ၾကားသိသမွ်

စစ်အုပ်စုရဲ့အမှားပြင်ဆင်ချက်

စစ်အုပ်စုရဲ့အမှားပြင်ဆင်ချက်

မင်းအောင်လှိုင်က သမ္မတနေရာသူ့ကိုပေးပါလို့တောင်းတယ်။ မပေးဘူးလို့ အငြင်းခံရတယ်။ စစ်အာဏာသိမ်းတဲ့အချက်ထဲမှာ အဲဒီအချက်ဟာ အလွန်အရေးကြီးတဲ့အချက်ပဲ။ အဲသလို အငြင်းခံရပြီး တပတ်အတွင်းမှာ အာဏာသိမ်းခဲ့တာ။

တောင်းတာကလည်း သိပ်များလွန်းတယ်။ ၂၀၀၈ အခြေခံဥပဒေမှာ သမ္မတက အစိုးရတဖွဲ့လုံးကို ကြိုက်သလို ဖွဲ့ခွင့်ရှိတဲ့သူ။ ခေါင်မှန်ရင် အကုန်ရတယ်ဆိုသလိုပဲ သမ္မတနေရာရရင် အကုန်ရတယ်။ တောင်းတာက သိပ်များလွန်းသလို အတောင်းလည်း ရဲလွန်းတယ်။ ဘုရင့်သမီးတက်တောင်းတဲ့ သူတောင်းစားရဲ့ သတ္တိမျိုး။

မင်းအောင်လှိုင်သမ္မတသိပ်ဖြစ်ချင်တာက သူ့မှာအကြောင်းရှိတယ်။ ငွေမက်လို့၊ ဂုဏ်မက်လို့ဆိုတဲ့ လူတိုင်းမြင်နိုင်တဲ့ အကြောင်းအပြင် တခြားအကြောင်းတခုကတော့ ရိုဟင်ဂျာ ဂျီနိုဆိုက်ကိစ္စပဲ။ စစ်တပ်ကလည်း အသက်စေ့လို့ ဖယ်ပေးရတော့မယ်၊ တခြားဘာရာထူးမှလည်း မရှိတော့ဘူးဆိုရင် ရိုဟင်ဂျာ ဂျီနိုဆိုက်ရဲ့ နံပါတ်တစ်တရားခံဖြစ်တဲ့ သူ့အတွက် လည်ပင်းယားလောက်တဲ့အခြေအနေပဲ။ သူ့စစ်တပ်ကကိုယ်လွတ်ရုန်းပြီး သူ့အပေါ်အပြစ်အားလုံးပုံချလိုက်မှာကိုလည်း သူသိပ်ကြောက်တယ်။ ဘာမဆိုအကုန်လုပ်ရဲတဲ့မင်းအောင်လှိုင်ဟာ အိုင်စီစီကိုတော့ ရင်မဆိုင်ရဲဘူး။ အဲဒါကြောင့် အာဏာပေးရင်ပေး မပေးရင် သိမ်းယူမယ်ဆိုတဲ့အထိတိုးလုပ်ပြီး တတိုင်းတပြည်လုံးကိုမီးရှို့ခဲ့တာပဲ။

၂၀၀၈ အခြေခံဥပဒေဟာ စစ်အုပ်စုအတွက် တနေ့ရွှေတလုံးဥပေးနေတဲ့ ငန်းမကြီးပဲ။ ဒီငန်းမကြီးကို မင်းအောင်လှိုင်က သူ့တကိုယ်ရည်လွတ်မြောက်မှုအတွက် ပုံအောလောင်းလိုက်တဲ့လုပ်ရပ်ဟာ စစ်အုပ်စုတခုလုံးရဲ့ အနာဂတ်ကိုထိုးလောင်းတာပဲ။ ဒါကို စစ်အုပ်စုတစုလုံးက ဘာ့ကြောင့်လက်ခံခဲ့သလဲ။ စစ်အုပ်စုတဖွဲ့လုံးကလည်း ၂၀၀၈ အခြေခံဥပဒေနဲ့ ပတ်သက်တဲ့ အမှားပြင်ဆင်ချက်လုပ်ချင်လို့ပဲ။

၂၀၀၈ အခြေခံဥပဒေဟာ စစ်အုပ်စု ရာသက်ပန်စိုးမိုးရေးကို အာမခံချက်ပေးနိုင်အောင် လုပ်ကြံရေးဆွဲထားတယ်။ ဒီလောက်အပိုင်လုပ်ထားတာပေမဲ့ စစ်အုပ်စုပါတီတွေဟာ ၂၆ ရာနှုန်းလောက်မဲကိုတောင် အနိုင်ရအောင်မကြံဆောင်နိုင်လို့ စစ်ခေါင်းဆောင်အဆက်ဆက်သာ ရာသက်ပန်သမ္မတလုပ်ရေးဆိုတဲ့ရည်မှန်းချက်ဟာ တလွဲတချော်တွေဖြစ်ရတယ်။ ဒီအချက်ကို နောင်မှာရာသက်ပန်သေချာအောင် စစ်အုပ်စုဟာ ၂၀၀၈ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး အမှားပြင်ဆင်ချက်လုပ်ချင်တယ်။ အဲဒီအမှားပြင်ဆင်ချက်က တခြားမဟုတ်ဘူး။

ရွေးကောက်ပွဲစနစ်ကို ပီအာစနစ်ပြောင်းလဲချင်တာပဲ။ ပီအာစနစ်ပြောင်းလဲလိုက်ရင် ရှုံးမဲတွေကို ပေါင်းပြီး လွှတ်တော်ထဲမှာ ဘောင်းဘီချွတ်တွေ ပိုထိုင်ခွင့်ရသွားမယ်။ အရှုံးသမားတွေအတွက် နေရာတချို့ ခွဲတမ်းရမယ်။ ဒါဆိုရင် ၂၆ ရာနှုန်းဟာ ပြေးမလွတ်တော့ဘူးလို့ သူတို့တွက်တယ်။ ဒါ့ကြောင့် အခြေခံဥပဒေနောက်ဆက်တွဲ ရွေးကောက်ပွဲဥပဒေမှာ အမှားပြင်ဆင်ချက်ကလေးလုပ်ချင်တယ်။ ဒါပေမဲ့ သူတို့မှာ စီမံခန့်ခွဲမှုအာဏာမရှိတော့တဲ့အတွက် အဲဒီအမှားပြင်ဆင်ချက်လေးလုပ်ဖို့ အခက်တွေ့ရတယ်။

၂၀၀၈ အခြေခံဥပဒေအောက်မှာ နိုင်တဲ့ပါတီက ကိုယ်ပိုင်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ပြီး ကိုယ့်ဘက်ကိုယ်ပင်းကြတာက လုပ်ပိုင်ခွင့်ကြီးလိုဖြစ်နေတယ်။ ဗိုလ်သိန်းစိန်လက်ထက်တုန်းက ဗိုလ်သိန်းစိန်က အဲဒီအခွင့်အရေးကို သုံးခဲ့သလို ဒေါ်စုလက်ထက်မှာ ဒေါ်စုကလည်း အဲဒါကို ကိုင်ထားတော့ အခက်ကြုံရတယ်။ ဒေါ်အောင်ဆန်းစုကြည်အနိုင်ရနေသမျှမှာ ပီအာပြောင်းဖို့ မလွယ်ဘူးလို့တွက်တယ်။

အဲဒီတော့ စစ်အုပ်စုဟာ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ချက်တချို့လုပ်ဖို့ စိတ်ကူးရတယ်။ အာဏာသိမ်းပြီး အဲဒီအချက်ကိုပြင်မယ်။ တခြားပြင်ချင်တဲ့အချက်တချို့ကိုလည်း တခါတည်းပြင်မယ်။ ဒါဆိုရင် စစ်တပ်ခေါင်းဆောင်သာ ရာသက်ပန်သမ္မတဖြစ်ရမယ်ဆိုတဲ့အချက်က ပြေးမလွတ်တော့ဘူးလို့ သူတို့တွက်တယ်။

ဖေဖော်ဝါရီအာဏာသိမ်းပြီးနောက် သူတို့အုပ်စုဘက်က ပေါက်ကြားလာတဲ့ လေသံတချို့အရ သူတို့ဟာ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်ရှိနေတာကိုလည်း မကြိုက်တော့ဘူး။ စစ်အုပ်စုအတွက် အန္တရာယ်များလွန်းတယ်။ နောက်ထပ် ကြိုက်သလောက် နိုင်ငံရေးပါတီတွေ ထပ်ထောင်လို့ ရနေတာ သူတို့အတွက် မကောင်းဘူး။ နိုင်ငံရေးလွတ်လပ်ခွင့် များလွန်းနေတယ်လို့ သူတို့တွက်တယ်။

ဗမာပြည်မှာ အလုပ်သမား၊ လယ်သမားလူတန်းစားအတွေးအခေါ်ဟာ သေသေချာချာရှိနေတယ်။ အလုပ်သမား၊ လယ်သမားလူတန်းစားပါတီတွေ မြေပေါ်တက်မလာအောင်လည်း အပိုင်တားထားချင်တယ်။ အဲဒီတော့ နိုင်ငံရေးပါတီပေါင်း ၁၀ ပါတီ၊ ၁၂ ပါတီပဲခွင့်ပြုတော့မယ်လို့ သူတို့စဉ်းစားလာတယ်။ သူတို့အုပ်စုတွေဆီက အဲဒီအသံထွက်လာတယ်။ နောက်ထပ်ပါတီထပ်ထောင်ခွင့်မပြုဘူး။ နောက်ထပ်နိုင်ငံရေးလုပ်ချင်တဲ့လူဟာ အဲဒီ ၁၀ ပါတီ ၁၂ ပါတီထဲမှာပဲ ပူးပေါင်းကြ၊ ဝင်လုပ်ကြ။ ၁၀ ပါတီ၊ ၁၂ ပါတီတောင် ဖွဲ့ခွင့်ပေးထားတာဆိုတော့ နိုင်ငံရေးလွတ်လပ်ခွင့်ဟာ လုံလောက်နေပြီလို့ အကြောင်းပြမယ်။

စစ်အုပ်စုဟာ ဗမာနိုင်ငံမှာရှိသမျှ သူတို့အကုန်ပိုင်တယ်လို့ အမြဲတန်းယူဆတယ်။ စစ်တပ်အစဉ်အဆက်ရဲ့ မြေရှင်ပဒေသရာဇ်အတွေးအခေါ်မကုန်သေးတဲ့အချက်ကို အဲဒါကပြတယ်။ နိုင်ငံရေးလွတ်လပ်ခွင့်လိုချင်ရင်လည်း သူတို့ဆီတောင်းရမယ်၊ သူတို့ပေးသလောက်လူထုက ယူရမယ်။ လွတ်လပ်စွာပြောဆိုခွင့်၊ စာပေလွတ်လပ်ခွင့်ဆိုတာကိုလည်း သူတို့ပေးသင့်တယ်ထင်သလောက်ပေးမယ်၊ လူထုနဲ့သင့်တော်သလောက် သူတို့က ခွင့်ပြုပေးမယ်လို့ သဘောထားတယ်။ ဖက်ဒရယ်ပြည်ထောင်စုလိုချင်တယ်ဆိုရင်လည်း ပေးသင့်မပေးသင့်ဆိုတာကို သူတို့ကဆုံးဖြတ်မယ်၊ သူတို့စဉ်းစားမယ်လို့ စစ်တပ်ကသဘောထားတယ်။ အားလုံးဟာ သူတို့ပိုင်တယ်။ ကျန်တဲ့လူတွေကို သူတို့ပေးချင်သလောက်ပေးမယ်လို့သဘောထားတယ်။

ပီအာစနစ်လည်း လုပ်မယ်၊ ၁၂ ပါတီစနစ်ဆိုတာလည်းလုပ်မယ်ဆိုရင် သူတို့ပိုင်ပြီ။ စစ်တပ်က အာဏာ ၃ ရပ်လုံးကို တသက်လုံးမောင်ပိုင်စီးနိုင်ပြီလို့ သူတို့တွက်တယ်။ အာဏာခဏသိမ်းလိုက်မယ်။ အဲဒီအမှားပြင်ဆင်ချက်လုပ်လိုက်မယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို နင်က အကောင်ကြီးတယ်၊ နောက်တခါထပ်လျှောက်ဆိုပြီး လျှောက်ခိုင်းမယ်။ ဒါဆို ရာသက်ပန် အာမခံချက်ခိုင်သွားပြီလို့ တွက်တယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လိုသလို ခြိမ်းခြောက်ဟိန်းဟောက်ပြီး ထပ်လျှောက်ခိုင်းလို့ရနိုင်မယ်လို့လည်း သူတို့တွက်ထားတယ်။ ၉၀ မှာတခါလျှောက် ၂၀၁၅ မှာ နောက်တခါပြန်လျှောက်လို့လည်း ခိုင်းခဲ့ဖူးပြီးပြီ။ အောင်လည်း အောင်မြင်ခဲ့ဖူးပြီးပြီဆိုတော့ ဒီတခါလည်း ထပ်လျှောက်ခိုင်းရင်လျှောက်မှာပဲလို့ သူတို့အပိုင်တွက်တယ်။ ဒါပေမဲ့လူထုက ဒေါ်အောင်ဆန်းစုကြည်ကိုပါ ဆုံးဖြတ်ခွင့်မပေးဘူး။ CRPH ကိုလည်း ဆုံးဖြတ်ခွင့်မပေးဘူး။ လက်နက်ကိုင်တော်လှန်ရေးကို လူထုကသူတို့ဘာသာရွေးချယ်တယ်။ CRPH NUG ကိုလည်း လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းပေါ်မှာ ဆွဲတင်ထားတယ်။

စစ်အုပ်စုဟာ လူထုကို အမြဲလျှော့တွက်တယ်။ အာဏာသိမ်းလို့ လူထုကဆန့်ကျင်ရင် ခဏပါလို့ထင်တယ်။ ၄၊ ၅ ယောက်လောက်သတ်ပြလိုက်ရင် ငြိမ်သွားမှာပါလို့ထင်တယ်။ အဲဒီနောက် ၄၊ ၅ လကြာရင် မေ့သွားမှာပါလို့ထင်တယ်။ ပီအာစနစ်နဲ့ ၁၂ ပါတီစနစ်ဆိုတာမျိုးလုပ်ထားလိုက်ရင် လူထုဟာ အဲဒါကိုပြင်ဖို့ ထပ်ကြိုးစားနေတာနဲ့ နောက်ထပ် အနှစ် ၅၀ တော့ အနည်းဆုံးကြာသွားမှာပဲလို့တွက်တယ်။

စစ်တပ်ဟာ သူတို့ကို လူထုကဘယ်လောက်တောင်မုန်းနေသလဲဆိုတာကို ဘယ်တော့မှ ပြည့်ပြည့်ဝဝ သဘောမပေါက်ဘူး။ ဖဆပလခေတ်မှာ တည်မြဲတွေတက်မလာနိုင်အောင် သန့်ရှင်းကို စုပြုံမဲပေးလိုက်တာဟာ သန့်ရှင်းကိုချစ်လွန်းလို့မဟုတ်ဘဲ တည်မြဲနဲ့ စစ်တပ်ကိုမုန်းလွန်းလို့ဆိုတာ သူတို့အချိန်လွန်ပြီးမှ သဘောပေါက်တယ်။ ဒါပေမဲ့ခဏပဲ သဘောပေါက်တယ်။ နောက်တခါထပ်မှားတယ်။ ၉၀ ခုနှစ်မှာ တစညတွေ မဲရဦးမှာပါပဲလို့ထင်ပြီး ရွေးကောက်ပွဲလုပ်တယ်။ နောက်တကြိမ်ဝက်ဝက်ကွဲရှုံးတယ်။ ရှုံးပြီးမှသဘောပေါက်တော့ ကတိပေးထားတဲ့အတိုင်း အာဏာမလွှဲဘဲ နှစ်ပေါင်း အစိတ်လောက်ကြာအောင် မျက်နှာပြောင်ပြောင်နဲ့ အတင်းအုပ်ချုပ်ရတော့တယ်။ နိုင်နိုင်ရှုံးရှုံးမဖယ်ဘူးကွာဆိုပြီး ပေကပ်ညစ်ပတ်နေခဲ့တယ်။ ဒါပေမဲ့ ဒီသင်ခန်းစာကိုလည်း အမှတ်မရှိဘူး။ ၂၀၁၅ ခုနှစ်မှာ တခါထပ်မှားတယ်။ လူထုက သူတို့ကို စင်ပေါ်မှာ မနေနိုင်တော့အောင် ကန်ချပြန်တယ်။ ဒီလောက်အဖက်ဖက်က ညစ်ပတ်ထားတာတောင် မလွယ်ပါ့လားဆိုတာ သူတို့ရိပ်မိသွားတယ်။

ရိပ်မိသွားတော့လည်း ငါတို့ကိုလူထုကမလိုလားပါလားဆိုပြီး အသိစိတ်ရှိရှိနဲ့နောက်ဆုတ်ဖို့မစဥ်းစားဘူး။ ဒါမျိုးထပ်မဖြစ်အောင် တိုးပြီးညစ်ပတ်မယ်လို့ကြံတယ်။ ရိုဟင်ဂျာဂျီနိုဆိုက်လုပ်ပြီး တိုင်းပြည်ကို မွှေနှောက်ပစ်ဖို့ကြိုးစားတယ်။ လူတွေကို ဘာ သာရေးမှိုင်းတိုက်ပြီး သွေးခွဲဖို့ကြိုးစားတယ်။ ဒါပေ မဲ့ မဘသလောက်ကိုပဲ သူတို့စည်းရုံးလို့ရတယ်။ လူထုရဲ့ စစ်တပ်ကိုမုန်းတဲ့အမုန်းဟာ မပျက်ပြယ်ဘူး။

စစ်တပ်ဟာ သူ့ရှူးသူပတ်ပြီး သူ့ထောင်ချောက်မှာ သူ့ဘာသာ အခါခါမိတယ်။ အဲသလိုထောင်ချောက်မိ အကျပ်ကျတိုင်းမှာ သေနတ်ထောင်ဖောက်ပြီး အာဏာသိမ်းတဲ့နည်းနဲ့ ထွက်ပေါက်ရှာတယ်။ အမြဲတန်းအဲဒီထွက်ပေါက်နဲ့ပဲ အသက်ဆက်နိုင်ခဲ့တာဆိုတော့ ဒီတခါလည်း ဒီနည်းကိုပဲ ထပ်သုံးတယ်။ ဒီတခါ အာဏာသိမ်းပြီးလို့ စစ်ကျွန်ဥပဒေစီမံကိန်းကြီးမှာ လိုနေတာလေးတွေဖြည့်စွက်လိုက်ရင်တော့ နောက်တစ်ခါ အာဏာသိမ်းစရာမလိုတော့ဘဲ စစ် ဗိုလ်ကအမြဲတန်းသမ္မတလုပ်လို့ ရတော့မှာပါလို့တွေးတယ်။ ဒီတခါ နောက်ဆုံးပိတ်အိတ်နဲ့လွယ်တော့မယ်ဆိုပြီး အကြံကြီးကြံတယ်။

ဒါပေမဲ့ ဒီတခါလည်း စစ်တပ်အတွက်မှားပြန်တယ်။ လူထုကသူတို့ကို လိမ်ခွင့်ထပ်မပေးတော့ဘူး။ လှည့်စားခွင့်ထပ်မပေးတော့ဘူး။ သူတို့အခုအာပေါက်အောင်ပြောနေတဲ့ ပီအာစနစ်ဆိုတာကို ဘယ်သူကမှ အရေးလုပ်ဆွေးနွေးတာမျိုးတောင်မလုပ်ကြဘူး။ ပီအာကို အရေးလုပ်ကန့်ကွက်တဲ့အသံမျိုးကို တသံမှမကြားရဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲကို ဘယ်သူမှ စိတ်မဝင် စားလို့ပဲ။ သူတို့ကို ရွေးကောက်ပွဲလုပ်ခွင့်မပေးတော့ဘူးလို့ ယတိပြတ်ဆုံးဖြတ်ထားလို့ပဲ။

ဒီတခါထပ်ပြီး အလိမ်ခံရရင် နောက်တစ်ခါ အနည်း ဆုံး နှစ် ၅၀ ကြာမယ်ဆိုတာ လူတိုင်းသိနေပြီ။ ကံအကြောင်းမလှရင် နှစ်ပေါင်း ၁၀၀ လောက်ထပ်ကြာတဲ့အထိလည်း ဖြစ်နိုင်တယ်။

ဒါ့ကြောင့်လူထုဟာ အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်ကြတာပဲ။ ဒါ့ကြောင့် အသက်တွေ သွေးတွေ ဒီလောက်ပေးဆပ်နေကြတာပဲ။ ဘယ်သူမှ သူများမြှောက်ပေးလို့ အသေခံနေတာမဟုတ်ဘူးး။

အားလုံးသိထားကြဖို့က ဒီပွဲဟာ စစ်တပ်ကပုံဖျက်ပြောဆိုနေတဲ့ အစိမ်းနဲ့အနီပွဲမဟုတ်ဘူး။ စစ်တပ်က အစိမ်းနဲ့အနီပွဲလို့ပြောနေတာဟာ မဘသတွေကို ထိန်းထားနိုင်အောင် လှည့်စားနေတာ။ မဘသတွေက အဟုတ်မှတ်တယ်။ ပျူစောထီးဖွဲ့ပြီး စစ်တပ်ကိုကျားကန်ပေးတယ်။ ဒါပေမဲ့ ပြည်သူကိုတော့ အဲဒီနည်းနဲ့ လှည့်စားလို့မရတော့ဘူး။

ဒီပွဲဟာ ၁၉၄၈ ခု လွတ်လပ်ရေးရပြီးစကတည်းက စတင်တိုက်ပွဲဝင်ခဲ့ကြရတဲ့ စစ်အာဏာရှင်စနစ်နဲ့ ပြည်သူတရပ်လုံးဆင်နွှဲနေတဲ့ တိုက်ပွဲကြီးရဲ့ အ ဆက်ပဲ။ ပြည်သူတရပ်လုံးနဲ့ စစ်အာဏာရှင်ရဲ့တိုက် ပွဲ။ နောင်နှစ်ပေါင်း ၁၀၀ ဆက်ပြီး စစ်ကျွန်မဖြစ်စေချင်လို့တိုက်တဲ့ပွဲပဲ။
ဒီတပွဲနိုင်အောင် မတိုက်နိုင်ရင် နောက်ထပ်အနှစ် ၁၀၀ ကျွန်ခံရမယ်။ ငါတို့နိုင်အောင်တိုက်ကြမယ်။

ဇော်ဝင်း (၈၈ ဗကသ)
အိုးဝေစာစောင် ( တွဲ ၁၊ အမှတ် ၄ )