ၾကားသိသမွ်

တောင်ကြီးတွင် နှစ်သစ်ကူးနေ့ ဆိုင်ပိတ်ချင်သည့် တရုတ်လုပ်ငန်းရှင်များ အသနားခံစာတင်

တောင်ကြီးတွင် နှစ်သစ်ကူးနေ့ ဆိုင်ပိတ်ချင်သည့် တရုတ်လုပ်ငန်းရှင်များ အသနားခံစာတင်

ရှမ်းပြည်နယ်၏ မြို့တော်၊ တောင်ကြီးတွင် တရုတ်နှစ်သစ်ကူးနေ့၌ ဆိုင်ပိတ်ချင်သည့် တရုတ်လူမျိုးလုပ်ငန်းရှင်များနှင့် ဈေးသည်များ စည်ပင်ထံ အသနားခံစာ တင်နေရကြောင်း တရုတ်လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။

လာမည့်ဖေဖော်ဝါရီလ ၁ရက်တွင် ပြုလုပ်မည့် အသံတိတ်သပိတ်၌ ဈေးဆိုင်များ၊ လုပ်ငန်းများပိတ်ကာ ပါဝင်ခြင်းမပြုနိုင်ရန်အတွက် ရည်ရွယ်ကာ ယင်းနေ့တွင် ပိတ်သည့်ဆိုင်များကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု စစ်ကောင်စီမှ ခြိမ်းခြောက်ထားသည့်အတွက် အခက်တွေ့နေရခြင်းဖြစ်ပြီး

တရုတ်လူမျိုးလုပ်ငန်းရှင်များက နှစ်သစ်ကူးအကြောင်းပြချက်တစ်ခုထဲဖြင့်သာ ဆိုင်ပိတ်ခွင့်ပြုပါရန် တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီသို့ အသနားခံစာ တင်နေရကြောင်း အမည်မဖော်လိုသည့် တရုတ်လူမျိုးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ဆိုင်ပိတ်ဖို့အတွက် နိုင်ငံရေးမှာပါဝင်ပါတ်သက်ခြင်းမရှိပါဘူး၊ နှစ်သစ်ကူးအတွက်သာဖြစ်ပါတယ်လို့ အကြောင်းပြချက်တစ်ခုထဲနဲ့ပဲ အသနားခံစာတင်ကြည့်ဖို့ တိုင်ပင်ပြီး သွားတင်နေကြတာ။ ဘာမှတော့ အကြောင်းမပြန်လာသေးဘူး”ဟု ၎င်းက ပြောသည်။

စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းပြသသည့် အသံတိတ်သပိတ်တွင် တောင်ကြီးမြို့အပါအဝင် ရှမ်းပြည်နယ်အတွင်းမှ ဈေးဆိုင်နှင့် လုပ်ငန်းများ ပါဝင်ခြင်းမပြုရန် ရှမ်းပြည်နယ်စည်ပင် ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ဇန်နဝါရီလ ၂၆ ရက်က ညွှန်ကြားချက်ထုတ်ပြန်ထားပြီးနောက်

ဇန်နဝါရီလ ၂၇ရက်မှစတင်ကာ ဆိုင်မပိတ်ရန် စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲ၊ ဌာန၊ စည်ပင်၊ ထွေအုပ် စသည်ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဆိုင်ရှင်များကို လက်မှတ်အတင်းထိုးခိုင်းနေကြောင်း သိရသည်။

အသံတိတ်သပိတ်တွင် ပါဝင်ပြီး ဆိုင်များ၊ အလုပ်များပိတ်ထားပါက လုပ်ငန်းလိုင်စင်ကို အရေးယူမည်ဟု ခြိမ်းခြောက်ထားသလို နိုင်ငံရေးပုဒ်များဖြစ်သည့် အကြမ်းဖက်မှုဥပဒေ၊ နိုင်ငံတော်ပုန်ကန်မှု၊ ၅၀၅-က နှင့် ဆက်သွယ်ရေးဥပဒေတို့ဖြင့်ပါ အရေးယူနိုင်ကြောင်း ရှမ်းပြည်နယ်စည်ပင်၏ ခြိမ်းခြောက်ညွှန်ကြားစာတွင် ဖော်ပြထားသည်။