ၾကားသိသမွ်

စစ်ကောင်စီလက်အောက်ခံ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့ အမြန်ဆုံးလက်နက်ချရန် ကေအိုင်အေနှင့် PDF ပူးပေါင်းတပ်များသတိပေး

စစ်ကောင်စီလက်အောက်ခံ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့ အမြန်ဆုံးလက်နက်ချရန် ကေအိုင်အေနှင့် PDF ပူးပေါင်းတပ်များသတိပေး

နောင်မွန် – ဖေဖော်ဝါရီ ၂ ၊၂၀၂၂ ။

နောင်မွန်-ခေါင်လန်ဖူး လမ်းမပေါ်ရှိ မဂွေဇဂိတ်တွင် တပ်စွဲထားသော ခေါင်လန်ဖူးပြည်သူစစ်များကို အမြန်ဆုံး လက်နက်ချပြီး ပြည်သူလူထုနှင့် ပူးပေါင်းပါဝင်ကြရန် ပူတာအိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ စာထုတ်ပြန်လိုက်သည်။

ပြည်သူ့ကာကွယ်ရေးတပ်နှင့် ကချင်လွတ်မြောက်ရေး(KIA) ပူးပေါင်းတပ်တို့ ပူတာအိုဒေသ၊ နောင်မွန်မြို့သို့ ချီတက်လာပြီဖြစ်ကြောင့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်တို့ကို သတိထားရန်နှင့် မလိုက်နာပါက နောက်ဆက်တွဲကိစ္စရပ်များသည် ကာယကံရှင်နှင့်သာ သက်ဆိုင်ကြောင်း ရေးသားထားသည်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတိပေးခြင်းခံရသော ပြည်သူ့စစ်အဖွဲ့သည် ဒမ်ကူးတန်ဟုခေါ်ဆိုသော ဦးရေဒမ်းတန် ဦးဆောင်သော စစ်ကောင်စီလက်အောက်ခံ ခေါ်လန်ဖူးပြည်သူ့စစ်အဖွဲ့ဖြစ်သည်။

အလားတူ သတိပေးထုတ်ပြန်ချက်တွင် နောင်မွန်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်သော ဦးနမ်ရဲမင်နှင့် ဦးချန်တန်ခင်တို့ကိုလည်း ပြည်သူလူထုကို စိတ်အနှောက်ယှက်ဖြစ်စေသည့် ကိစ္စရပ်များနှင့် CDM ဝန်ထမ်းများအား ဖမ်းဆီးလုပ်ဆောင်ကြခြင်းကို လုံးဝ မပြုလုပ်ရန် အဆိုပါ သတိပေးထုတ်ပြန်ချက်တွင် ပါဝင်သည်။

ဦးချန်တန်ခင်သည် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ပြီး ၂၀၁၀ခုနစ်နှင့် ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ခုနစ်တွင်ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် သုံးကြိမ်စလုံး အနိုင်ရရှိထားသူဖြစ်သည်။

သတိပေးထုတ်ပြန်ခြင်းခံရသော ဦးနမ်ရဲမင်နှင့် ဦးချန်တန်ခင်တို့ နှစ်ဦးကို စာထုတ်ပြန်သည့်နေ့မှ စတင်ပြီး သုံးရက် အချိန်ပေး စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သတိပေးစာတွင်ပါဝင်သည်။

ပူတာအိုမြို့နယ်၊ ဆွမ်ပီယာန်ကျေးရွာနှင့် လုံရှာယာန်ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် ရဲစခန်းကို ယမန်နေ့က KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပုံ / စစ်ကောင်စီလက်အောက်ခံ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။