ၾကားသိသမွ်

CDF(KKG) က အာဏာသိမ်းစစ်​ကောင်စီတပ်နှင့် ပျူ​စောထီးများကို က​လေးမြို့နယ်အတွင်း နှစ်​နေရာတွင် တိုက်ခိုက်

CDF(KKG) ကတိုက်ခိုက်၍ ပျူ​စောထီးအနည်းဆုံး ၃ ဦး​သေ၊ စစ်သားနှင့်ပျူ အများအပြားဒဏ်ရာရ

ချင်း​ဒေသကာကွယ်​ရေးတပ် (က​လေး၊က​ဘော်၊ဂန့်​ဂေါ)- CDF(KKG) က အာဏာသိမ်းစစ်​ကောင်စီတပ်နှင့် ပျူ​စောထီးများကို က​လေးမြို့နယ်အတွင်း နှစ်​နေရာတွင် တိုက်ခိုက်ရာပျူ​စောထီး အနည်းဆုံး ၃ ဦး​သေဆုံးပြီး စစ်​ကောင်စီတပ်နှင့် ပျူ​စောထီးအများအပြားဒဏ်ရာရရှိခဲ့​ကြောင်း CDF (KKG)က ယ​နေ့သတင်းထုတ်ပြန်သည်။

ကလေးနယ်တောင်ပိုင်းနှင့် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ မြောက်ခင်ရမ်း၊ ကုက္ကား၊ ဟံသာဝတီနှင့် ကြံသာရွာတို့မှ စစ်ကောင်စီလက်ပါး​စေ ပျူစောထီးအဖွဲ့နှင့် စစ်​ကောင်စီတပ်စုစုပေါင်းအင်အား (၁၀၀) ကျော်သည်

ယနေ့ (​ဖေ​ဖော်ဝါရီ ၂ ရက်) နံနက် (၉) နာရီအချိန်ခန့်တွင် ကြံသာရွာမှတဆင့် စစ်ကြောင်းများခွဲ၍ မှန်တောရွာအနောက်ဖက်သို့ ခြေလျင်လျှောက်လာရာ CDF – KKG တပ်ရင်း (၄) တပ်ဖွဲ့ဝင်များထောင်ထားသည့် တိုက်မိုင်းများကို နှစ်ကြိမ်တိုင်တိုင် တိုက်မိပြီးနောက် တစ်နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲတွင် ပျူစောထီး (၃) ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရသူအမြောက်အများရှိကြောင်း သိ့ရသည်။ CDF – KKG တပ်ရင်း (၄) မှတပ်ဖွဲ့ဝင်ရဲဘော် (၁) ဦး လက်နက်ကြီးဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး အကျအဆုံးမရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု​ဖော်ပြထားသည်။

ထို့အပြင် ယနေ့မနက် (၁၁) နာရီခန့်တွင် ကလေးမြို့မှထွက်လာသည့် စစ်ကား (၅) စီးကို ခွေကြိမ်ရွာနှင့် သံဖိုရွာအကြားတွင် CDF – KKG တပ်ရင်း (၃) မှလက်နက်ကြီးဖြင့် (၃) ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်သား (၃) ယောက်ခန့် ဒဏ်ရာရနိုင်ကြောင်း သိရသည်။ မိမိတို့ CDF – KKG တပ်ရင်း (၃) ဘက်မှ အထိအခိုက်အကျအဆုံး မရှိခဲ့ပါ။

ယခုအခါ အဆိုပါစစ်ကား (၅) စီးမှာ မှန်တောရွာတွင် တပ်စွဲထားပြီး ပျူစောထီးအဖွဲ့ဝင်များနှင့်ပူးပေါင်းကာ ကျေးရွာတွင်းရှိ တိရိစ္ဆာန်များကိုသတ်ဖြတ်စားသောက်လျက်ရှိကြကြောင်း မြေပြင်သတင်းများအရ သိရသည်။

ထို့​ကြောင့်တိုက်ပွဲများအချိန်အခါမရွေး ထပ်မံဖြစ်ပွားနိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် ယ​နေ့ည ဖေဖော်ဝါရီ (၂) ရက်၊ ည (၉) နာရီအချိန်မှစတင်ပြီး၊ ဖေဖော်ဝါရီ (၁၂) ရက် (ပြည်ထောင်စုနေ့) အထိတိုင်အောင် ကလေး – ဂန့်ဂေါပြည်ထောင်စုလမ်းမကို အသုံးမပြုကြပါရန် အထူးမေတ္တာရပ်ခံ အသိပေးအပ်ပါသည်ဟု​ဖော်ပြထားသည်။

#လူထုနွေဦး