ၾကားသိသမွ်

ဆန္ဒပြပွဲတွေလောက်သာဖြစ်လာမယ်လို့ပဲ မျှော်လင့်ခဲ့တာဟု ဇော်မင်းထွန်း ဝန်ခံ

ကမ္ဘာပေါ်တွင် ပျော်ပျော် အနေတတ်ဆုံး၊ စိတ်သဘောထား အနူးညံ့ဆုံးသော လူမျိုးများ ထဲတွင် ထိပ်က ပါဝင် နေသည့် မြန်မာ လူမျိုး တို့ အဖို့ က ၂၀၂၂ နှစ်သစ်ကူး ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲခွင့် စွန့်လွှတ်ခဲ့ကြပြီး ၂၀၂၁ ၏ နောက်ဆုံးရက် သန်းကောင်ယံ တွင် Happy New Year အစား တော်လှန်ရေးကြီး အောင်ရမည် ဟူသော ကြွေး ကြော်သံကြီးက နိုင်ငံအနှံ့တွင် ဟိန်းထွက်လာခဲ့ပေတော့သည်။

ထို့အတူ ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့များက ဖက်ဆစ်တပ်များကို ဘင်္ဂလား ပင်လယ်အော်ထဲ မောင်းချရန် အခိုင်အမာ သံန္နိဋ္ဌာန် ချမှတ်လာခဲ့ပြီ ဖြစ်သည်။ ယင်း နှင့် အတူ မကွေး၊ စစ်ကိုင်း၊ ချင်း၊ ရှမ်း၊ ကယား နှင့် ကရင်နီ ဒေသများတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာနေပြီ ဖြစ်သည်ဟု သတင်းများက ဆိုသည်။ ယင်းနှင့်အတူ ကျေးရွာများကို လက်စားချေသည့် အနေဖြင့် မီးရှို့ဖျက်ဆီးနေသည့် သတင်းများကလည်း နေရာအနှံ့တွင် ထွက်ပေါ်လာနေသည်။

ခရစ်ယာန် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ချားလ် မောင်ဘို သည် စစ်ခေါင်းဆောင်နှင့်အတူ ကိတ်မုန့် အတူ လှီးကာ ခရစ်စမတ် ပွဲ ဆင်နွှဲ နိုင်ခဲ့သော်လည်း သူ၏ ခရစ်ယာန် ဘာသာ ဝင်များ အဖို့က ခရစ်စမတ် နှင့် နှစ်သစ်ကို ကြိုဆိုနိုင်ဖို့ နေနေသာသာ အသက်လုကာ ပြေးလွှားပုန်းရှောင်နေကြရပြီ ဖြစ်သည်။နိုင်ငံ တွင်း ရှိ လူငယ် ဂျင်ဇီးများ အဖို့ ဘာသာရေး ခေါင်းဆောင်များ၏ အမျှော်အမြင် နည်းမှု ကြောင့် Crisis of Faith နှင့် လုံးပမ်း လာနေရသည့် အဖြစ် ရောက်ရှိလာခဲ့သည်။


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင် ကတော့ မြန်မာ ပြည်သူများ အတွက် နှစ်သစ်ကူး သဝဏ်လွှာ ပေးပို့ခဲ့ပြီး ဒီမိုကရေစီ အရေး၊ နိုင်ငံတွင်း တရားဥပဒေ စိုးမိုးမှု ရှိ‌ရေး၊ အခြေခံ လူ့အခွင့်အရေးများ လေးစား လိုက်နာမှု ရရှိရေးများ အတွက် ရုန်းကန် လှုပ်ရှားနေကြသော မြန်မာ ပြည်သူများအား လေးစား ဂုဏ်ပြုကြောင်း ဟူ၍ ပါရှိလာခဲ့သည်။

တချိန်တည်း မှာပင် မင်းအောင်လှိုင်တို့ ဇနီးမောင်နှံလည်း ကိတ်မုန့်ကြီးကို ထိုင် ရှစ်ခိုးရသည့် အဖြစ်သို့ ရောက် လာခဲ့ပေတော့သည်။ ယင်း အဖြစ်ကို ကြည့်၍ တောင်ကိုရီယား၏ ပထမဆုံး အမျိုးသမီး သမ္မတဝာဦး ဖြစ်လာ ခဲ့သည့် ပတ်ဂျွန်ဟိုင်း အဖြစ်ကို သတိရမိခဲ့သည်။

ကွယ်လွန်သွားပြီ ဖြစ်သည့် ခရစ်ယာန် အယူသည်း ဂိုဏ်း တခုမှ အကြီးအကဲ တဦး၏ သမီး ဖြစ်သူသည် နိုင်ငံအား စီမံခန့်ခွဲရေးတွင် သူမအား နောက်ကွယ်မှ ညွှန်ကြားလာ သည့် အဖြစ်ကြောင့် နောက်ဆုံးတွင် ပတ်ဂျွန်ဟိုင်း သည် ထောင်နန်းစံခဲ့ရသည့် အဖြစ်ပင်။

မြန်မာ၏ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် အမျိုးသား ညီညွတ်ရေး အစိုးရ၏ ယာယီ သမ္မတ ဒူဝါလရှီးလ မှ ဗီဒီယိုဖြင့် နိုင်ငံသားများအား နှုတ်ခွန်းဆက် မိန့်ခွန်းပြောဆိုခဲ့သည်။


အဆိုပါ မိန့်ခွန်းတွင် “လက်ရှိ မြန်မာ တိုင်းရင်းသား ပြည်သူများ အဖို့ ရွေးချယ်စရာ တစ်လမ်းသာ ရှိပါတယ်၊ ဒါကတော့ပြည်သူအားလုံး နည်းမျိုးစုံ နဲ့ ပါဝင်ဆင်နွှဲလျှက် ရှိတဲ့ ပြည်သူ့ ခုခံတွန်းလှန်စစ်ကို ဆင်နွှဲပြီး စစ်အာဏာရှင် စနစ်ကို အကြွင်းမဲ့ ဖယ်ရှားပြစ်ဖို့ပဲ ဖြစ်ပါတယ်၊ ဒါဟာ ဒုတိယ လွတ်လပ်ရေး တိုက်ပွဲကို ဆင်နွှဲခြင်းလည်း မည်ပါတယ်” ဟု ထည့်သွင်း ပြောကြားသွားခဲ့သည်။

ထိုအထဲတွင် ငြိမ်းချမ်းစွာ ဆန့်ကျင်တွန်းလှန်သည့် အနေဖြင့် အခွန်များ မပေးဆောင်ရန်၊ စစ်တပ်၏ ထီများ ဝယ်ယူခြင်း မပြုရန်၊ လျှပ်စစ် နှင့် ရေမီတာခ များ မပေးဆောင်ရန် တို့လည်း ပါရှိသည်။

အာဏာသိမ်းပြီးချိန်မှစ၍ နိုင်ငံကို ဦးဆောင်ရန် ပြည်သူများ ယုံကြည်အားကိုးစွာ ဆက်လက် ရွေးချယ် တင် မြှောက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှ အဖွဲ့ဝင် ၆၄၉ ဦး ဖမ်းဆီးခံခဲ့ရပြီး ထိုအထဲတွင် ၄၈၉ ဦးသည် ယနေ့တိုင် အကျဉ်းထောင်များထဲတွင် ရှိနေဆဲ ဖြစ်သည်ဟု NLD ဗဟိုကော်မတီဝင်တဦး ဖြစ်သူ ဦးကျော်ထွေးက RFA သို့ ထုတ်ဖေါ်ပြောဆိုခဲ့သည်။ လွှတ်တော် ကိုယ်စားလှယ် ၉၂ ဦး လည်း ပါဝင်နေသည်။

၁၉၄၁ ခု ဒီဇင်ဘာ ၂၈ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ရဲဘော် သုံးကျိပ်မှ သွေးဖေါက်၍ သစ္စာဆို ကာ ဖွဲ့စည်းခဲ့သော မြန်မာ လွတ်လပ်ရေး တပ်မတော် ဘီအိုင်အေ သည် နှစ်ပေါင်း ရှစ်ဆယ် အကြာ ၂၀၂၁ ဖေဖေါ်ဝါရီ ၂၁ ရက် နေ့တွင် ဆုံးခန်းတိုင် ပျက်စီးသွားခဲ့ရပြီး လူတစု၏ အကျိုးစီးပွားကို ကာကွယ်နေသည့် လက်ကိုင်တုတ် တပ်ဘဝ ရောက်ရှိသွားခဲ့ရပြီ ဖြစ်သည်။

စစ်ကောင်စီ တပ်များသည် ၁၁ လ အတွင်း မှာပင် လူတွေမှ ဟုတ်ပါလေစ ဟု ယုံမှား သံသယ ဖြစ်လောက် အောင် ပြည်သူများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်လာခဲ့ပြီး တနိုင်ငံလုံးအား ဓါးစာခံ အဖြစ် ထိန်းချုပ်ထား ခဲ့သည်။


၎င်းတို့ကို မြင်လျှင် ပြည်သူများ အဖို့ အသက်နှင့်ကိုယ် အိုးစား မကွဲရအောင် ထွက်ပြေး နေကြရသည်။ ပြည်သူ များအပေါ် မဲမဲမြင်ရာ လက်နက်ကြီးများ နှင့် ပစ်ခတ်ခြင်း၊ ရဟတ်ယာဉ်များ သုံး၍ စက်သေနတ်များ နှင့် ပစ်ခတ် ခြင်း အစရှိသည့် ရက်စက်ကြမ်းကြုပ်မှုများစွာကို တွန်းလှန်နေခဲ့ကြသည်။

ပကတိ အခြေအနေကို မျက်ကွယ်ပြုကာ ဘုရား သားတော် ကြီးများက မိမိအား ရန်ပြုလာသူများကို သည်းခံ စိတ် မွေးပြီး အနိုင်ပြန်ကျင့်ဖို့ မကြိုးစားမှသာ ငြိမ်းချမ်းရေး ရမည်ဟု စစ်ကောင်စီ အလိုအတိုင်း ဗြောင်ကျကျ ဟောပြော လာနေကြသည်ကို လည်း ပြည်သူများ တအံ့တဩ ဖြစ်ခဲ့ကြရသည်။ ၎င်းတို့၏ တရားတော် ထဲတွင် အုပ်ချုပ်သူများ ဖက်ကလည်း မင်းကျင့်တရား နှင့် အညီ အုပ်ချုပ်ပြီး ပြည်သူများအား နှိပ်စက်ကလူ မပြုကြဖို့ တလုံးတပါဒမျှပင် ပါရှိလာခဲ့ခြင်း မရှိပေ။

၂၀၂၁ မေလ တွင် ပြည်သူ ကာကွယ်ရေး တပ် (PDF) များ ကို NUG မှ စတင် ဖွဲ့စည်းပေးလာခဲ့ရသည့် နောက်ပိုင်း တွင် ပြည်သူတို့၏ ခုခံတွန်းလှန်မှုများက အရှိန်အဟုန် မြှင့်လာနေပြီ ဖြစ်သည်။

မြန်မာသို့ မကြာမီ အတော အတွင်း ရောက်ရှိလာမည့် ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန်သည် ၎င်း၏ ခရီးစဉ် အတွက် အာဆီယံ၏ ထောက်ခံမှု ရရန် အသင်းကြီး၏ ဩဇာတက္ကိမ အရှိဆုံး အင်ဒိုနီရှား သမ္မတ ၏ ထောက်ခံမှု ရရန် အပူတပြင်း ကြိုးပမ်းလာခဲ့သည် ဆိုသော သတင်းများ ထွက်ပေါ်လာသည်။ ဤသည်ကို ကြည့်လျှင် စစ် ကောင်စီ နှင့် ဆက်ဆံရန် ကြံစည်သူတိုင်း လိပ်ပြာ မသန့် ဖြစ်လာရစမြဲ ဆိုသည်ကို ပြဆိုနေပေသည်။

စစ်ကောင်စီက ဟွန်ဆန် အားလည်း ဖမ်းဆီးခံ လူထု ခေါင်းဆောင်များ နှင့် တွေ့ခွင့် ပေးမည်မဟုတ်ဟု ပြောဆိုလာသည်။

အာဆီယံသည် ပြည်သူများ လိုလားသော အစိုးရကောင်းတရပ် ဖြစ်ထွန်းရေး နှင့် တည်ငြိမ်မှု ရှိ‌ရေး မည်သည်ကို ဦးစားပေး မူဝါဒ ချ၍ ဆောင်ရွက်ရမည်ကို ဆုံးဖြတ်ရတော့မည် ဖြစ်သည်။


“ ကျွန်တော်တို့အနေနဲ့ ဒါကို အမှန်တိုင်းဝန်ခံရမယ်ဆိုရင်တော့ PDF လက်နက်ကိုင်အဖွဲ့တွေ ပေါ်လာလိမ့်မယ်လို့ ကြိုပြီးအဲဒီလောက်မျှော်လင့်ခဲ့တာမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ဆန္ဒပြပွဲတွေဖြစ်လာမယ်ဆိုတာကတော့ မျှော်လင့်ပြီးသားဖြစ်တယ် ’’ ဟု စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ပြည်သူတွေကို လျှော့တွက်မိကြောင်း အင်တာဗျူးဖြေဆိုထားတာကို ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

စစ်ခေါင်းဆောင်များ အဖို့က အသုံးစရိတ်များကို ယခင်ကလို အရပ်သား အစိုးရထံမှ အနိုင်ကျင့် လက်ဖြန့်တောင်း၍ မရတော့ပဲ ကိုယ့်ဖာသာ ရှာကြံရတော့မည့် အကျပ်အတည်းကြီး နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်၊ ထို့အတွက် ပညာရေး ကျန်းမာ‌ရေး အတွက် အသုံးစရိတ် များ ကတော့ အောက်ဆုံးအဆင့်သို့ ထိုးကျသွားတော့မည်ကား ကြိမ်းသေနေပေသည်။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!

Hla Soewai