ၾကားသိသမွ်

သရုပ်ဆောင်ပိုင်ဖြိုးသုရဲ့နွေဦးရဲ့ ချည်လုံးလေးကနေသိန်း ၁၅၀ ကျော်ရ(ရုပ်သံ)

နွေဦးရဲ့ ချည်လုံးလေးကနေ သိန်း ၁၅၀ ကျော်ရခဲ့တယ်

စစ်ဘေးရှောင်ပြည်သူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ ရန်ပုံငွေရှာတဲ့ နွေဦးရဲ့ ချည်လုံးလေး အစီအစဉ်အတွက် လက်မှတ်စောင်ရေ သုံးထောင်ကျော် ရောင်းချခဲ့ရတယ်လို့ သရုပ်ဆောင်ပိုင်ဖြိုးသုကပြောပါတယ်။


” မှန်ရာဝန်ခံရရင် ဒီရန်ပုံငွေအတွက် ကံစမ်းမဲစရောင်းမယ်ဆိုတဲ့အချိန်မှာ သုသု နဂိုမှန်းထားတာက လက်မှတ်စောင်ရေ တစ်ထောင်​လောက်ရောင်းရရင်ကျေနပ်ပြီပေါ့။ အစည်းအဝေးမှာကျတော့ ကူပေးတဲ့ မောင်နှမတွေက သုံးထောင်မှန်းတယ်။

အဲဒီတော့ သုံးထောင်ရောင်းရပါ့မလားဆိုပြီး။ မရောင်းရရင် အားနာတာ။ ဒီ Campaign ဖြစ်ဖို့ သူတို့အားလုံး စိတ်ရောကိုယ်ရော နှစ်ပြီး ဝိုင်းကူပေးနေကြတာဆိုတော့။ Result ထွက်လာတဲ့အချိန်မှာ ၃၁၆၆ စောင်ဆိုတော့ Target တောင်ကျော်သွားတယ်” လို့ မဲနှုက်ပေးတဲ့ Live မှာ ပိုင်ဖြိုးသုကပြောပါတယ်။

ကံစမ်းမဲလက်မှတ်တစ်စောင်ကို မြန်မာငွေ ငါးထောင်ကျပ်နဲ့ ရောင်းချခဲ့တာကြောင့် အလှူငွေ သိန်း ၁၅၀ ကျော်ရှာနိုင်တယ်လို့ အကြမ်းဖျင်းတွက်ချက်လို့ရပါတယ်။


ဒီအစီအစဉ်မှာ ပိုင်ဖြိုးသု ကိုယ်တိုင် ထိုးထားတဲ့ ဈေးဝယ်အိတ်သုံးလုံးကို မဲဖောက်ပေးတာဖြစ်ပြီးကံထူးရှင်တွေကို ဇန်နဝါရီ ၂၉ ရက်ညက ပိုင်ဖြိုးသုကိုယ်တိုင်ရွေးချယ်ပေးခဲ့ပါတယ်။

ကံစမ်းမဲပေါက်သူတွေကို ထပ်တိုးလက်ဆောင် အနေနဲ့ မဲပေါက်တဲ့ အိတ်မှာ ချိတ်ဖို့ Key Chain ထိုးပေးမှာဖြစ်ပြီး မဲပေါက်သူတွေက ကိုယ်လိုချင်တဲ့ အင်္ဂလိပ်စာလုံးလေးကို လက်မှတ်ဝယ်ခဲ့တဲ့ ပေ့ချ်မှာ သွားပြောထားဖို့လည်း ပိုင်ဖြိုးသုကပြောပါတယ်။


ဒီအစီအစဉ်ကနေ ရတဲ့ အလှူငွေတွေကို စစ်ဘေးရှောင်ပြည်သူတွေ ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့အတွက် NUG ရဲ့ ကျန်းမာရေးဌာနကို အားလုံးလှူဒါန်းမယ်လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

ဒီကံစမ်းမဲအစီအစဉ်ဖြစ်မြောက်ဖို့ ကူညီပေးသူတွေ လက်မှတ်ရောင်းချပေးသူတွေနဲ့ လက်မှတ်ဝယ်ယူအားပေးသူတွေအားလုံးကို ကျေးဇူးတင်ကြောင်းလည်း မဲဖောက်ပေးတဲ့ Live မှာပြောခဲ့ပါတယ်။

နွေဦးရဲ့ခြည်လုံးလေး အစီအစဉ်ကို ဆက်လက်လုပ်ဆောင်မှာဖြစ်ပြီး နောက်ထပ်လည်း ပါဝင်ကူညီပေးကြပါဦးလို့ ပိုင်ဖြိုးသုကပြောပါတယ်။

#လူထုနွေဦး