ၾကားသိသမွ်

” နွေဦးတော်လှန်ရေးရဲ့ရန်စွယ် (သို့မဟုတ်) ပြည်ဖျက်ဌာနအကြောင်း”

” နွေဦးတော်လှန်ရေးရဲ့ရန်စွယ် (သို့မဟုတ်) ပြည်ဖျက်ဌာနအကြောင်း”

စစ်ကောင်စီသက်ဆိုးရှည်အောင် အဓိကကူညီပေးနေတဲ့ဌာနတွေလို့ ပြောလိုက်ရင် လူတော်တော်များများက ထွေ/အုပ်၊ စည်ပင်၊ လျှပ်စစ်၊ ကညန တို့လောက်ပဲ အသိများကြပါတယ်။ အမှန်တကယ်တော့ နွေဦးတော်လှန်ရေးအတွက် ကြီးမားတဲ့အဖျက်သမားဌာနတစ်ခု ကျန်ပါသေးတယ်။ အဲဒါကတော့ အား/ကာ လို့ အတိုကောက်ခေါ်ကြတဲ့ အားကစားနှင့်ကာယပညာဦးစီးဌာန ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီဟာ အသံတိတ်သပိတ်(silent strike) မအောင်မြင်အောင်၊ တော်လှန်ရေးအရှိန်လျော့ကျအောင် နည်းလမ်းပေါင်းစုံနဲ့ ယုတ်မာနေပါတယ်။ ထွေ/အုပ်၊ မြို့တော်စည်ပင်တို့နဲ့ပေါင်းပြီး အားကာကနေ အဓိကတာဝန်ယူကာ အားကစားပြိုင်ပွဲတွေကို ကျင်းပဖို့ စီစဉ်နေပါတယ်။


တကယ်တော့ အားကစားနှင့်ကာယပညာဉီးစီးဌာန (အတိုကောက်အခေါ် အား/ကာ)ဟာ အခုမှ စစ်ကောင်စီဒေါက်တိုင် ဖြစ်လာတာမဟုတ်ဘဲ ဖေဖော်ဝါရီ(၁)ရက်နေ့ကတည်းက အရေးတော်ပုံလောက်ကောင်ဌာနအဖြစ် ရပ်တည်ခဲ့တာပါ။ စစ်တပ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းကစပြီး ဝန်ထမ်းတွေ ဆူပူမှုမဖြစ်အောင် စတင်ထိန်းချုပ်ခဲ့တာပါ။

နေပြည်တော်မှာ ဆန္ဒပြတဲ့သူတွေကို ရဲနဲ့စစ်သားတွေက အကြမ်းဖက်ဖြိုခွင်းပြီး ဆိုင်ကယ်တွေသိမ်းပါတယ်။ အဲဒီ့သိမ်းထားတဲ့ဆိုင်ကယ်တွေကို လက်ခံသိမ်းဆည်းပေးခဲ့တာ အား/ကာ ဌာနဖြစ်ပါတယ်။ ရဲနဲ့စစ်သားတွေစားဖို့ဆိုပြီး ထမင်းဘူး၊ ကြာဆံကြော်၊ ခေါက်ဆွဲကြော်နဲ့ ရေသန့် စတဲ့ ရိက္ခာထောက်ပံ့ပေးခဲ့တာလည်း အား/ကာ ပဲဖြစ်ပါတယ်။


ရန်ကုန်၊မန္တလေး၊ တောင်ကြီး၊မော်လမြိုင်၊ မုံရွာ၊ လွိုင်ကော် မြို့တွေမှာ ဖွင့်လှစ်ထားတဲ့ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းတွေမှာ စစ်တပ်ကို တပ်စွဲခွင့်ပေးခဲ့တာလည်း အား/ကာပါပဲ။ ရိက္ခာထောက်တယ်။ သတင်းပေးတယ်။ ဒီနေ့ CDM ဝန်ထမ်းတွေကို အရေးယူတဲ့အမိန့်စာထွက် နောက်နေ့ချက်ခြင်း အိမ်ရာ/အခန်းကနေ ဖယ်ခိုင်းတာလည်း အား/ကာပဲဖြစ်ပါတယ်။ အဆိုးဆုံးက CDM ဝန်ထမ်းတွေကို ရဲတိုင်ပြီး ဖမ်းခိုင်းတဲ့ အား/ကာက အကြီးအကဲတွေဖြစ်ပါတယ်။

တခြားဌာနတွေထက် ပိုဆိုးတာက အား/ကာကို မိုးကျရွှေကိုယ် ၈၀ % က လွှမ်းမိုးချုပ်ကိုင်ထားတာ၊ ၁၀ % သော အရိုးကိုက်ဘောမတွေရှိနေတာ၊ ၅ % က ကြားနေ အချောင်သမားတွေ ဖြစ်နေတာကြောင့်ဖြစ်ပါတယ်။

CDM လုပ်တာလည်း အားကစားကို အမှန်တကယ်ချစ်ပြီး အသက်သာအသေခံမယ်၊ မတရားတာငုံ့မခံဘူးဆိုတဲ့ ၅ % သော ကစားသမားတွေ၊ ဝန်ထမ်းတွေဖြစ်ပါတယ်။


ဒီစာကို ဘာကြောင့်ရေးရသလဲဆိုရင် ပြည်သူတွေရော၊ တော်လှန်ရေးသမားတွေက တခြားစစ်ကောင်စီဒေါက်တိုင်ဌာနတွေကိုသာ ဖြိုလှဲနေကြပြီး၊အားကစားပြိုင်ပွဲတွေကို သတိမမူကြလို့ ဖြစ်ပါတယ်။ အရေးကြီးလုပ်စရာတွေများနေလို့ ဂရုမပြုမိတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

တကယ်တော့ အားကစားပြိုင်ပွဲတွေကိုကျင်းပနေတဲ့ အား/ကာ ဌာနဟာ ဒလန်ဌာနဖြစ်ပြီး၊ အားကစားပြိုင်ပွဲတွေကို သခင်အားရကျွန်ပါးဝ ကျင်းပနေတဲ့ အားကစားတာဝန်ခံ (မြို့နယ်အားကစားမှူး၊ ခရိုင်မှူး၊တိုင်းမှူး/ပြည်နယ်မှူး၊ သိပ္ပံကျောင်းအုပ်) တွေဟာလည်း လောက်ကောင်အကြီးစားတွေပဲဖြစ်ပါတယ်။ အပြစ်မဲ့ပြည်သူတွေသေနေရတာ၊ ဒုက္ခရောက်နေကြတာ သူတို့စနက်မကင်းပါဘူး။

စစ်အုပ်ချုပ်ရေးကို လည်ပတ်‌နိုင်အောင်၊ လူသတ်သမားစစ်ကောင်စီကို အလုပ်အကြွေးပြုနေသူမှန်သမျှဟာ အရေးတော်ပုံလောက်ကောင်တွေပဲ ဖြစ်ပါတယ်။


၈၈ တုန်းက ရှုံးနိမ့်သွားရတဲ့ အဓိကအကြောင်းရင်း၊ ၁ လလောက်နဲ့ သွေးအေးသွားရတဲ့ အကြောင်းအရင်းထဲမှာ “လူတွေဟာ အပျော်ပါးနောက် လိုက်သွားကြပြီး သွေးအေးသွားကြလို့” ဖြစ်ပါတယ်။

အဲ့လိုဖြစ်အောင် စစ်တပ်ဟာ လှေလှော်ပြိုင်ပွဲတွေ၊ အားကစားပြိုင်ပွဲတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပပေးခဲ့လို့ဖြစ်ပါတယ်။ အဲ့တုန်းကလူတွေဟာ သွေးချောင်းစီးသတ်ဖြတ်ခံခဲ့ရတာ၊ ဘဝပေါင်းများစွာပျက်စီးခဲ့ရတာကို မေ့သွားကြပြီး ” အာရှမှာ မြန်မာကသာ အနိုင်ယူဗိုလ်စွဲရမည်၊ မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည်” ဆိုတဲ့ ဂျင်းတွေ မိသွားကြလို့ဖြစ်ပါတယ်။

တော်လှန်ရေးသမားတွေ သိရှိပြီး၊ လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ကြစေဖို့ ဒီစာကို ရေးလိုက်ပါတယ်။

အရေးတော်ပုံမုချအောင်ရမည်။

ရေးသားသူ-မိုးခ