားသလို ရေမြောင်းထဲကခိုးထွက်ဖို့မလို‌‌ေတာ့ဘူး။တစ်ချို့ကိုယ်စားလှယ်တွေ ပြန်ဖို့ပြင်နေကြတာကို တွေ့ရပါတယ်။ကိုယ်စားလှယ်တွေ တစ်နိုင်ငံလုံးပြန့်ကျဲသွားရင်ပြန်စုဖို့ အတော်ခက်သွားမှာကို ကျတော်တို့ စိုးရိမ်သွားပါတယ်။

တစ်ချို့လည်း စည်ပင်ဝင်းအပြင်ထွက်ပြီး အခြေအနေကို လေ့လာကြရပါတယ်။ကျတော် မဇင်မာ မဖြူတို့ တိုင်ပင်ပြီး ကိုယ်စားလှယ်တွေ လူစုမကွဲခင် ပါတီကိုလုပ်ပိုင်ခွင့်(mandate)လွဲပေးထားရင်ကောင်းမယ်လို့ အကြံရကြပါတယ်။

ဒါနဲ့ အန်တီမေဆီကို သွားပြီး ပြောတော့ အန်တီမေကချက်ချင်းပဲ ကိုမောင်မောင်ဦးကို သွားခေါ်ပြီး လတ်မှတ်တွေ အမြန်လိုက်ထိုးခိုင်းပါတယ်။

ကိုယ်စားလှယ်တွေလည်းတက်တက်ကြွကြွနဲ့လတ်မှတ်ထိုး ပေးကြ လတ်မှတ်ထိုးထားတဲ့စာရွက်‌ေတွပြန်စုကြနဲ့ အရေးကြီးတဲ့လုပ်ငန်းစဉ်တစ်ခု ဖေဖော်ဝါရီ ၃ ရက်နေ့မှာ အဆုံးသတ်နိုင်ခဲ့ပါတယ်။


စည်ပင်ဝင်းအတွင်းလွှတ်တော်ခေါ်ယူနိုင်ရေးအခြေအနေက ဖြစ်နိုင်ချေနည်းလာပြီ ဆိုတာကို ကျတော်တို့ သတိထားမိလာတယ်။
စကစ တပ်က ဗိုလ်မူးတွေ လွှတ်တော်ဝင်းထဲ အကြိမ်ကြိမ်ဝင်လာပြီး ဖိအားပေးကြတယ်။ကိုယ်စားလှယ်တွေကလည်း ၂၄ နာရီအတွင်းလုံးဝမထွက်နိုင်ဘူး ဆိုပြီး အချေအတင်ငြင်းဆန်ကြပါတယ်။နောက်တော့ စကစ ဘက်က ဖေဖော်ဝါရီ၆ရက်နေ့‌ေနာက်ဆုံးထားပြီး ထွက်ပေးဖို့ ရက်ကိုနောက်ဆုတ်ပေးလာတယ်။

ကျနော် မဇင်မာဆီသွား ပြီး အစ်မအပြင်ထွက်အိပ်ဖို့ ပြောတော့ သူ မသွားချင်ဘူး။ဒါပေမယ့် သူ့မှာလုပ်စရာတွေရှိသေးတယ် အဖမ်းခံလိုမရဘူး အပြင်သွားအိပ်ပါ

ကျတော်လည်း နောက်ကလိုက်ခဲ့မယ် ပြောမှ သူလက်ခံပါတယ်။
အဲဒီညက ကျတော်တို့ကို အမြဲကူညီတဲ့ ညီမတစ်ယောက် အကူအညီနဲ့ ဟိုတယ်တစ်ခုမှာ နေပြီး ဖြစ်ပေါ်လာမယ့် နိုင်ငံရေးအခြေအနေကို သုံးသပ်ပြီး လွှတ်တော်ကိုယ်စားပြုကော်မတီ ဖွဲ့ဖို့ သဘောတူညီမှုရခဲ့ကြတယ်။

ဒါကိုပါတီ အလုပ်အမှုဆောင်အဖွဲ့နဲ့ ကိုယ်စားလှယ်တွေ သဘောတူညီမှုရဖို့ ထပ်လုပ်ကြရဦးမယ်လို့တွေးရင်း အိပ်ပျော်သွားပါတယ်။
နောက်နေ့ ဖေဖော်ဝါရီ ၄ ရက်နေမှာ စည်ပင်ဝင်းထဲပြန်ဝင်လာတော့ မဖြူ ကိုထွန်းမြင့်တို့ ဦးဆောင်ပြီး ကျမ်းသစ္စာကျိမ်ဆိုလွှာကို ကိုယ်စားလှယ်များ လက်မှတ်ထိုးကြပါတယ်။


အန်တီမေ ဦးအောင်ကြည်ညွန့် နှင့် ကိုထွန်းမြင့်တို့ဟာ စည်ပင်ရိပ်သားထဲက စကစစ ဆွဲထုတ် တော့မယ့် အခြေအနေကြမှ စည်ပင်ရိပ်သာကို စွန့်ခွာလာခဲ့တဲ့ နောက်ဆုံး အဖွဲထဲက လူတွေ ဖြစ်ခဲ့တယ်။

ဒီနောက်တော့ တစ်ချို့ကိုယ်စားလှယ်တွေ စပြန်နေကြပါပြီ။လွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့ဖို့ မဖြူအခန်းမှာပဲ ဆွေးနွေကြတော့ အခန်းထဲရှိတဲ့ ကိုယ်စားလှယ်တွေကလည်း သဘောတူကြတယ်။

ကျ‌ေနာ်မှတ်မိသလောက် အဲဒီတုန်းက ဝိုင်းမောင်စိုး ဝေမာလွင် ခင်မို့မို့အောင် နဲ့ တစ်ချို့က ကိုယ်စားလှယ်ကျမ်းသစ္စာပြုလွှာတွေ ကိစ္စ ဝိုင်းကူ လုပ်ကြရင်း အလုပ်ရှုပ်နေကြတာတွေ့ရတယ်။

လွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့ဖို့ ဆရာဦးအောင်ကြည်ညွန့်ကိုပြောတော့ ဒီကိစ္စ က ပါတီဗဟိုအလုပ်မှုဆောင်တွေ သဘောတူမှ ရမှာမို့ ကြိုးစားဆက်သွယ် ပါ ဆရာလည်း ဆက်သွယ်မယ်ဆိုပြီး ပြောပါတယ်။

ပါတီအလုပ်အမှုဆောင်လူကြီးတွေဖြစ်တဲ့ ဝန်ကြီးချုပ်တွေ နဲ့တစ်ခြားအလုပ်အမှုဆောင်တွေကို စကစ ဖမ်းဆီးချုပ်‌ေနှာင် ထားပြီးနေပါပြီ။
ကံကောင်းတာက ဝန်ကြီးချုပ်တွေ ကို ဆက်သွယ်လို့ရနေသေးတာဖြစ်ပါတယ်။ ဖုန်းတွေပြောင်းထားကြတော့ ကျ‌ေနာ်နဲ့တိုက်ရိုက်အဆက်အသွယ်မရတော့ အခက်တွေ့ရပါပြီ။


ဒါ‌နဲ့ဟိုတယ် ပြန်လာပြီး ကျတော်နဲ့မဇင်မာ တို့ကားနှစ်စီး ရန်ကုန်ကို ချက်ချင်းပြန်ဆင်းဖို့ ပြင်ဆင်ရပါတယ်။
ကျနော်စီးတဲ့ ကားကို ရိပ်မိရင်အဖမ်းခံ အတားခံရမှာ စိုးရိမ်တာနဲ့ ရန်ကုန်က လှမ်းခေါ်လိုက်တဲ့ မိတ်ဆွေတစ်ယောက်ရဲ့ ကားနဲ့ ကျနော်ကားကို သွားလဲပါတယ်။ ကျနော်ငါးနှစ်လုံးစီးခဲ့တဲ့ကားဆိုတော့ ကျနော်သံယောဇဉ်အတော်ရှိတဲ့ကားပါ။ဘယ်တော့မှ ပြန်စီးရတော့မယ်ဆိုတာမသေချာတော့တဲ့ ကျ‌ေနာ့်ကားကို ထားခဲ့ဖို့အတော်နှမြောမိတဲ့စိတ်ဖြစ်ခဲ့ရတယ်။

(ဒါပေမယ့် ဒီကားဟာ ကျနော့်ဆီနောက်ပိုင်းမှာရောက်လာခဲ့ပြီး လေးကေကော်က တောင်ကြောတွေ ကြားမှာ pdf ရဲဘော်လေးတွေကို အသုံးတော် ခံနေလေရဲ့။လဒလေးတွေ ကားကို without လို အကြမ်းပတမ်းသုံး ရေတိုက် သစ်တိုက် ရိက္ခာ တိုက်ကြတာ အခုတော့ ဘုန်းဘုန်းကြနေပါပြီ။အဲဒါငါ့ ဆီပြန်ပို့ လို့လှမ်းပြောတာကို အမိန့်နာခံကြတယ် ခုထိမပို့ကြ)

ကျ‌ေနာ်တို့ ကားနှစ်စီး လူအပြည့်နဲ့ ရန်ကုန်ကိုဆင်းလာခဲ့ကြတယ်။လမ်းမှာ စစ်ကားတွေ တင့်ကားတွေ တစ်ရိပ်ရိပ်နဲ့ ဖြတ်သန်းနေတာကို ကြည့်ရင်း ကျတော်တို့ နေပြည်တော်ကို ပြန်ကိုသိမ်းမှာ လို့ကြိမ်းမောင်လိုက်တဲ့ ဘေးကအသံကို ကြားတော့ စိတ်ထဲကအပြည့်အဝထောက်ခံလိုက်ပါသေးတယ်။


နေပြည်တော်က အပြန်လမ်းတစ်လျောက် ပါတီလူကြီးတွေနဲ့ အဆက်အသွယ်ရဖို့ တောက်လျောက်ကြိုးစားရပါတယ်။ကျ‌ေနာ်တို့ မဇင်မာတို့က ပါတီမှာ ဗဟိုလုပ်ငန်းကော်မတီဝင်တွေအဆင့်သာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့ဖို့က ဗဟိုအလုပ်အမှုဆောင်တွေဆုံးဖြတ်ပေးမှရမှာဖြစ်ပါတယ်။ ဗဟိုက ညီမလေးလည်း သူ့အဖေဝန်ကြီးချုပ်နဲ့အလုပ်အမှုဆောင်တွေကို အသည်းအသန်ဆက်သွယ်ရှာပါတယ်။ကျတော်ကလည်း အမြန်အဖြေရမှဖြစ်မှာမို့ သူ့ကိုဖိအားပေးရတယ်။ ရအောင်ဆက်သွယ်ဖို့။

အစပိုင်းမှာ မှတ်ချက်အမျိုးမျိုးတွေနဲ့ ဆုံးဖြတ်ချက်မချနိုင်ကြဘူး။ ကြားထဲက ညီမခင်မျှာလည်း ငိုလိုက်ယိုလိုက် ကျတော်ကလည်းဖိတွန်းလိုက်နဲ့ ကျတော်တို့ကားလည်း ဖုန်းထဲက ထွက်ကျလာတဲ့ သူ့ငိုသံနဲ့ တော်တော် ရွှဲစိုနေပါပြီ။

မိုင်တိုင် ၆၃ မှာ ကားရပ်ပြီး အပေါ့သွားတဲ့အချိန် မှာ ညီမဆီက signal မတ်ဆေ့ခ်ျဝင်လာတယ်။ အစ်ကိုရေ အစ်ကိုရေ သဘောတူပြီ သဘောတူပြီး မြန်မြန်လုပ်ပါတော့ မြန်မြန်လုပ်ပါတော့ လို့ လည်း ဖုန်းဆက်ပြီး ပြောလာပါတယ်။

ဒီတိုင်းသဘောတူလို့မရဘူး သဘောတူကြောင်းလက်မှတ်ထိုးပြီး ပို့ပေးမှဖြစ်မယ် အဲဒါမှအစ်ကိုတို့ ကိုယ်စားလှယ်တွေကယုံမှာ အစ်ကိုတို့က လွှတ်တော်ခေါ်ဖို့ပြောရင် ကိုယ်စားလှယ်တွေက ဘယ်ယုံမှာလည်း လက်မှတ်လေးရအောင်တောင်း ဦးနော်လို့ ချော့ပြောရသေးတယ်။ငိုမှာစိုးလို့( ခုတော့သူလည်း ထောင်ကျနေပါပြီ)

တစ်အောင့်နေတော့” လွှတ်တော်ကိုယ်စားပြုကော်မတီ ဖွဲ့စည်းဖို့ သဘောတူပါသည် ဆိုတဲ့ စာတစ်စောင် လတ်မှတ်တစ်ခုနဲ့ ရောက်လာခဲ့ပါတယ်”


ဒီစာဟာ လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကို ပြည့်သူ့နွေဦးတော်လှန်ရေးမှာ ပြည်သူနဲ့အတူ တိုက်ပွဲဝင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန် ရေးအဖွဲ့များနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ရောက်အောင်တိုက်ပွဲဝင်ဖို့ သန္ဓတည်မွေးဖွားပေးလိုက်တဲ့ စာတစ်စောင်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။

ကျနော် စာရရချင်း ခရီးမဆက်သေးပဲ မဇင်မာဆီသွားပြီး အစ်မကိုပြောပါတယ်။အစ်မလည်း ချက်ချင်း လွှတ်တော် ခေါ်နိုင်ဖို့ ချိတ်ဆက်ပြင်မှရမယ် ပြောပြီး ဟိုလူချိတ် ဒီလူချိတ်ပြော ကားပေါ်မှာပဲအလုပ်လုပ်ရတော့မှာပဲပြောပြီး ကျတော်တို့ရန်ကုန်ကို ခရီးဆက်ကြပါတယ်။

အဝေးပြေးလမ်းဆုံရောက်တော့ ကျတော်တို့ကို လုံခြုံတဲ့နေရာကို ခေါ်သွားမယ့် ကားနှစ်စီးရောက်နေကြပါပြီ။သူတို့ခေါ်သွားတဲ့ ရန်ကုန်မြို့ အဝင်မှာရှိတဲ့ ခြံကြီးထဲက‌ေနပဲ အွန်လိုင်းကလွှတ်တော်ခေါ်နိုင်ဖို့ပြင်ဆင်ကြရပါတယ်။

အရင်ဆုံးလုပ်ရတာက CRPH ထဲမှာ ဘယ်သူတွေပါသင့်သလည်း စဉ်းစားရတာပါပဲ။လူကြီးတွေလှမ်းပြောတော့ ခင်ဗျားတို့ သင့်တော်မယ် ထင်တဲ့သူတွေကို တာဝန်ပေးပြီးသာ လုပ်ကြပါလို့ အဖြေရပါတယ်။

ယုံကြည်လို့ခိုင်းတာပဲလို့ခံယူပြီး မဇင်မာ ကျနော် မဖြူ ကိုထွန်းမြင့်တို့ တိုင်ပင်ကြရပါတယ်။လွှတ်တော်ငါးနှစ်သတ်တမ်းမှာ ဖြတ်သန်းမှုတွေအရ တာဝန်ယူနိုင်တဲ့ကိုယ်စားလှယ်တွေက အများကြီးဖြစ်နေပါတယ်။


ကျတော်တို့ ဆက်သွယ်ပြီးသဘောထားမေးတော့ နှစ်ယောက်လောက်ကတော့ လုံခြုံရေးအခြေအနေမကောင်းသေးလို့ငြင်းတာကလွဲရင် ကျန်တဲ့ ကိုယ်စားလှယ်များက တာဝန်ပေးလို့ကတော့ လုပ်ပြီးသား ဆိုတာတွေ ချည်းပဲမို့ လူစားရင်း တည်နိုင်ခဲ့ပါတယ်။(ခုတော့ ၎င်းတို့သည်ကား သေဒဏ်ကျမယ့်အမှုတွေနဲ့ အိမ်တွေလည်း အသိမ်းခံကြရနဲ့ ဒါပေမယ့် ပန်းပန်လျက်ပါပဲ)

တစ်ညလုံး မနက်ဖြန်အတွက် ပြင်ဆင်ကြရင်း ဖေဖော်ဝါရီလ ၄ ရက်နေဟာ ကျတော်တို့ အားလုံးအတွက် ညဆိုတာမရှိခဲ့ပါဘူး။ ကျနော်တို့စိတ်ပူတာက ကိုယ်စားလှယ်တွေ အစုံတက်မှတက်ကြပါမလား ထက်ဝတ်မကျော်ရင် အထမမြောက်နိုင်မှာကို အတော်စိုးရိမ်နေမိပါတယ်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ လွှတ်တော်ကျင်းပတော့ ကိုယ်စားလှယ်(၃၉၀) ‌ေယာက်လောက်တက်ရောက်ပြီး အားလုံးထောက်ခံခဲ့ကြတဲ့အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အတည်ပြုဖွဲ့စည်းနိုင်ခဲ့ကြပါတယ်။လွှတ်တော်ကိုယ်စားလှယ်အားလုံးလည်း အနာဂါတ်အတွက်အားအင်တွေ အပြည့်နဲ့ပေါ့။

ရန်ကုန်အဝင် ခြံကြီးထဲမှာ တစ်ညလုံးအတူ အလုပ်လုပ်ခဲ့ကြသူတွေကတော့ မဇင်မာ ဒေါတ်တာဝေဖြိုးအောင် ဝေမာလွင် ဝင်းကို ကျ‌ေနာ် နှင့် နေရာစီစဉ်ပေးကြတဲ့ မိတ်ဆွေတစ်ချို့ ဖြစ်ပါတယ်။

ညဘက်ရောက်တော့ ရန်ကုန်ကို ဝင်ခဲ့ကြတယ်။နောက်နေ့မှာ မဇင်မာအစီအစဉ်နဲ့ သံရုံးတစ်ခုက သံအမတ်နဲ့ တွေ့ဖို့ရှိကြတယ်။ ညဘတ်အိပ်ဖို့ လုံခြုံရေးအတွက်အတော်စဉ်းစားရတယ်။

ရန်ကုန်မြို့ထဲ ကားပတ်မောင်းရင်း အိပ်ဖို့နေရာရှာကြတယ်။ အိမ်တစ်အိမ်မြို့လယ်ခေါင်မှာ ရလို့ ဝင်နေကြထမင်းစားကြပါတယ်။အိပ်ခါနီးကြတော့ စိတ်ကမလုံကြပါဘူး။

ဒါနဲ့ အဲဒီအိမ်ကထွက်လာကြပြီး ကားပတ်မောင်းကြရပြန်ပါတယ်။နောက်ဆုံး မဇင်မာကို ကိုကင်းက စိတ်ချရတဲ့တစ်နေရာကို ခေါ်သွား ဘယ်နေရာဆိုတာ ကျနော့ကိုလည်း မပြောကြနဲ့တော့ဆိုပြီး အဲဒီညလမ်းခွဲခဲ့ကြပါတယ်။

ကျနော် ဒေါတ်ဖြိုး ဝင်းကိုတို့ သုံးယောက်ကတော့ ကြံရာမရ တဲ့အဆုံး ဝိတိုရိယဆေးရုံ ကားပါကင်မှာ ကားထိုးပြီး အိပ်လိုက်ကြပါတယ်။တစ်လှည့်စီ ကင်းစောင့်ရင်း ကြက်အိပ်ကြက်နိုးနဲ့မိုးလင်းရပါတော့တယ်။


နောက်နေ့မနက်မှာ သံအမတ်အိမ်မှာ တစ်နာရီလောက် စကားပြောဖြစ်ကြတယ်။သံအမတ်ဇနီးက မဇင်မာကိုဖတ်ပြီးငိုရင်း ” ထောင်ကျတာ တစ်ခါဆိုလုံလောက်ပါပြီ မင်းတို့ဆုံးဖြတ်တာမှန်တယ် အပြင်ကလုပ်ရမှာတွေရှိတယ်လေ” လို့ ပြောရှာတယ်။မဇင်မာထောင်သက်က ၁၁ နှစ် ကျနော့်ထက် ထောင်နေသားရှည်ခဲ့တဲ့သူ။

သံအမတ် အိမ်ကထွက်လာ တော့ လမ်းတစ်လျောက် လူငယ်တွေ လက်သုံးချောင်း ထောင်ပြီး ဟိုတစ်စု ဒီတစ်စုကြွေးကြော်နေကြပြီ။
ကျတော်တို့လည်း ကားပေါ်ကနေ လက်သုံချောင်းထောင်ပြီး သူတို့နဲ့ လိုက်အော်ကြရင်း ကျနော်တို့ ကားလေးဟာ ရန်ကုန်ကို နုတ်ဆက်ပြီး ကျတော်တို့ လုပ်ရမယ့် အလုပ်တွေအတွက် ကျနော်တို့ တစ်ခါမှ မရောက်ဘူးတဲ့နေရာသစ်ဆီ ဦးတည်ထွက်ခွာလာခဲ့ပါတယ်။လူပေါင်းမှာတဲ့ လူငယ်လေး တစ်ချို့ ကျတော်တို့နဲ့ ပါလာခဲ့ကြပြီ။


မျိုးဆက် ပေါင်းစုံရဲ နွေးဦးတော်လှန်ရေး ကြွေးကြော်သံတွေနဲ့ စတင်သိမ်းပိုက်ခံထားရတဲ့ ရန်ကုန်ဟာ ကျတော်တို့ ‌နောက်မှာ ကျန်နေခဲ့ပါပြီ။

လက်သုံးချောင်းထောင်ပြီး ဆိုင်းဘုတ်တွေကို မြောက်ကြွေးကြော်နေကြတဲ့ လူငယ်တွေရဲ့ ပုံရိပ်တွေက ကျနော့် အမြင်အာရုံထဲမှာ တစ်ရိပ်ရိပ် ဖြတ်သန်းနေပါတော့တယ်။

အမြန်လမ်းရဲ လမ်းဘေးတစ်နေရာမှာ ကျနော်တို့ မဇင်မာတို့ကို ခေါ်ဆောင်ဖို့ တိုင်းရင်သားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းက ကားနှစ်စီး စောင့်နေကြလေပြီ။
မကြာခင် စောရှားဖှောင်အွား နဲ့ တွေ့လိမ့်မယ် လို့ ယုံကြည်နေပါတယ်။

တော်လှန်ရေးသစ္စာဖြင့်

လွင်ကိုလတ်

(ဒီနေ့ဟာ CRPH တစ်နှစ်ပြည်တဲ့နေ့ဖြစ်ပါတယ် ။ကျတော်တို့ လွှတ်တော်ကိုယ်စားလှယ်များဟာ ပြည်သူနဲ့အတူ ကိုယ်စားလှယ်ကဏ္ဍတင်မကပဲ တော်လှန်ရေးလိုအပ်ချက်ရှိတဲ့နေရာမှန်သမျ နည်းမျိုးစုံပူးပေါင်းရင်း ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ထောင်နိုင်သည်ထိ တိုင်းရင်းသားပြည်သူအားလုံးနဲ့အတူ ဆက်လက်တိုက်ပွဲဝင်နေမည်ဖြစ်ပါသည်။)

#ddaychannel