ၾကားသိသမွ်

အာဏာသိမ်း စစ်ကောင်စီဘက်ကတပ်မဟာ ၅ ကို ထိုးစစ်ဆင်လာပါက ခုခံသွားမည်ဟု KNU ပြော

တပ်မဟာ ၅ ကို ထိုးစစ်ဆင်လာပါက ခုခံသွားမည်ဟု KNU ပြော

ဧရာဝတီ၊ ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၂

ကရင် အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ ကရင် အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ ၅ အား အာဏာသိမ်း စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာပါက ခုခံတိုက်ခိုက်သွားမည် ဖြစ်ကြောင်း တပ်မဟာ ၅ အခြေစိုက်သည့် KNU မူတြော် (ဖာပွန်) ခရိုင် ပြောခွင့်ရ ပဒိုမန်းမန်းက ဧရာဝတီသို့ ပြောသည်။


အာဏာသိမ်း စစ်ကောင်စီဘက်က ကရင်ပြည်နယ် ဖာပွန်မြို့နယ်၌ နယ်စပ်ဒေသ လုံခြုံရေးအတွက် KNU တပ်မဟာ ၅ ကို စစ်ဆင်ရေးတရပ် ဆောင်ရွက်မည်ဖြစ် ကြောင်း ဇန်နဝါရီလ ၃၁ ရက်တွင် ကြေညာခဲ့ပြီးနောက် ယင်းကြေညာချက်နှင့် ပတ်သက်၍ ပဒိုမန်းမန်းက တုံ့ ပြန်ခြင်း ဖြစ်သည်။

“စစ်ကောင်စီဘက်က ထုတ်ပြန်သည်ဖြစ်စေ၊ မထုတ်ပြန် သည် ဖြစ်စေ တိုက်နေတာပဲ။ တပ်မဟာ ၅ ရယ်မှတော့ မဟုတ်ပါဘူး။ တပ်မဟာ အားလုံးလိုလိုကို သူတို့ စစ် ဆင်ရေး ဆင်နေတာပဲ။ အခုလို ထုတ်ပြန်မှရယ် မဟုတ်ပါဘူး။ အခုလို ထုတ်ပြန်တာလည်း အထူးအဆန်း မဟုတ်ဘူးလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ကျနော်တို့ဘက်ကတော့ ထိုးစစ်ဆင်လာရင်တော့ ခုခံကာကွယ်သွားရမှာပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

အာဏာသိမ်း စစ်ကောင်စီတပ်များသည် ဇန်နဝါရီလ ၃၀ ရက် ညပိုင်းကလည်း တပ်မဟာ ၅ တပ်ဖွဲ့ဝင်များရှိမည်ဟု ထင်ရသည့် နေရာများအား လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်သွားသည်လည်း ရှိကြောင်း ပဒိုမန်းမန်းက ရှင်းပြသည်။


“တပ်မဟာ ၅ ရဲ့ ဟိုဘက် မူတြော်မြို့နယ်ထဲပေါ့။ နယ် စပ်နဲ့ နီးတယ်။ အဲဒီဘက်မှာ ပစ်တာပါ။ လက်နက်ကြီးတွေက ထိုင်းဘက်ကို ၁ လုံးလောက် ကျသွားသေးတယ်။ အထိအခိုက်တော့ မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီဘက်ကမူ KNU တပ်မဟာ (၅) နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ဖာပွန်မြို့နယ်ထဲရှိ၎င်းတို့၏ ဒေါင်းကွင်းခြေကုပ်စခန်းကို ဇန်နဝါရီလ ၃၀ ရက်ညပိုင်း၌ သာလွန်အင်အားဖြင့် အလစ်အငိုက် လာတိုက်ပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ထို့ပြင် KNU တပ်မဟာ ၅ သည် အထက်အမိန့်ကို မနာခံဘဲ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အား ချိုးဖောက်ကာ ငြိမ်းချမ်းရေး ပျက်စီးရာ ပျက်စီးကြောင်းများကို ဆက်တိုက် လုပ်ဆောင်နေကြောင်း ၂၀၀၈ အခြေခံဥပဒေအား ချိုးဖောက်ကာ အာဏာသိမ်းထားသည့် စစ်ကောင်စီက စွပ်စွဲ ပြောဆိုထားသည်။

ပုံစာ- စစ်ကောင်စီ တပ်စခန်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ ထိုင်း-ကရင်ရွာ မယ်ခါးထာ့ကျေးရွာသို့ ကျရောက်ခဲ့စဥ် (ဓာတ်ပုံ -Salweenpress)