ၾကားသိသမွ်

နိုင်ငံရေးအဖြေကောင်းထွက်ပေါ်လာစေရန် အားလုံးပူးပေါင်းပါဝင်ကြဖို့ KIO ဥက္ကဋ္ဌတိုက်တွန်း

နိုင်ငံရေးအဖြေကောင်းထွက်ပေါ်လာစေရန် အားလုံးပူးပေါင်းပါဝင်ကြဖို့ KIO ဥက္ကဋ္ဌတိုက်တွန်း

ဇန်နဝါရီ ၁၊ ၂၀၂၂။

ပြည်ထောင်စုမြန်မာနိုင်ငံ၏ ရှုပ်ထွေးသည့် ကြားကာလတွင် နိုင်ငံရေးအဖြေကောင်းထွက်ပေါ်လာစေရန် အားလုံးပူးပေါင်းပါဝင်ကြဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဥက္ကဋ္ဌက နှစ်သစ်မိန့်ခွန်းတွင် တိုက်တွန်း ပြောကြားလိုက်သည်။

နိုင်ငံရေးအဖြေကောင်းထွက်ရန် ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းပြောကြားမှုအပြင် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက သူ၏ နှစ်သစ်မိန့်ခွန်းတွင် စစ်ကောင်စီကို နည်းအမျိုးမျိုးဖြင့် တိုက်ခိုက်တွန်းလှန်နေသူများကို ချီးမွမ်းထောပနာပြုပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။


“စစ်ကောင်စီသည် အထီးကျန်သည့်အဖွဲ့အစည်းတစ်ခု ဖြစ်နေပြီး ထိုသို့ဖြစ်လာစေရန် ပါဝင်တိုက်ခိုက်တွန်းလှန်နေသည့် အဖွဲ့အစည်းအသီးသီးနှင့် လူပုဂ္ဂိုလ်အားလုံးကို ချီးမွမ်းထောပနာပြုပါကြောင်း၊

တောင်ပေါ်မြေပြန့် ပြည်သူလူထုတစ်ရပ်လုံးက စစ်အာဏာရှင်စနစ်ကို မဟာရန်သူအဖြစ်သတ်မှတ်ပြီး တိုက်ခိုက်တွန်းလှန်နေခြင်းကြောင့် အနာဂတ်အချိန်တွင် မြန်မာနိုင်ငံတွင်နိုင်ငံရေးအခင်းအကျင်းအသစ် ထွက်ပေါ်လာမည့် လက္ခဏာကောင်းဖြစ်သည်” ဟု သူက ဆိုသည်။

ဂျိန်းဖောဘာသာဖြင့် ပြောကြားခဲ့သည့် နှစ်သစ်မိန့်ခွန်းတွင် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက စစ်ကောင်စီနှင့် တိုက်ရိုက်မသက်ဆိုင်သည့် အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ခြင်းမပြုရန်လည်းတိုက်တွန်းထားသည်။


ဗိုလ်ချုပ်ကြီးအင်ဘန်လက “စစ်ကောင်စီကို တိုက်ခိုက်တွန်းလှန်နေသည့် လက်နက်ကိုင်အဖွဲ့နှင့် အသင်းအဖွဲ့အသီးသီးကို မှာကြားလိုသည်မှာ

ပြည်သူလူထုနှင့် သက်ဆိုင်သည့်နေရာများ ကျောင်း၊ ဆေးရုံနှင့် အခြားစစ်ဖက်နှင့် တိုက်ရိုက် မပတ်သက်သည့် နေရာနှင့် လူများကို သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဗုံးခွဲဖျက်ဆီးခြင်းများ မဖြစ်စေဖို့ သတိထားလုပ်ဆောင်စေလိုကြောင်း၊

တော်လှန်ရေးလုပ်နေသူများကို ကမ္ဘာက အပြစ်ပေးအရေးယူလာမှုမရှိစေရန် မှန်ကန်သည့်ဥပဒေများကို လိုက်နာဆောင်ရွက်စေရန် တိုက်တွန်းလိုသည်” ဟု ပြောကြားခဲ့သည်။

မိန့်ခွန်းတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်သည် တိုင်းပြည်အာဏာမတရားသိမ်းယူခဲ့သဖြင့် (ကိုဗစ်၁၉ ကြောင့်) ကြပ်တည်းနေသည့်ပြည်သူလူထုအပေါ် အနာပေါ်တုတ်ကျသကဲ့သို့ ပိုမိုခက်ခဲစေခဲ့ကြောင်း၊

စစ်ကောင်စီသည် တိုင်းပြည်အာဏာကို ထိန်းနိုင်ရန် တောင်ပေါ်မြေပြန့်ဒေသမှလူထုကို ကောက်ကျစ်ယုတ်ညံ့သည့် နည်းမျိုးစုံဖြင့် ပြည်သူလူထုကို နှိပ်စက်သတ်ဖြတ်နေကြောင်း၊

လူဦးရေများသည့် ဗမာလူထုနှင့် ပြည်သူလူထုတစ်ရပ်လုံးက စစ်အာရှင်စနစ်ကို နည်းအမျိုးမျိုးဖြင့် တော်လှန်နေကြောင်း၊

၂၀၂၁ ခုနှစ်အတွင်း ပြည်သူလူထုတစ်ရပ်လုံးသည် ရရာလက်နက်များကို တီထွင်ဖန်တီးထုတ်လုပ်ကာ စစ်ကောင်စီကို တိုက်ခိုက်တွန်းလှန်နေကြကြောင်း၊

ပြည်တွင်းပြည်ပနေ ပြည်သူလူထုတစ်ရပ်လုံးက စစ်အာဏာရှင်ကို တွန်းလှန်ရန် မိမိ၏ကျရာအခန်းကဏ္ဍတွင် ပါဝင်နေသည်ကို တွေ့မြင်နိုင်ကြောင်း၊

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) သည်လည်း ဤနိုင်ငံရေးအခင်းအကျင်းတွင် တတ်နိုင်သည့်ဘက်မှ ကြိုးစားအားထုတ်ပါဝင်နေကြောင်း၊


မြန်မာပြည်သူလူထုတစ်ရပ်လုံး လူမျိုးကြီးဝါဒ၊ စစ်အာဏာရှင်ဝါဒနှင့် စနစ်များကို အမှန်တကယ် အမြစ်ပြတ်ချေမှုန်းနိုင်ပါက မိမိတို့အားလုံးမျှော်လင့်သည့် နိုင်ငံရေးအခင်းအကျင်းသို့ ရောက်ရှိလာနိုင်ကြောင်း၊

အနာခံမှ အသာစံရမှာဖြစ်တဲ့တွက် ကျရာအခန်းကဏ္ဍကနေ အားလုံးဆက်လက်ပူးပေါင်းပါဝင်ရန်လိုကြောင်း အချိန် ၁၂ မိနစ်ကျော်ကြာသည့် မိန့်ခွန်းတွင် ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားခဲ့သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်စခန်းများ၊ စစ်ယာဉ်တန်းများကို အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်လျက်ရှိပြီး ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ဆားမှော်အခြေစိုက် စစ်ကောင်စီတပ် ခ.မ.ရ (၃၈၃) နှင့် (၃၈၄) တပ်များကို တိုက်ခိုက်ဖျက်ဆီးခဲ့သည်။ Source;The 74 Media

Photo ; Online