ၾကားသိသမွ်

အိန္ဒိယမြေမှာ တောက်ပနေတဲ့ မြန်မာအမျိုးသမီးဘောလုံးငွေကြယ်ပွင့် ဝင်းသီင်္ဂီထွန်းအကြောင်း

အိန္ဒိယမြေမှာ တောက်ပနေတဲ့ မြန်မာအမျိုးသမီးဘောလုံးငွေကြယ်ပွင့် ဝင်းသီင်္ဂီထွန်းအကြောင်း

“Win” လို့ အတိုခေါက် ခေါ်ကြတဲ့ မြန်မာအမျိုးသမီး ဘောလုံးသမား ဝင်းသီင်္ဂီထွန်းဟာ အိန္ဒိယအမျိုးသမီး ဘောလုံးပရိတ်သတ်တွေအကြား အချိန်တိုအတွင်း လူသိများလာနေပါတယ်။ သူဟာ အိန္ဒိယအမျိုးသမီး ဘောလုံးကလပ် Gokulam Kerala အသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှူးတယောက်လည်း ဖြစ်လာပါတယ်။

လွန်ခဲ့သည့် ၁၅ နှစ်ခန့်က ရန်ကုန်မြို့ရဲ့ တောင်ဘက်အစွန် ကျောက်တန်းမြို့ငယ်လေးက လမ်းမတွေပေါ်မှာ ယောက်ျားလေးတွေနဲ့ ရင်ပေါင်တန်းပြီး ဘောလုံးကစားနေခဲ့တဲ့ မိန်းကလေးငယ်ဟာ အခုအချိန်မှာတော့ မြန်မာနိုင်ငံမှာ အကျော်ကြားဆုံး အမျိုးသမီးဘောလုံးသမားဖြစ်နေပါပြီ။


အသက် ၂၆ နှစ်အရွယ် ဝင်းသီင်္ဂီထွန်းဟာ မြန်မာ့အမျိုးသမီးဘောလုံးသမိုင်းမှာ ပထမဆုံး ပြည်ပထွက်ကစားတဲ့ ပရော်ဖက်ရှင်နယ် အမျိုးသမီး ဘောလုံးသမားဖြစ်ပါတယ်။ နိုင်ငံအသင်းအတွက် ဂိုးပေါင်း ၅၀ ကျော် သွင်းယူပေးထားတဲ့ တိုက်စစ်မှူးဟာ အိန္ဒိယနိုင်ငံရဲ့ ထိပ်တန်း အမျိုးသမီး ဘောလုံးကလပ် Gokulam Kerala နဲ့ ကာလတို စာချုပ်ချုပ်ဆို ထားတာဖြစ်ပါတယ်။

ကျောက်တန်းမြို့က လမ်းမတွေပေါ်ကနေ အိန္ဒိယနိုင်ငံက မြက်ခင်းစိမ်းစိမ်းတွေဆီ ဝင်းသီင်္ဂီထွန်းက လာခဲ့ရတဲ့ လမ်းတလျောက်က ချောမွေ့လှတာတော့မဟုတ်ပါဘူး။ သူဟာ သမီးမိန်းကလေးဘောလုံးကစားတာကို သဘောမကျတဲ့ မိဘတွေကြားမှာ ကြီးပြင်းခဲ့ရတာဖြစ်သလို ဘောလုံးသမားဖြစ်ဖို့ ခြောက်တန်းကျောင်းသူ အရွယ်လောက်ကတည်းက မိသားစုကို စွန့်ခွာပြီး လူငယ်လေ့ကျင့်ရေးသင်တန်းဆီ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။


ဝင်းသီင်္ဂီထွန်းက သူအသက် ၆နှစ်၇နှစ်အရွယ်ကတည်းက ဘောလုံးအားကစားနည်းကို စိတ်ဝင်စားခဲ့တာလို့ ဆိုပါတယ်။ အခြားရွယ်တူမိန်းကလေးတွေက မိန်းကလေးသဘာ၀ ကစားနည်းတွေ ဆော့ကစားနေချိန်မှာ သူကတော့ အိမ်အနီးနားက အကိုတွေနဲ့ နေ့တိုင်းနီးပါး ဘောလုံးကန်နေခဲ့တယ်။ ဒါကိုသူ့မိဘတွေကတော့ သဘောမကျပါဘူး။ ဘောလုံးကွင်းထဲ ရောက်ရောက်သွားတတ်တဲ့သူ့ကို မိဘတွေက ရိုက်နှက်ဆုံးမပြီး ပြန်ခေါ်လာတတ်ပေမယ့် သူကတော့ ဘောလုံးကန်မြဲကန်ဆဲ။

မြန်မာနိုင်ငံက မိဘအချို့ဟာ သူတို့သမီးမိန်းကလေးတွေ ဘောလုံးကစားတာကို မနှစ်သက်ကြပါဘူး။ အစဉ်အလာအရ ဘောလုံးဟာ အမျိုးသားတွေကစားတဲ့ အားကစားလို့ သတ်မှတ်ထားတာကြောင့် ဖြစ်နိုင်သလို နောက်ထပ်အကြောင်းပြချက်တခုက မျှော်လင့်ချက်မဲ့တဲ့ အနာဂတ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘောလုံးကစားရင် အတန်းပညာဆက်မသင်မှာကို စိုးရိမ်ကြတာလဲပါနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ ဘောလုံးသမားတွေ ဘဝကလည်း အင်မတန်ခက်ခဲ ဆင်းရဲကြပါတယ်။ မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ အာရှထိပ်တန်း ၁၀ နိုင်ငံစာရင်းဝင်ပေမယ့် အမျိုးသမီးဘောလုံးသမားတွေရဲ့ ဘဝကတော့ ချို့တဲ့လှပါတယ်။ မြန်မာ့လက်ရွေးစင် အဖြစ်အရွေးခံရရင် ငွေကြေးထောက်ပံ့မှု တချို့ရနိုင်ပေမယ့် လက်ရွေးစင် မဖြစ်ရင်ဖြစ်ဖြစ်၊ အနားယူသွားရင်ဖြစ်ဖြစ် သူတို့ဘဝဟာ ချို့ချို့တဲ့တဲ့နဲ့ ဖြတ်သန်းရပါတယ်။


မသေချာတဲ့ အနာဂတ်တွေ၊ မိဘဆွေမျိုးတွေရဲ့ ကန့်သတ်မှုတွေက ဝင်းသီင်္ဂီထွန်း ရဲ့စိတ်အားထက်သန်မှုကို ချိုးနှိမ်လို့ မရခဲ့ပါဘူး။ သူအသက် ၁၃ နှစ်၊ ခြောက်တန်းကျောင်းသူ အရွယ်မှာ ဘောလုံးအားကစားကို ရူးသွပ်တဲ့ ဝင်းသီင်္ဂီထွန်းအတွက် ထင်မှတ်မထားတဲ့ လမ်းစတစ်ခုပေါ်လာခဲ့တယ်။

ရန်ကုန်က မြို့နယ်ပေါင်းစုံ အားကစားပြိုင်ပွဲအတွက် ကျောက်တန်းမြို့နယ်အသင်းမှာ ပါဝင်ကစားဖို့ ကျောင်းမှာ စိတ်ပါဝင်စားသူတွေကို လာရောက်ရွေးချယ်ခေါ်ယူတဲ့အခါ အလျင်အမြန်ပဲ စာရင်းပေးလိုက်ပါတယ်။ ခြေစွမ်းခြေစရှိတဲ့သူ့ကို နည်းပြဆရာတွေက သဘောကျသွားပြီး မြို့နယ်အဆင့်မှာဘဲ ရပ်မနေဘဲ အားကစားသိပ္ပံမှာ စနစ်တကျ ဘောလုံးလေ့ကျင့်ဖို့ တိုက်တွန်းပါတော့တယ်။

အဲ့ဒီအချိန်က သူ့အသက်က ၁၃နှစ်သာရှိသေးတော့ အိမ်ကိုခွဲခွာပြီး သွားဖို့ကို မိဘတွေက ခွင့်မပြုခဲ့။ ခေါင်းမာတက် သူပီပီ ကိုယ့်တကိုယ်ရေစာ အသုံးအဆောင်တွေယူပြီး ရန်ကုန်၊ တာမွေမြို့နယ်က အားကစားသိပ္ပံကို သွားရောက်ခဲ့ပါတယ်။


အားကစားသိပ္ပံကို ရောက်ခါစအချိန်တွေက မလွယ်ကူခဲ့ပါဘူး။ ဝါသနာ တစ်ခုတည်းနဲ့ ရောက်လာတဲ့အခါ ကလေးပီပီ အိမ်ကို လွမ်းဆွတ်သတိရတဲ့ စိတ်တွေက ကြီးစိုးခဲ့တယ်။ ဒါပေမယ့် အားကစားသိပ္ပံကျောင်းရဲ့စနစ်ကျတဲ့ နေထိုင်မှုတွေ အချိန်မှန်မှန်လေ့ကျင့်ရေးနဲ့ ပညာသင်ကြားရေးတို့ကို ဘက်မျှအောင်လုပ်ရတဲ့အခါ နေသားတကျဖြစ်လာခဲ့တယ်။

မိဘတွေကတော့ သူတို့ကလေးက ရက်အနည်းငယ်ကြာရင် လက်လျှော့ပြီး အိမ်ပြန်လာမှာလို့ အစပိုင်းမှာ ထင်မှတ်ခဲ့ကြပါတယ်။ ထင်သလိုဖြစ်မလာဘဲ သူတို့သမီးရဲ့ စိတ်အားထက်သန်မှုကို သဘောပေါက်လာခဲ့တဲ့နောက် အားကစားသိပ္ပံရောက်ပြီး သုံးလေးလ အကြာမှာ လာရောက်တွေ့ဆုံပြီး လိုအပ်တာတွေကို ပံ့ပိုးပေးခဲ့တယ်။

“အားကစားသိပ္ပံကျောင်းက စည်းကမ်းရှိတယ်။ ဘောလုံးသမားတွေကို သေချာပြုစု ပျိုးထောင်ပေးပြီး ကျောင်းလည်းတက်ခွင့်ရှိတာကြောင့် အိမ်ကဘာမှမပြောတော့ဘူး”လို့ ဝင်းသီင်္ဂီထွန်းက ပြောပါတယ်။


အားကစားသိပ္ပံမှာ ကြိုးစားရုန်းကန်ရင်း၊ သက်တမ်းအလိုက်ပြိုင်ပွဲတွေမှာ ခြေစွမ်းပြရင်း အသက်၁၉နှစ် အရွယ်မှာတော့ သူမျှော်လင့်ခဲ့တဲ့ နိုင်ငံ့လက်ရွေးစင်ကစားသမားဖြစ်လာခဲ့ပါတယ်။

မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) မှာ လူငယ်ခြေတက် တိုက်စစ်မှူး ဝင်းသီင်္ဂီထွန်းဟာ ပထမဆုံးအရွေးခံခဲ့ရပါတယ်။ SEA Games မှာ ပထမဦးစားပေး တိုက်စစ်မှူးတော့ မဟုတ်ခဲ့ဘဲ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ရပါတယ်။

နှစ်ပေါင်း ၄၀ ကျော်အကြာပြီးမှ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပြန်ကျင်းပတာဖြစ်တဲ့အတွက် ကစားသမားတွေဟာ နိုင်ပွဲရဖို့အတွက် ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ ပြိုင်ပွဲရဲ့ ပွဲစဉ်တခုမှာ သူလူစားဝင်ကစားခွင့်ရခဲ့ပြီး ပရိတ်သတ်တွေက ကွင်းအပြည့် ဆိုတော့ သူ့အနေနဲ့ စိတ်လှုပ်ရှားနေခဲ့ပြီး ပရိတ်သတ်အရှိန်ကြောင့် ကောင်းကောင်းမကစားနိုင်ခဲ့ဘူးလို့ သူကဆိုပါတယ်။

“ကွင်းထဲမှာ ပရိတ်သတ်ကအပြည့်ပဲ၊ တခါမှမခံစားဘူးလေ၊ ငယ်သေးတော့ ပရိတ်သတ်တွေကလည်း အရမ်းအားပေးတော့ စိတ်လှုပ်ရှားတာ” လို့ သူ့ရဲ့ပထမဆုံး လက်ရွေးစင်အတွေ့အကြုံကို ဝင်းသီင်္ဂီထွန်း ကပြောတယ်။


ကံမကောင်းစွာနဲ့ဘဲ မြန်မာအမျိုးသမီးအသင်းဟာ ပြိုင်ဘက် ထိုင်းနဲ့ဗီယက်နမ် တို့နောက် တတိယကြေးတံဆိပ်သာ ရခဲ့ပါတယ်။
နိုင်ငံကိုယ်စားပြုအသင်းအဖြစ်ကစားတဲ့ ပထမဆုံးပွဲမှာ ခြေစွမ်းကောင်းကောင်းမပြနိုင်ပေမယ့် ယင်းပွဲအတွေ့အကြုံကို သင်ခန်းစာယူကာ နောက်ပွဲတွေမှာ ပြန်လည်ပြင်ဆင်ပြီး ကြိုးစားခဲ့တာကြောင့် ၂၀၁၄ ကစတင်ပြီး မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းရဲ့ အဓိက ကစားသမားအဖြစ် တောက်လျှောက်ကစားခဲ့တာ ယနေ့အချိန်ထိပါ။

ဝင်းသီင်္ဂီထွန်းဟာ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းမှာ ပွဲပေါင်း၆၀ ကစားထားပြီး စုစုပေါင်း သွင်းဂိုး ၅၆ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ အဆိုပါအရေအတွက်က အမျိုးသမီးလက်ရွေးစင်အသင်းမှာ ကန်ခဲ့တဲ့ ပွဲတွေဖြစ်ပြီး သက်တန်းအလိုက် ကန်ခဲ့တဲ့ပွဲတွေနဲ့ဆို ရာဂဏန်းရှိမယ်လို့ ဆိုပါတယ်။

နိုင်ငံအသင်းနဲ့ အောင်မြင်မှုတွေအဖြစ် Hero gold Cup 2019 (India)ရွှေတံဆိပ်၊ AFF Women Championship 2015 ငွေတံဆိပ်နဲ့ SEA Games 2013 , 2017, 2019 ကြေးတံဆိပ်တွေ ရရှိထားပါတယ်။ ဒေသတွင်းနဲ့ ပြည်တွင်း ပြိုင်ပွဲတွေမှာ ဂိုးသွင်းအများဆုံးဆုကိုလည်း မကြာခဏ ရရှိထားပါတယ်။


လက်ရွေးစင်ကစားသမားအဖြစ် ခြောက်နှစ်ကြာ ကစားအပြီးမှာတော့ သူ့ကစားသမားဘဝအတွက် နောက်ထပ်တဆင့်တက်လှမ်းနိုင်မယ့် အခွင့်အရေးတခု ၂၀၁၉ ခုနှစ်မှာ ရလာခဲ့ပါတယ်။ အဲ့ဒီနှစ်က မြန်မာအမျိုးသမီးအသင်းဟာ အိန္ဒိယမှာကျင်းပတဲ့ Hero gold cup ဖလားမှာ ဗိုလ်စွဲခဲ့ပြီး ဝင်းသီင်္ဂီထွန်းဟာလည်း အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပါတယ်။

ညာတောင်ပံနဲ့ အထောင်တိုက်စစ်နေရာ အားသန်တဲ့ သူ့ရဲ့ခြေစွမ်းကို အိန္ဒိယထိပ်သီး ကလပ်အသင်းကို Gokulam Kerala က သဘောကျသွားခဲ့ပြီး ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဖို့ ကမ်းလှမ်းပါတော့တယ်။ အစပိုင်းမှာ ကိုဗစ်ကပ်ရောဂါကြောင့် အိန္ဒိယမှာ ကစားဖို့ စောင့်နေခဲ့ရပေမယ့် ၂၀၂၁ နိုဝင်ဘာမှာ အိန္ဒိယကလပ်အသင်းရဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။ ၂၀၂၂ ဧပြီလအထိ ကာလတိုစာချုပ်နဲ့ ကစားနေတဲ့ ဝင်းသီင်္ဂီထွန်းဟာ ကလပ်အသင်းအတွက် လက်ရှိအချိန်ထိ ၉ပွဲကစားပြီး ဂိုးပေါင်း ၂၂ ဂိုးသွင်းယူထားပေးထားတယ်လို့ဆိုတယ်။

ပြည်ပထွက် ကစားရတဲ့အခါ ခြေစွမ်းပြနိုင်ပေမယ့် ဘာသာစကားအခက်အခဲ နဲ့တော့ ရင်ဆိုင်ရတယ်လို့လည်း သူကဆိုပါတယ်။
“ကွင်းထဲကန်နေချိန် သူလှမ်းပြောတာ မရှင်းလင်းဘူးပေါ့။ မနည်းနားလည်အောင်လုပ်ပြီးတော့ ကစားရတာပေါ့။ ချက်ချင်း ကစားတာ ပြောင်းချင်ရင် လှမ်းပြောတယ် ကျနော့ကို။ အဲ့ချိန်ကျရင် ဒုက္ခရောက်တယ်။ ချက်ချင်းသူပြောတာ နားမလည်တော့ ကွင်းပြင်ကိုထွက်ပြီး ပြန်သွားမေးရတယ်” လို့ ဆိုပါတယ်။


အမျိုးသမီးဘောလုံးသမား တယောက်အတွက် ကျော်ဖြတ်ရတဲ့အခက်အခဲတွေက ရိုးရာအစဉ်အလာတွေက တားဆီးမှုတွေနဲ့ ထောက်ပံ့ကူညီမှုနည်းပါးတာတွေတင် မဟုတ်သေးပါဘူး။ သဘာဝအရ ကန့်သတ်တားဆီးမှုတွေ ကိုလည်းကျော်ဖြတ်ရပါသေးတယ်။

အမျိုးသမီးသဘာ၀ ရာသီကာလတွေရောက်ချိန်နဲ့ ပြိုင်ပွဲကစားချိန် တိုက်ဆိုင်နေရင် စိတ်ဒုက္ခရောက်ကြရပါတယ်။ ဓမ္မတာကာလ စိတ်ပင်ပန်း လူပင်ပန်းချိန်တွေမှာ ငြိမ်ငြိမ်သက်သက်နေချင်ပေမယ့် ကြမ်းကြမ်းတမ်းတမ်း၊ ပြေးပြေးလွှားလွှား ဆော့ကစားရတာကြောင့် တခါတရံ ကစားမှုစွမ်းရည်ကျလာတာ မျိုးတွေလည်းရှိပါတယ်။

“ကိုယ်ကစားတာကျသွားရင် ပရိတ်သတ်တွေက ဒီကစားသမားဘာဖြစ်တယ် ညာဖြစ်တယ်နဲ့။ ဝေဖန်တယ်ပေါ့။ ကိုယ့်စိတ်ဓာတ်က ထိုးပြီးကျသွားရော ကစားရတာ။အရမ်းဒုက္ခရောက်တယ်” လို့ ပြောပါတယ်။

အဲ့ဒီအခါကျရင် နည်းပြတွေကလည်း ကစားသမားအခြေအနေအလိုက် အနားပေးသင့်ရင် အနားပေးပြီး လူစားလဲ ကစားစေတာ မျိုးတွေလုပ်ပေး တယ်လို့ဆိုတယ်။


အမျိုးသမီးကစားသမားတွေဟာ အခွင့်အရေးနဲ့ ဆုကြေးရရာမှာလည်း အမျိုးသားကစားသမားတွေနဲ့ နှိုင်းယှဉ်ရင် အတော်လေးကွာခြားပါတယ်။ ပြည်တွင်းမှာ အမျိုးသမီး ကစားသမားတွေဟာ ပြိုင်ပွဲအနည်းငယ်သာ ယှဉ်ပြိုင်ကြရပါတယ်။ လေ့ကျင့်ရေးအသုံးအဆောင်တွေနဲ့ ထောက်ပံ့မှုတွေမှာလည်း အစစအရာရာ အားနည်းလေ့ ရှိပါတယ်။

“နေရာတိုင်းမှာတော့ဒီလိုပါပဲ။ ယောက်ျားလေးအသင်းကို ပိုဦးစားပေးတာ။ တန်းတူအခွင့်ရေး ဆိုတာတော့မရှိဘူး၊ ပြောချင်တာက အရမ်းကြီးတော့ မကွာလိုက်နဲ့။ Different မဖြစ်နဲ့ပေါ့၊ သူတို့ရတဲ့အခွင့်အရေးမျိုး ကျနော်တို့ကို ၇၀ ရာခိုင်နှုန်းပေး။ မိန်းကလေးနဲ့ယောက်ျားလေးဆို အောင်မြင်ဖို့က မိန်းကလေးက ပိုဖြစ်နိုင်ခြေရှိတယ်ပေါ့” လို့ ဝင်းသီင်္ဂီထွန်း ကဆိုတယ်။

အမျိုးသမီးကစားသမားတွေရဲ့ အခက်အခဲတွေကို ဂရုမပြုမိဘဲ လွန်လွန်ကျူးကျူးဝေဖန်တာတွေနဲ့ ရင်ဆိုင်ရချိန်ဟာလည်း ခက်ခဲတဲ့ကာလတွေ ဖြစ်တယ်လို့ သူကဆိုပါတယ်။

ပရိတ်သတ်တွေ အားပေးတာကြောင့် အားတက်ခဲ့ရတဲ့နေ့တွေရှိသလို ပရိတ်သတ် ဖိအားတွေကြောင့် စိတ်ထိခိုက် ရတာတွေလည်း ရှိတယ်လို့ သူကဆိုပါတယ်။ ပရိတ်သတ်တွေက အချိန်နဲ့ငွေ အချိန်ကုန်ခံပြီး လာကြည့်ကြတဲ့ အပေါ် နားလည်ပေမယ့် တခါတရံပရိတ်သတ်တွေရဲ့ အားမလို အားမရ ဆဲဆိုမှုတွေကို တော့ မနှစ်သက်ဘူးလို့ဆိုတယ်။


“တချို့ပရိတ်သတ်တွေ ကျတော့လည်း အားပေးတာလားဘာလားမသိ ဆဲတာပေါ့၊အမျိုးသမီး တယောက်ယောက်ကို ဆဲလိုက်တာတူတူပဲ။ မဟုတ်တာလုပ်နေတာလည်း မဟုတ်ဘူး။သူတို့နိုင်စေချင်တာထက် ကျနော်တို့က ပိုနိုင်ချင်တယ်၊ ကျနော်တို့က ဒီလူဒီကစားသမားတွေက ပွဲမှာပြန်ပြန်တွေ့နေရတာ။ ကျတော်တို့ လည်းပြောချင်တာပေါ့ ငါတို့လည်း နိုင်တယ် ဆိုပြီးတော့” လို့ ဝင်းသီင်္ဂီထွန်းကပြောပါတယ်။

ဒါ့အပြင်အမျိုးသမီးဘောလုံးသမား အများစုက ကျားကျားလျားလျားနဲ့ ယောကျာ်းလေးပုံစံ အနေများကြတဲ့အတွက်ဆိုပြီး ရုပ်ရည်အသွင်အပြင် ပိုင်းဆိုင်ရာတွေကို ဝေဖန်တာမျိုးတွေလည်း ကြုံရပါတယ်။

“အားကစားကို အားကစားလိုပဲမြင်စေချင်တယ်။ ဘောလုံးကန်ကောင်းမကောင်းပေါ်ပဲ ဝေဖန်စေချင်တယ်။ ရုပ်ရည် အလှအပနဲ့တော့ မဝေဖန်စေချင်ဘူး” လို့ မဝင်းသီင်္ဂီထွန်းက ပြောပါတယ်။

မဝင်းသီင်္ဂီထွန်းက အိန္ဒိယကလပ်အသင်းနဲ့ လာမယ့်ဧပြီလဆို စာချုပ်ကုန်ဆုံးတော့မှာဖြစ်ပေမယ့် ဆက်ကစားမလား၊ အသင်းပြောင်းမလားဆိုတာကို မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။ အနာဂတ်အတွက် ကမ်းလှမ်းမှု တချို့လည်း ရထားတယ်လို့ သူကဆိုပါတယ်။

“ဒီအသင်းတခုထဲမှာ အချိန်မကုန်စေချင်ဘူး။ အဆင့်မြင့်တဲ့ လိဂ်တွေသွားချင်တော့ ကျတော့ရည်မှန်းချက်က အကောင်းဆုံးထပ်ပြီး ကြိုးစားပြီးတော့ သွားချင်တယ်။ သွားချင်တဲ့ကလပ်အသင်းက အာရှဘက် ပြောင်းချင်တယ်” လို့ ဝင်းသီင်္ဂီထွန်း ကပြောပါတယ်။

ဝါ့ရင့်အားကစားကလောင်ရှင် ထွန်းထွန်းဦး (လှိုင်) ကလည်း ဝင်းသီင်္ဂီထွန်း ရဲ့ရည်မှန်းချက်ကို ထောက်ခံပါတယ်။ မြန်မာအမျိုးသမီးအသင်းရဲ့ ခြေစွမ်းက အရှေ့တောင်အာရှမှာ အဆင့်ကောင်းကောင်းတစ်ခုရှိသလို ပြိုင်ဘက်တိုင်း သတိထားစောင့်ကြည့် အကဲဖြတ်ရတဲ့ အရည်အချင်းပြည့်ဝတဲ့ ဘောလုံးသမားတွေစုစည်းထားတဲ့ အသင်းဖြစ်ပြီး အာရှအထိထိုးဖောက်နိုင်တဲ့ အဆင့်ရှိတယ်လို့ ဆိုပါတယ်။


“သူ့လို(ဝင်းသီင်္ဂီထွန်း)ကစားသမားမျိုး ပြည်ပထွက်ပြီး ဘောလုံးကစားတာဟာ နောက်ကျနေသလိုတောင် ခံစားရတယ်။ အမှန်ဆိုရင် အခုအချိန်ထက် ပိုစောပြီးတော့ကို ပြည်ပထွက်ပြီး ဆုကြေးစား ဘောလုံးသမားအဖြစ် ဒီကစားသမားကို မြင်ချင်ခဲ့တာပါ။ သူတင်မဟုတ်ပါဘူး။ အခြားမြန်မာအမျိုးသမီးဘောလုံးသမားတွေကိုလည်း ပြည်ပထွက်ပြီး ဘောလုံးကစားတာမျိုးဖြစ် စေချင်ခဲ့တယ်” လို့ ယင်းက ပြောပါတယ်။

အခက်အခဲတွေ၊ ပိတ်ဆို့တားဆီးမှုတွေ ဘယ်လိုရှိခဲ့ပါစေ၊ ဝင်းသီင်္ဂီထွန်းက သူဖြစ်ချင်တဲ့ ဘောလုံးသမားဘဝကို မဖြစ်ဖြစ်အောင် ကြိုးစားပြနိုင်ခဲ့ပါတယ်။ တချိန်က ဘောလုံးကန်ရင် ရိုက်တတ်တဲ့ သူ့မိခင်ဟာလည်း အခုအချိန်မှာတော့ သမီးဖြစ်သူရဲ့ ကြိုးစားအားထုတ်မှုတွေကို ဂုဏ်ယူနေသလို ကိုယ်တိုင်လည်း ဘောလုံးဝါသနာရှင် တယောက်ဖြစ်နေပြီလို့ ဝင်းသီင်္ဂီထွန်းက ရယ်မောစွာဆိုပါတယ်။

” သမီးလေးကြောင့် ဂုဏ်ယူတယ်လို့ပြောရင် အဲ့ဒီအချိန်ကျရင် ကျနော့ရင်ထဲ ပိတီဖြစ်တာပေါ့” လို့ ဆိုပါတယ်။
အောင်မြင်မှုတွေ ရခဲ့ပေမယ့် ဝင်းသီင်္ဂီထွန်းမှာ မပြီးပြည့်စုံသေးတဲ့ အိမ်မက်တခုရှိနေပါသေးတယ်။ အဲ့ဒါကတော့ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ သွားရောက်ကစားဖို့ဖြစ်ပါတယ်။

မူရင်း-hiburma