ၾကားသိသမွ်

ရွှေတံဆိပ်ဆုရ မိုင်းရှာကြွက်ကလေး မာဂါဝါ သေဆုံး

ရွှေတံဆိပ်ဆုရ မိုင်းရှာကြွက်ကလေး မာဂါဝါ သေဆုံး

ဖနွမ်းပင်၊ ဇန်နဝါရီ ၁၂

ကမ္ဘောဒီးယားနိုင်ငံ ကျေးလက်ဒေသမှာ အနားယူနေတဲ့ ရွှေတံဆိပ်ဆုရ မိုင်းရှာကြွက်ကလေး မာဂါဝါဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက သေဆုံးသွားပြီဖြစ်ကြောင်း သူနေထိုင်တဲ့ ကုသိုလ်ဖြစ် တိရိစ္ဆာန်သင်တန်းကျောင်းက အတည်ပြုပြောကြားပါတယ်။

မာဂါဝါဟာ ၂၀၂၁ ခုနှစ် ဇွန်လအတွင်းမှာ သူ့ရဲ့ အလုပ်နဲ့ တာဝန်ကနေ အနားယူခဲ့တာဖြစ်ပါတယ်။ အနားယူချိန်မှာ သူဟာ အသက် ၇ နှစ်ကျော်နေပြဖြစ်ပြီး အခု သေဆုံးချိန်မှာတော့ အသက် ၈ နှစ်ကျော်ပြီလို့ သိရပါတယ်။

“သူ့ကျန်းမာရေးကကောင်းနေတယ်ဆိုပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ်အကုန်ပိုင်းမှာတော့ သူ့လှုပ်ရှားမှုတွေ နှေးကွေးလာပါတယ်။ သူ ဆုံးခါနီးအချိန်တွေမှာတော့ အစာကိုတောင် မစားတော့ပါဘူး”လို့ သူအနားယူနေတဲ့ APOPO ကုသိုလ်ဖြစ် တိရိစ္ဆာန်သင်တန်းကျောင်းက တာဝန်ရှိသူကပြောပါတယ်။


မာဂါဝါဟာ သူ့ရဲ့ အမှုထမ်းသက် ၅ နှစ်တာအတွင်း မပေါက်ကွဲသေးတဲ့ မိုင်း ၇၁ လုံးနဲ့ အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်း ဒါဇင်နဲ့ချီပြီး ကမ္ဘောဒီးယားနိုင်ငံမှာ ရှာဖွေဖော်ထုတ်ပေးခဲ့တာပါ။

မာဂါဝါဟာ ဘယ်လ်ဂျီယံနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ အာပိုပို(APOPO)လို့ခေါ်တဲ့ ကုသိုလ်ဖြစ် တိရိစ္ဆာန်သင်တန်းကျောင်းဆင်းဖြစ်ပြီး တိရိစ္ဆာန်တွေ မိုင်းရှာဖွေနိုင်အောင်လို့ ၁၉၉၀ ခုနှစ်ကတည်းက စတင်သင်ကြားပေးခဲ့တဲ့ တိရိစ္ဆာန်သင်တန်းကျောင်းလဲဖြစ်ပါတယ်။ တိရိစ္ဆာန်လေးတွေဟာ သင်တန်း ၁ နှစ်တက်ရပြီး သင်တန်းဆင်းလက်မှတ်ရကြပါတယ်။

အဲဒီသင်တန်းကမှတစ်ဆင့် ကမ္ဘောဒီးယားနိုင်ငံ မိုင်းရှာဖွေရေးဌာန(Cambodian Mine Action Centre – CMAC) ကို ရောက်ရှိလာတာဖြစ်ပါတယ်။


မာဂါဝါဟာ တိရိစ္ဆာန်တွေအတွက် George Cross လို့ခေါ်ကြတဲ့ PSDA ရွှေတံဆိပ်ကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်စက်တင်ဘာလက ရရှိခဲ့ပါတယ်။

အသက်တွေကိုကယ်တင်ပေးတဲ့ တိရိစ္ဆာန်လေးတွေကို ဂုဏ်ပြုချီးမြှင့်တဲ့ဆုပါ။ အဲဒီဆုကို ချီးမြှင့်လာတာဟာ ၇၇ နှစ်ရှိပြီဖြစ်ပြီး၊ မာဂါဝါဟာ George Cross ဆု ချီးမြှင့်ခြင်းခံရတဲ့ ပထမဆုံး ကြွက်ဖြစ်ပါတယ်။


မာဂါဝါဟာ အာဖရိကနွယ်ဖွားကြွက်တစ်ကောင်ဖြစ်ပြီး အလျား ၇၀ စင်တီမီတာ(၂၈ လက်မ)ရှိကာ အလေးချိန် ၁ ဒသမ၂ ကီလိုဂရမ်(၂ ဒသမ ၆ ပေါင်)လေးပါတယ်။

ဒါပေမယ့် သူ့ကိုယ်အလေးချိန်ဟာ လူသတ်မိုင်တွေကို ဖိမိတဲ့အခါ ပေါက်ကွဲစေလောက်တဲ့ အလေးချိန်မဟုတ်ပါဘူး။ မာဂါဝါဟာ တင်းနစ်ကွင်းတစ်ကွင်းစာအရွယ်ရှိတဲ့ မြေပြင်ကို မိနစ် ၂၀ လောက်ပဲအချိန်ယူပြီး ထောင်ထားတဲ့မိုင်းကို တွေ့အောင်ရှာနိုင်ပါတယ်။

Ref: Cambodia’s landmine-sniffing rat hero Magawa dies
Photo: APOPO