ၾကားသိသမွ်

အာဏာခွဲဝေရေး ပြုလုပ်ရန် အကြံပြုခဲ့ခြင်း မရှိဟု ကုလအထူးကိုယ်စားလှယ်ရုံး ပြန်ရှင်း

အာဏာခွဲဝေရေး ပြုလုပ်ရန် အကြံပြုခဲ့ခြင်း မရှိဟု ကုလအထူးကိုယ်စားလှယ်ရုံး ပြန်ရှင်း

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာသည် မြန်မာ့နိုင်ငံရေး အကျပ် အတည်း ဖြေရှင်းချက် နည်းလမ်းတရပ်အဖြစ် အာဏာခွဲဝေမှု (Power Sharing) ဟူသော စကားလုံးကို ပြောဆိုသုံးနှုန်း ခဲ့ခြင်း မရှိကြောင်း အထူးကိုယ်စားလှယ်ရုံးက ဖေဖော်ဝါရီ ၂ ရက်တွင် ကြေညာချက်တစောင် ထုတ်ပြန်ဖြေရှင်းလိုက်သည်။

ဖေဖော်ဝါရီ ၁ ရက်တွင် ပြုလုပ်ခဲ့သည့် မစ္စနိုလင်းဟေဇာနှင့် Channel News Asia သတင်းဌာန အင်တာဗျူးတွင် ၎င်းက ထိုကဲ့သို့ အကြံပြုခဲ့သည်ဆိုခြင်းမှာ မှားယွင်းစွာ ဖော်ပြခြင်းသာ ဖြစ်ကြောင်း၊ ယင်းအသုံးအနှုန်းအား ၎င်းအနေဖြင့် မပြော ခဲ့သလို မြန်မာ့အရေး ဖြေရှင်းရာတွင် အာဏာခွဲဝေရေးအား နည်းလမ်းတခုအဖြစ် အကြံပြုခဲ့ခြင်း မရှိကြောင်း ကြေညာ ချက်တွင် ပါရှိသည်။

မစ္စနိုလင်းဟေဇာသည် အာဏာခွဲဝေမှုကို ရွေးချယ်ခွင့်အဖြစ် မည်သည့်အခါမှ အဆိုတင်ခဲ့ခြင်း မရှိဘဲ ၂၀၂၀ ရွေးကောက် ပွဲတွင် ထင်ဟပ်သည့်အတိုင်း ပြည်သူများ၏ ဆန္ဒနှင့် လိုအပ်ချက်များကိုသာ တစိုက်မတ်မတ် ထောက်ခံပေးအားပေးခဲ့ သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ ပြဿနာကို ဖြေရှင်းရာတွင် မြန်မာပြည်သူများ ဆန္ဒနှင့်အညီ လုပ်ဆောင်ရမည်ဖြစ်ပြီး ဒေသတွင်း စည်းလုံး ညီညွတ်မှုကို အခြေခံသည့် ညီညွတ်သော နိုင်ငံတကာ မဟာဗျူဟာဖြင့် ပံ့ပိုးပေးရမည် ဖြစ်ကြောင်းလည်း ၎င်း၏ သဘော ထားနှင့် ပတ်သက်၍ ကြေညာချက်တွင် ဖော်ပြထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသော အကျပ်အတည်းမှ ထိခိုက်ခံစားရသူ အားလုံး၏ အသံကို ဂရုတစိုက် နားထောင်ခြင်းနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံခြင်းအပေါ် အခြေခံ၍ ပံ့ပိုးကူညီရန်လည်း မစ္စနိုလင်းဟေဇာက ကတိ ကဝတ် ပြုထားသည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၁ ရက် မစ္စနိုလင်းဟေဇာနှင့် Channel News Asia သတင်းဌာန တွေ့ဆုံမေးမြန်းမှုတွင် ပြောဆိုခဲ့သည် ဆိုသော “အာဏာခွဲဝေမှု”၊ “စစ်တပ်က ထိန်းချုပ်ထားနိုင်ပြီ” ဟူသော အသုံးအနှုန်းများနှင့် ပတ်သက်၍ မြန်မာအရပ် ဘက်အဖွဲ့အစည်းပေါင်း ၂၄၇ ဖွဲ့ကလည်း ဖေဖော်ဝါရီ ၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ပြီး ကန့်ကွက်ထားသည်။

အထူးကိုယ်စားလှယ် အနေဖြင့် မြန်မာစစ်တပ်မှ ကျူးလွန်ခဲ့သည့် ဆိုးရွားသော စစ်ရာဇဝတ်မှုများကို စုံစမ်းအရေးယူနိုင် ရန်နှင့် နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ ချက်ချင်းလွှဲပြောင်းပေးနိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အကြံပြုသင့်သည်ဟု ၎င်းတို့က ဆိုသည်။

ထို့ပြင် မစ္စနိုလင်းဟေဇာ အနေဖြင့် လက်ရှိ အကျပ်အတည်း၏ မူလဇာစ်မြစ်ကို နားလည်ပြီး မြန်မာပြည်သူများ၏ တောင်း ဆိုချက်များကို စစ်မှန်စွာ နားထောင်ရမည် ဖြစ်ကြောင်း၊

၎င်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ အခြားလုပ်ပိုင်ခွင့်ရှိသော ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ အနေဖြင့် မြန်မာပြည်သူများ၏ ဆန္ဒကို လေးစားရမည်ဖြစ်ပြီး ၎င်းတို့၏ အနာဂတ်ဖက်ဒရယ် ဒီမို ကရေစီနိုင်ငံ ဖော်ဆောင်ရေး ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးပေးရမည် ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ် ပြန်ချက်တွင် တိုက်တွန်းထားသည်။  ဧရာဝတီ