ၾကားသိသမွ်

လုံခြုံရေးအရ အရေးကြီးစာများ ပေါက်ကြားမှု မရှိစေရေး ညွှန်ကြားသည့်စာ ပေါက်ကြား

လုံခြုံရေးအရ အရေးကြီးစာများ ပေါက်ကြားမှု မရှိစေရေး ညွှန်ကြားသည့်စာ ပေါက်ကြား

လုံခြုံရေးအရ အရေးကြီးသည့်စာများ မပေါက်ကြားစေဖို့ ကြပ်မတ်ဆောင်ရွက်ရန် ညွှန်ကြားထားသည့် စစ်ကောင်စီ၏ ညွှန်ကြားစာ ပေါက်ကြားလာပြီး

ယင်းထဲတွင် စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအတွင်း ဝန်ထမ်းအင်အား မပြုန်းတီးစေရေးအတွက် နှစ်ပြည့်ပင်စင်နှင့် နှုတ်ထွက်ခွင့် တင်ပြမှုကို လျော့နည်းအောင်ဆောင်ရွက်ရန် ဌာနတွင်း ညွှန်ကြားထားသည်ကို ဇန်နဝါရီလ ၂၇ ရက်က တွေ့ရသည်။

စာထဲတွင် စစ်ကောင်စီလက်အောက်ခံ တိုင်းနှင့် ပြည်နယ် အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းများအပေါ် လမ်းညွှန်ချက်ပေးရာတွင် ထည့်သွင်းညွှန်ကြားခြင်းဖြစ်သည်။


အဆိုပါစာထဲတွင် CDM ဝန်ထမ်းများကို ပြန်လည်ခန့်ထားရာတွင် တာဝန်ပြန်လည် မထမ်းဆောင်သူများရှိသည့်အတွက် စိစစ်ဆောင်ရွက်ရန်၊ ဝန်ထမ်းများကို လုပ်ငန်းခွင်ပျော်မွေ့ရေး စီမံရန်၊ နှစ်ပြည့်ပင်စင်နှင့် နှုတ်ထွက်ခွင့်များ တင်ပြမှုလျော့နည်းလာအောင် ဆောင်ရွက်ရန်နှင့် စာရွက်၊ စာတမ်းများ မပေါက်ကြားစေရန် ညွှန်ကြားထားကြောင်း တွေ့ရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် CDM ပြုလုပ်သည့် ဝန်ထမ်းများရှိသလို CDM မလုပ်ဘဲ နှုတ်ထွက်သူများလည်းရှိသည့်အတွက် ထိုသို့ညွှန်ကြားခြင်း ဖြစ်နိုင်ကြောင်း ထွေအုပ်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“စစ်တပ်အာဏာသိမ်းပြီးတော့ တချို့ကျတော့ CDM ထဲ မပါရဲဘူး ကြောက်လို့။ စစ်ကောင်စီလက်အောက်မှာလည်း မလုပ်ချင်ကြဘူး။ အဲဒီတော့ အလုပ်ကနေထွက်ကြတယ်။ တချို့လည်း ဝန်ထမ်းလုပ်သက်ပြည့် ပင်စင်တင်ကြတယ်။ တခြားဌာနထက် ထွေအုပ်က ပိုများပုံရတယ်။ ဘာလို့လဲဆိုတော့ CDM လုပ်ရမှာ ကြောက်ကြတာလည်း ထွေအုပ်က အများဆုံးပဲလေ” ဟု ၎င်းကပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် CDM ပြုလုပ်သူနည်းပါးသည့် ဌာနများထဲတွင် ထွေအုပ်ပါဝင်သော်လည်း ယခုအခါ ဝန်ထမ်းအင်အားမပြုန်းတီးစေရေး ဆောင်ရွက်နေရသည်ကိုလည်း တွေ့ရသည်။