ၾကားသိသမွ်

မင်္ဂလာဒုံရှိ မှန်ဘီလူးစက်ရုံတစ်ခုမှာ အလုပ်သမားတွေ ရာနဲ့ချီကာ ကိုဗစ်ပိုးတွေ့

မင်္ဂလာဒုံရှိ မှန်ဘီလူးစက်ရုံတစ်ခုမှာ အလုပ်သမားတွေ ရာနဲ့ချီကာ ကိုဗစ်ပိုးတွေ့

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ Asia Optical မှန်ဘီလူးစက်ရုံမှာ အလုပ်သမားတွေ ရာနဲ့ချီကာ ကိုဗစ်ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိရတယ်လို့ ဒေသခံ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

ဝန်ထမ်းပေါင်း ၃၁၀၀ ဦးအထိရှိတဲ့ မှန်ဘီလူးစက်ရုံမှာ အစုလိုက်အပြုံလိုက် ကိုဗစ်ကူးစက်ခံထားရတာဖြစ်တယ်လို့ သိရပါတယ်။

“စာရင်းတွေက အရင်လို အတိအကျကြီးတော့ မထွက်ဘူး ကျန်းမာရေးဘက်က ထုတ်တာက ၁၀၀ ကျော်ပဲ ထုတ်ပြန်ထားတယ်၊ ကျွန်တော်တို့ မိတ်ဖက်ပရဟိတအသင်းတွေ လိုက်ပြီးတော့ ကူညီထားတာနဲ့ စစ်ဆေးမှုတွေကို လိုက်မှတ်ထားတာမှာ ၇၀၀ ကျော်နေတယ်၊ အန္တရာယ်ရှိ စိုးရိမ်ရတဲ့ အခြေအနေပဲ အစုလိုက်အပြုံလိုက်ဖြစ်ခြင်းရဲ့နောက်မှာ အများကြီးရှိနေဦးမယ်၊

အခု အလုပ်သမားတွေကလည်း ကာကွယ် ၂ ကြိမ်ထိုးပြီးသားတွေများတယ်”လို့ ဒေသခံ ပရဟိအသင်းတစ်ခုက အဖွဲ့ဝင်တစ်ဦးကပြောဆိုကြောင်း Delta News သတင်းမှာ ဖော်ပြထားပါတယ်။

ကိုဗစ် တတိယလှိုင်း

ရောဂါပိုးတွေ့ရှိရသူတွေအနက် ရောဂါအခံရှိသူတွေကို ပုလဲဆေးရုံကို ပို့ဆောင်ထားပြီး ကျန်ရှိသူတွေကို သီးသန့်ထားရှိထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ပြည်တွင်းကူးစက်မှုစနေပြီလို့ ဇန်နဝါရီ ၂၈ ရက်မှာ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
စစ်ကိုင်းတိုင်းထဲက ကလေးနဲ့ တမူးမြို့နယ်တွေမှာ အိုမီခရွန်ရောဂါပိုး တွေ့ရှိထားတာဖြစ်ပြီး ကလေးမြို့နယ်မှာတော့ လူထောင်နဲ့ချီစစ်ရှောင်နေတာတွေရှိတာကြောင့် အစုလိုက် ရောဂါပိုးကူးစက်မှုရှိမှာကို စိုးရိမ်နေကြပါတယ်။

မနေ့တရက်ထဲမှာတင် ကိုဗစ် အိုမီခရွန်ကူးစက်ခံရသူ ၇၂ ဦးတွေ့ရှိခဲ့တယ်လို့ ကိုဗစ်ကူးစက်မှု နေ့စဥ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲ့ဒီထဲမှာ စစ်ကိုင်းတိုင်း တမူးမြို့ထဲက ၄၈ ဦးနဲ့ ကလေးမြို့က ၂၀ ဦး၊ အဲ့ဒီဒေသတွေကနေ ရောက်ရှိလာပြီး တဆင့် ကူးစက်ခံရသူ ၃ ဦးနဲ့ ကိုဗစ်သံသယလူနာတွေထဲက ၁ ဦးတို့မှာ အိုမီခရွန်တွေ့ရှိခဲ့တာပါ။

ပြည်တွင်းအိုမီခရွန်ကူးစက်ခံရသူ တွေကို ဘယ်လိုကုသပေးနေတယ်၊ ကူးစက်မြန် ကိုဗစ်ရောဂါပိုးသစ် ဖြစ်တာကြောင့် ထပ်မံပြန့်ပွားတာ မရှိအောင် ဘယ်လိုထိန်းချုပ်နေတယ်ဆိုတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ကျန်းမာရေးဌာနကို မေးမြန်းဖို့ကြိုးစားရာမှာ ဆက်သွယ်လို့ မရသေးကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

ကိုဗစ် တတိယလှိုင်းကာလ ကလေးမြို့က ကိုဗစ်စင်တာတစ်ခု

ပြီးခဲ့တဲ့ တတိယလှိုင်းကူးစက်မှုတွေမှာ နယ်စပ်မြို့တွေမှာ ကူးစက်မှုတွေ များပြားလာပြီးနောက် ပြည်တွင်းကူးစက်မှုတွေ ကျယ်ပြန့်လာခဲ့တာဖြစ်ပါတယ်။

ဒီလိုနယ်စပ်မြို့တွေမှာ အိုမီခရွန်ကိုဗစ်ကူးစက်မှုတွေ စတွေ့လာတာ ကြောင့် လူထုအနေနဲ့ ကာကွယ်ရေးစနစ်တွေကို စနစ်တကျ တိတိကျကျ တစ်ဦးချင်းလုပ်ဆောင်ဖို့ အထွေထွေရောဂါကု သမားတော်ကြီးတဦးက ပြောပါတယ်။

ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ဟာ ရောဂါလက္ခဏာထူးထူးခြားခြားမပြသလို ရောဂါပြင်းထန်တာလည်း မရှိပါဘူး။

ဒါပေမယ့် အလွန်ကူးစက်မြန်တာကြောင့် အာဏာပိုင်တွေအနေနဲ့ ကိုဗစ်စင်တာတွေပြန်ဖွင့်ပြီး စောင့်ကြည့်မှုတွေလုပ်သင့်သလို အခမဲ့ကိုဗစ်စစ်ဆေးပေးတာတွေ တွင်တွင်ကျယ်ကျယ်ပြန်လုပ်ဆောင်သင့် ပြီလို့ ကျန်းမာရေးအသိုင်းအဝိုင်းက ထောက်ပြနေကြပါတယ်။

ဒါမှသာ ကူးစက်မြန်အိုမီခရွန်ကို ထိန်းချုပ်ဖို့ ခက်မယ်ဆိုရင်တောင် အသေအပျောက်နည်းအောင် ကာကွယ်ဖို့လိုမယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ကိုဗစ်ရောဂါကို ထိန်းသိမ်းနိုင်ခြင်း မရှိသေးတဲ့အချိန်မှာဘဲ လူစုလူဝေးနဲ့ ပျော်ပွဲရွှင်ပွဲတွေ အားကစားပွဲတွေကို ဆက်တိုက်ကျင်းပနေတာကြောင့် အခုလို အစုလိုက် ကိုဗစ်ကူးစက်ခံရမှုတွေ ထပ်မံဖြစ်ပွားလာနိုင်တယ်လို့ ပရဟိတအဖွဲ့တွေက ယူဆနေကြပါတယ်။