ၾကားသိသမွ်

စစ်သားဖြစ်ချင်တဲ့ ကိုထင်လင်း (သို့မဟုတ်) ဗိုလ်နဂါး“ စိုးရိမ်ပူဆွေးမှုတွေပြည့်နှက်နေတဲ့ပြည်သူ့မျက်ရည်တွေကို ရဲဘော်တို့ရဲ့သူရဲကောင်းဆန်တဲ့လက်‌တွေနဲ့ သုတ်ပေးပါ..”

စစ်သားဖြစ်ချင်တဲ့ နဂါး

ထင်လင်းက ငယ်ငယ်လေးကတည်းက စစ်သား သိပ်ဖြစ်ချင်တာ…။၁၀ တန်းအောင်တော့ တပ်မတော် အင်ဂျင်နီယာကျောင်းတက်မယ်ဆိုတက်ခွင့်ရတယ်။ “ အဖေ.. ကျွန်တော် DSA တက်ရင်ကောင်းမလား..”

၁၀ တန်းအောင်တော့ သူ့ အဖေကို မေးကြည့်လိုက်တယ်။သူ့အဖေက သူ့ကို ဆေးလိပ်ပြာခွက်နဲ့ ပစ်ပေါက်တယ်။ ဒါနဲ့ပဲ တက္ကသိုလ်က သတ္တဗေဒဘွဲ့ကို သူယူခဲ့ရ..။

စစ်သားဖြစ်ရမှာ ထင်လင်းရှက်တယ်။ ဒါပေမဲ့ စစ်သားဖြစ်ချင်တဲ့ စိတ်က တားမရ..။ထင်လင်း ဦးလေးဆီသွားတယ်။ဦးလေးအရင်းက ဗိုလ်မှူးကြီးလေ။ “ ကျွန်တော် OTS တက်ချင်တယ်” အဖြေက-“ မတက်နဲ့ “ တဲ့။


ကိုယ်တိုင် ဗိုလ်မှူးကြီးလုပ်ပြီး သူ့ကျတော့ စစ်ထဲမဝင်ခိုင်းတဲ့ ဦးလေး။ အဲ့ဒီတစ်ခါ ဆေးလိပ်ပြာခွက်နဲ့ ပစ်ပေါက်မခံရတာပဲ သူကံကောင်းတယ်ဆိုရမလား။

ဒါနဲ့ ထင်လင်းတစ်ယောက် တရုတ်နယ်စပ်သွားလိုက်၊ထိုင်းနယ်စပ်သွားလိုက် သမာအာဇီဝ ရသမျှအလုပ်ဆို အကုန်ကြုံးလုပ်တယ်။
ကိုယ့်နိုင်ငံရဲ့ နယ်ခြားမျဉ်းကိုကျော်လိုက်တာနဲ့ နတ်ပြည်ပါလားဆိုတဲ့ အတွေးက လူငယ်လေး ထင်လင်းရဲ့ ရင်နဲ့ မမျှ မျက်ရည်ဝိုင်းမိတယ်။
ဆင်းရဲရတဲ့၊ဆင်းရဲလှတဲ့ မြန်မာပြည်အကြောင်းတွေးမိရင် ထင်လင်း စိတ်နာတတ်လာတယ်။

နောက်ဆုံး သူနဲ့ အနီးစပ်လုပ်ငန်းကတောင်ယာလုပ်ငန်းပါ။သူ ရှိသမျှငွေပုံအောပြီး တောင်ယာလုပ်ငန်းကို အောင်မြင်အောင်ကြိုးစားတယ်။
ဖြစ်ချင်တာက စစ်သား။ဖြစ်နေတာက တောင်သူလယ်သမား..။


ထင်လင်း အောင်မြင်ခဲ့ပါတယ်။ ထင်လင်းရဲ့တောင်ယာထွက်ပစ္စည်းတွေက အနီးအနားကျေးရွာတွေမှာ နာမည်ကိုကြီးလို့..။
အောင်မြင်မှုတွေက ၂၀၂၁ – ဖေဖေါ်ဝါရီ ၁ ရက်အထိပါပဲ။

အဲ့ဒီညက ထင်လင်း ကြက်သွန်ခင်းထဲမှာ..။ ရေသွင်းရင်း ပင်ပန်းလို့ ကြက်သွန်ခင်းထဲမှာ မောမောနဲ့ အိပ်ပျော်..။
နိုးလာတော့ ဖုန်းလိုင်းတွေပြတ်နေပြီ။ ထင်လင်း စိတ်တွေလေးလာတယ်..။ ဘာဖြစ်တာပါလိမ့်လို့..။

သူ အိမ်ကိုပြန်တယ်။ “ အာဏာသိမ်းလိုက်ပြီ..” ဆိုတဲ့ သတင်းဟာ သူ့ရင်ကို ဟာ ကနဲဖြစ်သွားစေတယ်။
သူ့ခေါင်းထဲ ဝင်လာတဲ့ အတွေးက စစ်အာဏာရှင်တွေကို ပြန်တိုက်ဖို့ အချိန်သင့်ပြီဆိုတာပဲ။

အဲဒိတုန်းက ကြက်သွန်ခင်းက ကြက်သွန်ဥတွေ အပြိုင်အဆိုင်ရယ်..။ ဘဝမှာ စုဆောင်းထားတဲ့ငွေတွေအားလုံးက ကြက်သွန်ခင်းထဲမှာ..။
သူ့သရက်ပင်လေးတွေတောင် အသီး မသီးသေးပါဘူး။ သူ့ အပင်လေးတွေ သူထားခဲ့ရတယ်။ ထင်လင်း လမ်းပေါ်ခုန်တက် ဆန္ဒပြခဲ့..။
သူ အာဏာရှင်စနစ်ကို အလိုမရှိပါ..။

စစ်အာဏာသိမ်းတော့ မြန်မာပြည်မှာ စီးပွါးရေးတွေ မလည်ပတ်တော့ဘူး။ သူ့ တောင်ယာလည်းပါတယ်။ ဒါပေမဲ့ သူ စိတ်မကောင်းမဖြစ်ပါ။ ပြည်သူတွေ ဦးခေါင်းကို ကျည်ဆံတွေဝင်သွားတော့ သူရဲ့ ကြက်သွန်ခင်းနဲ့ အပင်လေးတွေကို မေ့နိုင်ခဲ့ပြီ။ နာကျည်းမှုတွေကြောင့် သူ့သွေးတွေပြောင်းပြန်စီးဆင်းခဲ့ရ..။ သူ ဆုံးဖြတ်လိုက်တယ်။ လက်နှက်ကိုင်ဖို့…။


နိုင်ငံရေးသမားတွေဟာ အမှန်တရားကို ဟန်ဆောင်ပန်ဆောင် စားပွဲဝိုင်းပေါ်မှာဖြေရှင်းနေတယ်ဆိုတာ၊ ဒါဟာ အလုပ်မဖြစ်ဘူးဆိုတာ၊လက်နက်ကိုလက်နက်နဲ့ ဖြေရှင်းရတယ်ဆိုတာ သူ နားလည်ခဲ့။

သူ..စစ်သားဖြစ်ပြီ…။ ဒါပေမဲ့ သူငယ်ငယ်က ဖြစ်ချင်ခဲ့တဲ့စစ်သားတော့မဟုတ်ပါ။ အဲဒိ စစ်သားတွေကို ပြန်တိုက်ရတဲ့ စစ်သား။
ဟုတ်ပါတယ်။ ထင်လင်းဟာ ပြည်သူ့စစ်သား..။ သူ့နာမည်က ဗိုလ်နဂါး..။

ပုလဲမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်နဂါး…။M.R.D.A လို့ခေါ်တဲ့ မြန်မာ့တော်ဝင်နဂါး တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်နဂါး…။စစ်ကောင်စီတပ်နဲ့ ပုလဲမြို့တိုက်ပွဲက ၄ လပိုင်း ကုန်လောက်မှာ စတယ်။ သူတို့တိုက်တဲ့တိုက်ပွဲတွေ အခုအထိဆို ၆၀ ကျော်နေပြီ။
ဘာအလုပ်ပဲဖြစ်ဖြစ် ဘယ်နေရာပဲရောက်ရောက် သူကြိုးစားတယ်။


၂၀၂၁-ဒီဇင်ဘာ၂၇ ရက်က MPDF ကိုယ်စားပြုတဲ့ မုံရွာသံမဏိအဖွဲ့ခေါင်းဆောင် ဗိုလ်သံမဏိနဲ အတူ ဗိုလ်နဂါးကို IPEM နည်းပညာတက္ကသိုလ်ဌာနခွဲကအကယ်ဒမီစစ်ပညာ မဟာသိပ္ပံဘွဲ့ပေးအပ်ခဲ့..။

စစ်ကောင်စီက ကလိမ်ကကျစ်။ညီညွတ်ရေးကိုလည်းဖြိုခွဲဖို့ ကောက်ကျစ်စဉ်းလဲမှုမျိုးစုံနဲ့ချဉ်းကပ်တယ်။NUG ရယ်၊ ပြည်သူရယ်၊ PDF ရယ် သပ်လျှို သွေးခွဲတယ်။

“ ကျွန်တော်တို့ပြည်သူနဲ့ ကျွန်ုပ်တို့ (NUG) အစိုးရ အပြန်အလှန် အားနည်းချက်ရှိကြရင်လည်း အပြန်အလှန်ပြုပြင်ရင်း လက်တွေ တွဲထား၊မြဲထားရမှာပါ”


“ ဒါကိုဖြတ်ကျော်ရမယ်။ ငါတို့မှာ ငါတို့ပဲရှိတယ်။ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အတိတ်က အငြိုးတွေထားခဲ့ကြရမယ်”
ဒါ ဗိုလ်နဂါးရဲ့ NUG ပေါ်မြင်တဲ့ အမြင်။ ဗိုလ်နဂါး သဘောမကျတာ NUG မဟုတ်၊ အာပုပ်စော်နံတဲ့ နိုင်ငံရေးသမားတွေပါ..။

“ စစ်အာဏာရှင်တွေကိုပဲမဟုတ်ဘူး နိုင်ငံရေး သွေးအေးလူသတ်သမားတွေကိုလည်း တွန်းလှန်ရမယ်”
ဗိုလ်ချုပ်အောင်ဆန်းကို သတ်တာလည်း နိုင်ငံရေးသမားတွေပဲ မဟုတ်လား။

ဗိုလ်ချုပ်တို့ တပင်တပန်းကြိုးစားပြီးယူထားတဲ့လွပ်လပ်ရေးကို နိုင်ငံရေးသမားတွေကပဲယူလိုက်တာလေ။ ပြည်သူတွေက အခုအချိန်အထိ
လွပ်လပ်ရေးမှ မရသေးတာ။ အာပုပ်စော်နံတဲ့ နိုင်ငံရေးသမားတွေဟာ သူတို့ အချင်းချင်းလည်း လိမ်ညာ ဟန်ဆောင်ကြတယ်။


အာပုပ်စော်နံတဲ့ နိုင်ငံရေးသမားတွေဟာ နိုင်ငံရေး အကြောင်းပြ စီးပွါးရေးလုပ်စားတယ်။
အာပုပ်စော်နံတဲ့ နိုင်ငံရေးသမားတွေဟာ နိုင်ငံရေး အကြောင်းပြ ရာထူးလိုချင်ကြတယ်။

အာပုပ်စော်နံတဲ့ နိုင်ငံရေးသမားတွေဟာ နိုင်ငံရေး အကြောင်းပြ နာမည်ကြီးချင်ကြတယ်။
ဒီလို အတ္တသမားတွေ ဖျာခင်းနေရာလုနေရင် မင်းအောင်လှိုင်နဲ့ ဘာများကွာလို့လဲ။

“ကိုယ့်စိတ်တွေအဲ့လိုမဖြစ်အောင် ကိုယ့်ကိုယ်ကို အရင်တော်လှန်ကြပါ”
ဗိုလ်နဂါးကပြောတယ်။“ အမှန်တရားကို ပြတ်ပြတ်သားသား ရဲရဲဝံဝံ့ပြောနိုင်အောင်ကျင့်ကြပါ။ ရိုးသားအောင်ကျင့်ကြပါ”
သွေးနံ့တွေက ညှီနေဆဲ.. ဦးဏှောက်ဖြူဖြူတွေက လမ်းမပေါ် ပြန့်ကျဲနေဆဲပါ..။

ဒါတောင် တချို့နိုင်ငံရေးသမားတွေဆို ပြည်သူတွေ သေနေတာကိုမှ အား မနာ.. တော်လှန်ရေး အချိန်ကြာအောင် တမင်သက်သက် အချိန်ဆွဲနေကြသေးတယ်။

လုပ်စား နိုင်ငံရေးသမားတွေ မြောက်မြန်မာပြည်မှာ ခွေးသေ ဝက်သေ ချန်ထားခဲ့ကြရမယ်။
ဘာလို့လဲဆိုတော့ အခုခေတ်မှာ အာပုပ်စော်နံတဲ့ နိုင်ငံရေးသမားတွေမှာ အာဏာမရှိတော့ဘူး။ပြည်သူတွေမှာ အာဏာရှိတယ်။


“ ဒါဟာ တို့တိုင်း တို့ပြည် တို့ရေမြေ…တို့တွေအားလုံးပိုင်တယ်”
အဲဒီနေ့က၂၀၂၂- ဇန်နဝါရီလ ၁၀ ရက်နေ့ပါ ။စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဦးနှောက်ရွာမှာပေါ့။
အဲဒီနေ့က ရွာလေးဟာ ရုတ်တရက် ရဟတ်ယာဉ်သံတွေ၊ လေကြောင်းက ပစ်ခတ်သံတွေ၊ လက်နက်ကြီး သံတွေ၊ သေနတ်သံတွေနဲ့ဆူညံသွားတယ်။

တကယ့် ငရဲပြည်..။ဖုန်နံ့၊ယမ်းနံ့၊သွေးနံ့တွေနဲ့ အတူ ရွာလေးထဲ ဝုန်းဒိုင်းကြဲဝင်လာတာ စစ်ကောင်စီရဲ့ အကြမ်းဖက် စစ်သားတွေပါ။
သူတို့ ရွာကို ဝင်စီးတာ ဗိုလ်နဂါးဆိုတဲ့ ထင်လင်းကို ဖမ်းမလို့တဲ့ ။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ လောက် ဦးနှောက်ရွာကိုဝင်ပြီး ဗိုလ်နဂါးကို ဝင်ရှာခဲ့။ဒလန်က ဗိုလ်နဂါး အဲ့ဒီမှာ ဟောပြောပွဲ၊ အစည်း အဝေး လုပ်တယ် သတင်းပေးထားတာကိုး။

ရွာသူရွာသားတွေက ကြောက်လန့်တကြားနဲ့ပေါ့။ သူတို့ ရွာထဲကနေထွက်ပြေးချင်ကြပေမယ့် အချိန်မရတော့။ ရွာထဲမှာပဲ အများစုက ပိတ်မိ သွားခဲ့ကြတယ်။

ကူကယ်ရာမဲ့ပြီ..။ အဲ့ဒီနေ့က ဗိုလ်နဂါး အဲ့ဒီရွာမှာ မရှိခဲ့ပါ။ ဟို အဝေးကြီးမှာရောက်နေခဲ့ပါတယ်..။
“ဟောပြောပွဲတခုက ကျနော့်ကို ဖိတ်ထားတယ်ဆိုပြီးတော့ကျနော်ရှိနေတယ်ထင်ပြီး လာတိုက်တာဗျ။ အဲဒီတုန်းက ကျနော်က အကြောင်းကိစ္စတခုနဲ့ချင်းပြည်နယ် ရောက်နေတာ။”


“နဂါး ဘယ်မှာလဲ”သူတို့တတွေ အော်ဟစ်ကြတယ်။
တရွာလုံးက ယောက်ျားသားတွေဆိုရင်ကြီးကြီးငယ်ငယ် အကုန်ဖမ်း၊ လက်ပြန်ကြိုးနဲ့တုပ်ပြီးမေးတယ်။
နှိပ်စက်တယ်။ ရိုက်နှက်တယ်။ ပြည်သူတွေကို သေနတ်တွေနဲ့ လည်ပင်းကိုထောက်၊ ရှိသမျှရွှေငွေပစ္စည်းအကုန်ယူတယ်။

သူတို့ အားမရဘူး။ ရွာက အိမ်တွေ မီးရှို့တယ်။ အပြစ်မရှိတဲ့ ရွာသားတွေကို သတ်တယ်။ အလောင်းတွေကိုပါ မီးရှို့တယ် ။
တကယ့် လူသတ်ပွဲကြီးပါ။ “ရွာနားမှာ မိုင်းကွဲရင် နင်တို့ရွာ တရွာလုံး မီးနဲ့တိုက်ပစ်မယ်”
သူတို့အဲဒီလို ကြိမ်းမောင်းပြီး ၂၀၂၂- ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ရွာထဲကထွက်သွားကြတယ်။

ဒါနဲ့ တပ်မတော်က ဗိုလ်နဂါးဆိုတဲ့သူ တစ်ယောက်ကိုဖမ်းဖို့ စစ်ကောင်စီက စစ်သား ၁၀၀ နဲ့ ၊ ရဟတ်ယာဉ်တွေနဲ့ ၊ဗုံးတွေနဲ့ .. ဘာဖြစ်တာပါလိမ့်..။ မြန်မာပြည်မှာ “နဂါးတပ်မင်း ပြည်တော်ဆင်းမှ မိစ္ဆာမင်းဆက်ပျက်လိမ့်မည်” လို့ အတိတ်တဘောင်ရှိထားတာမို့တဲ့။
မြန်မာ စစ်ခေါင်းဆောင်တွေ က အတိတ်တဘောင် ယတြာတွေကို သိပ်ယုံတာ။

တဘောင်ထဲက “နဂါးတပ်မင်း” ဆိုတာပါနေတော့ သူတို့ ဖိန့်ဖိန့်တုန်အောင်ကြောက်နေကြပါလေရော..။ ဒါကြောင့် ဗိုလ်နဂါးကို ပိုပြီး အသေသတ်ချင်တာ။ အမှန်တော့ တပ်မတော်က ဗိုလ်နဂါးကို ဘယ်သောအခါမှ သတ်လို့မရတော့ပါဘူး။

ဗိုလ်နဂါးက ဗိုလ်နဂါးအသစ်တွေ အများကြီးမွေးထုတ်ထားတယ်။ဗိုလ်နဂါးသေရင် နောက်ထပ်ဗိုလ်နဂါးတွေ ထပ်ပေါ်လာမယ်။
“ ကျနော့်ကို သတ်နိုင်ရင်တောင်မှ ကျနော့်လိုလူတွေ အများကြီး ရှိနေပြီ။ အဲဒီလိုလူတွေ အများကြီး မွေးလာလိမ့်မယ် ဆိုတာ သူတို့ သိချင်မှ သိလိမ့်မယ်။”


စစ်ကောင်စီရဲ့ အကြံက မအောင်မြင်ခဲ့ပါ။ နဂါးမသေတဲ့အပြင် ဗမာလူမျိုးအများစုရဲ့ ထောက်ခံမှုကိုပါ တခဲနက်ရရှိသွားတော့တယ်။
စစ်တပ်ဟာ အညာမြေကပုလဲသားကို ရှုံးတယ်။ ရှုံးတော့ သွေးပျက်တယ်။ သွေးပျက်တော့ လုပ်မိလုပ်ရာ ပရမ်းပတာမိုက်ရိုင်းသွားတယ်။
အဲ့ဒါကို တပ်မတော် လို့ခေါ်ပါတယ်။

တပ်မတော်တဲ့လား..။ “တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖောက်”တဲ့။အဲ့ဒီလို အော်ဟစ်ပြီး ကိုယ့် အကျိုးအတွက်ဆို ကိုယ့်ပြည်သူကိုပြန်သတ် ရက်စက်ရဲတဲ့လူ့မိစ္ဆာတွေကို — တပ်မတော်လို့ခေါ်ပါတယ်။

အများပိုင်တဲ့ ဒီရေမြေမှာ သူတို့တတွေပဲ အခွင့်ထူးခံနေကြပြီး အများပြည်သူ ဆန္ဒကိုတော့ သေနတ်ပြောင်းတွေနဲ့ အကြိမ်ကြိမ်ထိုးချ
ရက်ရက်စက်စက်နင်းခြေတဲ့အုပ်စုကို — တပ်မတော်လို့ခေါ်ပါတယ်။

ကမ္ဘာ့အလယ်မှာ ချမ်းသာ ထည်ဝါနိုင်တဲ့ သည်ရေ သည်မြေတွေကို အပိုင်စီး သူခိုးစျေးနဲ့ရောင်းချ ခွဲဝေယူခဲ့ကြတဲ့အုပ်စုကို — တပ်မတော်လို့ခေါ်ပါတယ်။

ကိုယ်ကျိုးအတ္တအတွက် မျက်နှာပြောင်တိုက်ပြီးလည်လိမ်ခဲ့ကြတယ် လိမ်မရရင်အဓမ္မရက်စက်ပြတဲ့အုပ်စုကို — တပ်မတော်လို့ခေါ်ပါတယ်။

အာရှက သယံဇာတ အပေါကြွယ်ဆုံးနိုင်ငံက ကမ္ဘာ့ကျွန်အပေါဆုံးနိုင်ငံဖြစ်အောင်လုပ်တဲ့အုပ်စုကို — တပ်မတော်လို့ခေါ်ပါတယ်။
“တစ်လက်မမှ အကျူးကျော်မခံဘူး” … ဒီလို လူအထင်ကြီးအောင်ကြွေးကြော်ရင်း ဘယ်သူမှ တစ်လက်မမှအကျူးကျော်မခံပဲ သူတို့ပဲ အားလုံးမောင်ပိုင်စီးထားတဲ့အုပ်စုကို — တပ်မတော်လို့ခေါ်ပါတယ်။

ဝယ်သူသာရှိနေရင် ပြည်သူကဘယ်လောက်တားတား တစ်တိုင်းပြည်လုံး တစ်လက်မ မကျန် ရောင်းစားချင်တဲ့အုပ်စုကို — တပ်မတော်လို့ခေါ်ပါတယ်။

မြန်မာပြည်ဘယ်နေရာမှာ ဘာထွက်ထွက် တစ်လက်မမှမကျန်အောင်သူခိုးစျေးနဲ့ရောင်းစားတဲ့အုပ်စုကို — တပ်မတော်လို့ခေါ်ပါတယ်။
ကာကွယ်ရေးအလုပ်ကိုမလုပ်ပဲ အာဏာကိုမက် အဓမ္မဖက်ပြီး နည်းနည်းမှလက်မလွှတ်တဲ့အုပ်စုကို — တပ်မတော်လို့ခေါ်ပါတယ်။

မကျေနပ်ရင် ဒီတိုင်းပြည်မှာ ပြည်သူတွေတစ်ယောက်မှ မရှိချင် မရှိပါစေနဲ့ သယံဇာတတွေကျန်ရင်ပြီးရောဆိုပြီး ဆန့်ကျင်သူအကုန်သတ် ရက်စက်လွန်းတဲ့တကယ့်လူ့မိစ္ဆာအုပ်စုကို — တပ်မတော်လို့ခေါ်ပါတယ်။ညာလို့ရရင်ညာ၊ ညာလို့မရရင်သတ်၊ရက်စက်ကြမ်းကြုတ်တဲ့နည်းတွေနဲ့ မြန်မာပြည်၊ မြန်မာမြေ၊ မြန်မာ့အမွေကို ဆုပ်ကိုင်ထားတဲ့အုပ်စုကို — တပ်မတော်လို့ခေါ်ပါတယ်။

မြန်မာပြည် ကို တိုင်းရင်းသား ညီအကိုမောင်နှမတွေ ကို ကျွန်လို သဘောထားတဲ့အုပ်စုကို — တပ်မတော်လို့ခေါ်ပါတယ်။
တပ်မတော်…တဲ့။

ပြည်သူတွေကို သတ်တာကို နိုင်ငံတော် အေးချမ်း သာယာတည်ငြိမ်ရေးလို့ အော်နေမှတော့ ဒီတိုင်းပြည်မပျက် ဘယ်တိုင်းပြည်ပျက်မလဲ… ။ ဒါက ဗိုလ်နဂါး နားလည်တဲ့ တပ်မတော်ဆိုတဲ့ အုပ်စု..။


မြန်မာပြည်သူတွေကရော ..?
ကိုယ်ပိုင်တဲ့ထမင်းဝိုင်းမှာ တိုင်းတပါးသားတွေနဲ့တပ်မတော်အုပ်စု အခန့်သား ထိုင်စားနေကြတာကို မျက်နှာငယ်ငယ် လျှာတစ်သပ်သပ်နဲ့ ဗိုက်ဆာပြီး ငေးကြည့်နေရတဲ့အုပ်စုကို — မြန်မာပြည်သူတွေလို့ခေါ်ပါတယ်။

ထမင်းဝိုင်းအနားက ငုတ်တုတ်လေးတွေကြည့်နေရင်း သူတို့ပစ်ချတဲ့ အရိုးအရင်းလေးတွေကိုသာ အချင်းချင်း ရန်ဖြစ် တိုးဝှေ့လုယက်နေကြရတဲ့အုပ်စုကို — မြန်မာပြည်သူတွေလို့ခေါ်ပါတယ်။

ထားရာနေ စေရာသွား၊ ခိုင်းတာလုပ်ရတဲ့ ကျွန်သာသာဘဝလေးတွေမှာပဲ အမွှေးအတောင်ညစ်ညစ်နဲ့ ဘဝနစ်မွန်းနေတဲ့အုပ်စုကို — မြန်မာပြည်သူတွေလို့ခေါ်ပါတယ်။

ပညာရေးကို စနစ်တကျရိုက်ချိုး ခံရပြီး အလိမ်အညာတွေယုံကြည်အောင် ဦးဏှောက်တွေ ထုံကျင် brainwashing အလုပ်ခံရတဲ့အုပ်စုကို — မြန်မာပြည်သူတွေလို့ခေါ်ပါတယ်။

ဘယ်တော့မှမလှန်ရဲအောင် အယုတ်မာဆုံး၊ အရက်စက် အကြမ်းကြုတ်ဆုံးနည်းတွေနဲ့ အကြောက်တရားတွေပေး၊ အဖိနှိပ်ခံရလို့ ထုံပေနေတဲ့အုပ်စုကို — မြန်မာပြည်သူတွေလို့ခေါ်ပါတယ်။

တိုင်းတပါးမှာ နည်းမျိုးစုံနဲ့ ကျွန်မဖြစ်သွားနေရပြီးသူတပါးနိုင်ငံသားရဲ့ခြေသလုံးကိုနှိပ်ပေးရင်း အနှိမ့်ချခံဘဝနဲ့ အသက်မွေးရတဲ့အုပ်စုကို — မြန်မာပြည်သူတွေလို့ခေါ်ပါတယ်။

တိုင်းတပါးသားတွေ အဝတ်က အညစ်အကြေးကိုလျှော်ဖွတ်ပေး၊ အိမ်သားဆေးရတဲ့အုပ်စုကို — မြန်မာပြည်သူတွေလို့ခေါ်ပါတယ်။
အမျိုးကောင်းသမီးဘဝကနေ အငှါးမယားပြည့်တန်ဆာအဖြစ်နဲ့ ဟိုရင်ခွင် ဒီရင်ခွင်ရောက် ဘဝပျက်ရတဲ့အုပ်စုကို — မြန်မာပြည်သူတွေလို့ခေါ်ပါတယ်။

ပညာတတ်လည်းသူ့ကျွန် ပညာမတတ်လည်းသူ့ကျွန်၊ ကိုယ့်နိုင်ငံလာလည်း ကိုယ်ကကျွန်၊ သူ့နိုင်ငံသွားလည်းကိုယ်ကကျွန်၊ အဆင့်နိမ့်ကျွန်ပညာရေးနဲ့ ကျွန်အဖြစ်မွေးအထုတ်ခံရတဲ့အုပ်စုကို — မြန်မာပြည်သူတွေလို့ခေါ်ပါတယ်။

ခေတ်အဆက်ဆက်မှာ မျက်ရည်ကြားက ပြုံးနိုင်အောင် အလေ့ကျင့်ထားခံရတဲ့အုပ်စုကို — မြန်မာပြည်သူတွေလို့ခေါ်ပါတယ်။
တပ်မတော်အုပ်စုက သူခိုးစျေးနဲ့ရောင်းလိုက်တဲ့ကုန်ကြမ်းတွေကို တိုင်းတပါးမှာ စျေးအပေါဆုံးကျွန်ခံ အခနဲ့ ကုန်ချောပြန်လုပ်ပေးရတဲ့အုပ်စုကို — မြန်မာပြည်သူတွေလို့ခေါ်ပါတယ်။ ဒါ ဗိုလ်နဂါး နားလည်တဲ့ မြန်မာပြည်သူတွေပါ။

အခုကာလဟာ ပြည်သူကိုချစ်လို့ကွယ်ပေးနေတဲ့ ပြည်သူ့ သားသမီးတွေကို ပြည်သူ့ရှေ့မှာ ရက်ရက်စက်စက်သတ်ပြနေတာကို ပြည်သူကိုယ်တိုင် ဝမ်းနည်းပက်လက်နဲ့ မျက်မြင်တွေ့နေရတဲ့ ကာလဖြစ်ပါတယ်။

အခါခါသေခဲ့ပြီးတဲ့ မြန်မာပြည်သူတွေအတွက် သေနတ်ဆိုတာလည်း ကြောက်စရာ မဟုတ်တော့ပြီ..။
ဒီနေ့ ပြည်သူတွေက သေနတ်ထက် သူတို့ မွေးထားတဲ့ အနာဂတ်ရင်သွေးတွေကို တပ်မတော် လက်ထဲထည့်ပေးခဲ့ရမှာပဲ ပြည်သူတွေက တွေးတွေးပြီး ပိုကြောက်နေပါတယ်။


“အဲဒီလိုမျိုးအဖြစ်အပျက် ငါတို့ကလေးတွေ နောက်ထပ်မခံစားစေရဘူးဟေ့……” လို့ကြွေးကြော်နေတာက ဗိုလ်နဂါးဖြစ်ပါတယ်။
စစ်ကောင်စီက သူ့စစ်သားတွေကို ဒီလိုအော်ပြောလိုက်တယ်။

ရဲဘော်တို့— “ ပြည်သူတစ်ယောက်မှ မကျန်လည်းကိစ္စမရှိဘူး။ တိုင်းပြည် သယံဇာတတွေကျန်ခဲ့ရင်ပြီးတာပဲ….” တဲ့။
ဗိုလ်နဂါးက စစ်ကောင်စီရဲ့ အဲ့ဒီ စစ်သားတွေကိုပဲ ဒီလိုထပ်ပြီး အော်ပြောလိုက်ပြန်တယ်။

ရဲဘော်တို့— “ စိုးရိမ်ပူဆွေးမှုတွေပြည့်နှက်နေတဲ့ပြည်သူ့မျက်ရည်တွေကို ရဲဘော်တို့ရဲ့သူရဲကောင်းဆန်တဲ့လက်‌တွေနဲ့ သုတ်ပေးပါ..” တဲ့။
စစ်ကောင်စီရဲ့ စစ်သားတွေကတော့ သေနတ်တွေဆုပ်ကိုင်ပြီးတွေဝေနေဆဲပါ။

ကျွန်ုပ်တို့ပြည်သူ အားလုံးသည် ဗိုလ်နဂါးများဖြစ်ကြပါသည်။

မရွှေမိုး- ကိုရီးယား
January 24th,2022.