ၾကားသိသမွ်

စစ်အာဏာသိမ်း အဖွဲ့ အရေးနိမ့်အောင် လုပ်ဆောင်ပေးတော့မယ့် အမေရိကန်

NDAA နဲ့အတူ မြန်မာအပေါ် မူဝါဒ ပြောင်းလဲလာသည့် အမေရိကန်

ဒီဇင်ဘာ ၂၇ ရက်နေ့တွင် သမ္မတ ဂျိုးဘိုင်ဒင် သည် ၂၀၀၂ နိုင်ငံ ကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ National Defense Authorization Act (NDAA) ကို လက်မှတ်ရေးထိုး လိုက်သည်နှင့် အမျှ မြန်မာ အပေါ် အမေရိကန်၏ မူဝါဒသည် စတင်၍ ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။

အဆိုပါ ဥပဒေ၏ အပိုဒ် ၆၅၁၀ တွင် ခွင့်ပြုထားသော ဒေါ်လာ ဘီလီယံ ၇၇၀ ထဲတွင် မြန်မာ၏ ဒီမိုကရေစီ အရေး အား ထောက်ခံရန် ဟူ၍ ပါရှိလာခဲ့သည်။ ထို့အတွက် ဥပဒေအရ မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး မဟာဗျူဟာ သစ် ရေးဆွဲ ရန် တောင်းဆိုလာခဲ့သည်။

ဘိုင်ဒင် ကျမ်းသစ္စာ ကျိမ်ဆိုပြီး ဆယ်ရက် အကြာတွင် မြန်မာ စစ်တပ်မှ အာဏာသိမ်းပြီး ချိန်ကစ၍ အမေရိကန်သည် မြန်မာ အရေး အပေါ် မည်ကာမတ္တာမျှသာ တုန့်ပြန်မှု ပြုခဲ့သည်။ ထိုအချိန်က အမေရိကန်တွင် ကိုဗစ် ကပ်ရောဂါကြီး နှင့် အတူ စီးပွားရေး အရည်ပျော်လာနေမှုများ ကြောင့်လည်း ဖြစ်ဟန်ရှိသည်။

သို့သော် ဘိုင်ဒင် အစိုးရသည် နယူးယောက် ဗဟိုဘဏ်တွင် မြန်မာ မှ အပ်နှံထားသော ဒေါ်လာ တစ်ဘီလီယံ ကို ချက်ခြင်းလို ထိန်းချုပ်ပစ်ခဲ့သည်။ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး ဌာနကလည်း လူပုဂ္ဂိုလ်များ နှင့် စီးပွားရေး အဖွဲ့အစည်းများကို လည်း အရေးယူ ဒဏ်ခတ်မှုများ ပြုလုပ်လာခဲ့သည်။

သို့သော် မဟာမိတ်များ ဖြစ်သော ဂျပန်၊ ထိုင်း နှင့် စင်္ကာပူတို့အား အလားတူ ပြုလုပ်ရန် သွေးဆောင်နိုင်ခဲ့ခြင်း မရှိပေ။ အမေရိကန် ရှိ မြန်မာ နိုင်ငံသားများကိုလည်း ယာယီ ခိုလှုံနိုင်ခွင့် အဆင့်အတန်း သတ်မှတ်ပေးခဲ့ပြီး ကုလ ရှိ မြန်မာ သံအမတ်ကြီး ၏ နေရာ အတွက်လည်း ထောက်ခံမှု ပေးလာခဲ့သည်။ ၎င်းအား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်သူ နှစ်ဦးအားလည်း ရုံးတင် တရားစွဲဆို နိုင်ခဲ့သည်။

နောက်ပိုင်းတွင် အဆင့်မြင့် အရာရှိကြီးများ ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့အား အရှေ့တောင်အာရှ နိုင်ငံများသို့ မကြာခဏ စေလွှတ်ကာ အာဏာသိမ်း အဖွဲ့အား ပို၍ ဖိအားပေးကြရန် စည်းရုံး ပြောဆိုခဲ့ကြသည်။

စီးပွားရေး ပိတ်ဆို့ခဲ့မှုကြောင့် နိုင်ငံသားများ အပေါ် စီးပွားရေး အရ နှင့် လူမှုရေး အရ လိုအပ်ချက်များ အကူအညီပေးရန်တို့လည်း ပါဝင်ခဲ့သည်။ အောက်တိုဘာလ ထဲတွင် အမျိုးသား လုံခြုံရေး အကြံပေး ဂျိတ် ဆူလီဗန် မှ NUG ကိုယ်စားလှယ်များ နှင့် အွန်လိုင်း မှ တဆင့် တွေ့ဆုံ ဆွေးနွေးသည့် အထိ တိုးတက်လာခဲ့သည်။

ဒီဇင်ဘာ ၉ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် မှ နက် ပရိုက်စ် သည် မြန်မာ ကိစ္စ အပေါ် အမေရိကန်၏ မူဝါဒ ကို ချမှတ်ခဲ့သည်။

တကယ်တမ်း တွင် အမေရိကန်သည်သာ မြန်မာ အရေးအပေါ် အများဆုံး လုပ်ဆောင်ပေးခဲ့သည့် နိုင်ငံဟု ပြော၍ ရသော်လည်း လုံလောက်ခြင်း မရှိသေးပေ။ ယခု NDAA အကောင်အထည် ဖေါ်လာသည်နှင့် အမျှ ရှေ့တိုး၍ အကောင်အထည် ဖေါ်လာတော့မည့် လက္ခဏာများ တွေ့လာရသည်။

အဆိုပါ ဥပဒေအရ အစိုးရ မှ “မြန်မာနှင့် ဆိုင်သော အမေရိကန် မူဝါဒ နှင့် လုံခြုံရေး ဆိုင်ရာ ရည်မှန်းချက်များ” အား တင်ပြရန် ဟူသော စကားရပ် ပါရှိလာခဲ့သည်။ ထိုစကား အသွားအလာများအရ “အမေရိကန်သည် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူ များ ပြန်လွှတ်ပေးရေး နှင့် ဒီမိုကရေစီ ပြန်လည် ထားရှိရေး” တို့အား တောင်းဆိုခြင်း မရှိတော့သည်ကို တွေ့ရသည်။

နိုင်ငံအတွင်း NUG ဖွဲ့စည်း နိုင်ခဲ့မှု နှင့် အတူ ရရှိလာသော အောင်မြင်မှုများက ထိုသို့ တောင်းဆိုနေရန် မလိုအပ်တော့ဟု ယူဆလာ၍လည်း ဖြစ်သည်။ NUG သည် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော NLD ကိုယ်စားလှယ်များ သာ မဟုတ်တော့ပဲ တိုင်းရင်းသား လူနည်းစုများ နှင့် လူထုလူတန်းစား အလွှာအသီးသီးအား ထည့်သွင်း ဖွဲ့စည်းလာခဲ့သည်။ ယင်းနှင့် အတူ ဖက်ဒရယ် ဒီမိုကရေစီ ထူထောင်ရန် ဟူသည့် ရည်မှန်းထားချက်ကိုလည်း ရှင်းလင်း ပြတ်သားစွာ ဖွင့်ဆိုလာခဲ့သည်။

NDAA မှ မြန်မာ အရေး အတွက် အစိုးရ မှ တာဝန်ယူ လုပ်ဆောင်ရမည့် အချက် (၇) ချက် ကို အတိအလင်း တောင်းဆိုထားခဲ့သည်။

(၁) NUG အစိုးရ၊ CDM လှုပ်ရှားမှု၊ အခြား ဒီမိုကရေစီ အရေး အတွက် လှုပ်ရှားနေကြသော အသင်းအဖွဲ့များအား အသိအမှတ် ပြု ထောက်ခံရန် နှင့် မြန်မာ စစ်ကောင်စီ အား အသိအမှတ်ပြုခံရမည့် အလားအလာများ နှင့် အရင်းအမြစ်များ အား ဖြစ်ပေါ်မလာအောင် ဖယ်ရှားသွားရေး။

ဤသည်က အမေရိကန် အစိုးရ အနေဖြင့် NUG အား ဥပဒေကြောင်းအရ တရားဝင် ထောက်ခံမှု ပေးရတော့မည့် ကြီးမားသော ခြေလှမ်းကြီးပင် ဖြစ်သည်။

ဥပဒေသည် အစိုးရအား စစ်ကောင်စီ ကို သံတမန်ရေး အရ အသိအမှတ် ပြုထားခြင်း ကို ရုတ်သိမ်းရန် ဖေါ်ပြထားခြင်း မရှိသော်လည်း အထူး ကိုယ်စားလှယ် တဦး ခန့်အပ်၍ NUG ကို ထောက်ခံမှု များ တိုးမြှင့်ပေးရမည့် အရေးကိုမူ ထည့်သွင်း ဖေါ်ပြထားသည်။

(၂) စစ်ကောင်စီ အား စီးပွားရေး အရ ထိခိုက်စေမည့် နည်းလမ်းများ ပြုလုပ်သွားရန်၊ ထို့အတွက် လက်ရှိ ပိတ်ဆို့ထားမှု များ အပြင် အခြား ပို၍ ထိရောက်မည့် နည်းလမ်းများ အား စီစစ်သွားရန်၊ ထိုအပိုဒ်သည် မြန်မာ၏ ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်းများ အပေါ် မဖြစ်မနေ ဒဏ်ခတ်သွားရမည်ဟု ဆိုလိုခြင်းတော့ မရှိသေးပေ။ သို့သော် နောက်ထပ် တချီ ပြင်းထန်သော အရေးယူမှုများ ပြုလုပ်လာရန် အတွက် ဆွေးနွေးနေကြပြီ ဖြစ်သည်။

(၃) မြန်မာနိုင်ငံတွင် အရပ်သား အစိုးရ နှင့် အတူ ဒီမိုကရေစီ ပြန်လည် ထားရှိရေး၊ စစ်တပ်အား ပြုပြင်ပြောင်းလဲကာ တိုင်းရင်းသား လူမျိုးစု အသီးသီး ကိုယ်စားပြုပြီး အရပ်သား အုပ်ချုပ်မှု အောက် သွတ်သွင်းရေး၊ဦ ဖွဲ့စည်းပုံ ပြုပြင်ရေး၊ နိုင်ငံရေး နှင့် စီးပွားရေး ပြုပြင် ပြောင်းလဲရေး များ ဖြစ်ပေါ်ရေး တို့ အခိုင်အမာ ရရှိရန် ဆောင်ရွက်ရေး ကို တောင်းဆိုထားသည်။

ဤသည်က ဘိုင်ဒင် အစိုးရ ထားရှိရမည့် အပြီးသတ် မူဝါဒများကို အတိအလင်း ချမှတ်ပေးလိုက်ခြင်းပင် ဖြစ်သည်။ ဆိုလိုသည်က NUG ၏ မူဝါဒများ နှ့င် ညှိနှိုင်းပြီး အကောင်အထည် ဖေါ်သွားရေးပင် ဖြစ်သည်။

(၄) အမေရိကန် အစိုးရ အနေဖြင့် ဖမ်းဆီး ခံထားရသော နိုင်ငံရေး အကျဉ်းသားများ အားလုံး ကို ချွင်းချက်မရှိ ပြန်လည် လွတ်မြောက်အောင် ဆောင်ရွက်ရန်

AAPP ၏ မှတ်တမ်း များ အရ လက်ရှိ အချိန်အထိ ဖမ်းဆီးခံထားရသူ ၁၁,၂၄၈ ဦး နှင့် တိမ်းရှောင်နေရသူ ၂,၀၀၀ ခန့် ရှိနေသည်ဟု သိရသည်။

(၅) မြန်မာ ရှိ ကွဲပြားနေသော လူမျိုးစုများ နှင့် ဘာသာရေး အဖွဲ့အစည်းများ အကြား ပြန်လည် ရင်ကြားစေ့ရေး ဖြစ်သည်။

ဤသည်က မြန်မာ၏ အနာဂတ် တွင် တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရန် လွန်စွာ အရေးကြီးသည့် အချက်ပင် ဖြစ်သည်။ ဝါရှင်တန်သည် ယခု အချိန်အထိ တိုင်းရင်းသား လက်နက်ကိုင်များ နှင့် တိုက်ရိုက် ထိတွေ့ ဆက်ဆံခြင်းကို ရှောင်ရှားနေခဲ့သည်။

ဤသည်ကလည်း ၎င်းတို့သည် တရုတ်နှင့် နီးကပ်စွာ ဆက်ဆံနေခြင်း နှင့် တရားမဝင် မူးယစ်ဆေးဝါး ကုန်ကူးမှု များ တွင် ပါဝင် ပတ်သက်နေသည်ဟု ယူဆထားသော ကြောင့်ပင် ဖြစ်သည်။ သို့သော် အဆိုပါ အဖွဲ့များသည် မြန်မာ အနာဂတ်အရေး တွင် နေရာတနေရာ ရရှိသင့်သည့် လူများ ဖြစ်နေသော ကြောင့် အမေရိကန် အစိုးရမှ စတင် ဆက်သွယ်ရတော့မည် ဖြစ်သည်။

လက်ရှိ အမေရိကန် အစိုးရ ၏ မူဝါဒသည် ကိုယ့်ဖာသာ အရေးနိမ့်ရန် ဖန်တီးသလို ဖြစ်နေသည်။ NDAA အရ အစိုးရ အနေဖြင့် အနည်းဆုံး လျို့ဝှက် ဆက်သွယ်လာရန် ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

(၆) မြန်မာ စစ်တပ်၏ ရက်စက်ကြမ်းကြုပ်စွာ ပြုမူခဲ့သည့် အကြမ်းဖက်မှုများ အတွက် တာဝန်ခံမှု ရှိလာစေရေး ဆောင်ရွက်ရန် ဖြစ်သည်။ လက်ရှိတွင် ရန်ကုန် ရှိ အမေရိကန် သံရုံးက ထိုအဖြစ်များကို အနီးကပ် စောင့်ကြည့်နေပြီး ဖြစ်သည်၊ သို့သော် ထိုဖြစ်စဉ်များကို မှတ်တမ်းတင်နေသည့် NGO အဖွဲ့များကို ပံ့ပိုးမှု များ ပြုလုပ်သင့်နေသည်။

(၇) တနိုင်ငံလုံး အတိုင်း အတာ ဖြင့် လူများ အကြီးအကျယ် ဒုက္ခ ဖြစ်လာနိုင်သည့် အနေအထားများကို ရှောင်ရှား နိုင်ရေး ဆောင်ရွက်ရန် ဖြစ်သည်။ လက်ရှိတွင် မြန်မာသည် ကိုဗစ် ကပ်ရောဂါ ဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရပြီး စီးပွားရေးသည်လည်း အလဲလဲ အပြိုပြို ဖြစ်လာနေသည်၊

စီးပွားရေး ကဏ္ဍတွင် ၁၈ ရာနှုန်း ကျုံ့ဝင်သွားခဲ့ပြီး လူဦးရေ တဝက်ခန့်သည် ဆင်းရဲတွင်း နက်သည့် ဘဝ ကျရောက်ဖို့ ရှိနေသည်။ ထိုအရေးကို အမေရိကန် အစိုးရ က မည်သို့မည်ပုံ အကူအညီပေးသွားမည် ဆိုသည်က မသဲကွဲလှသေးပေ။

ယေဘုယျ ပြောရလျှင် NDAA ပါ အချက်များသည် တိကျ ရှင်းလင်းစွာ ဖေါ်ပြထားခြင်း မရှိဟု ဆိုရမည် ဖြစ်သည်။ လက်ရှိတွင် အမေရိကန်၏ သက်ဆိုင်ရာ ဝန်ကြီးဌာနများ အားလုံး အတူတကွ အကောင်အထည် ဖေါ်ကြရတော့မည် ဖြစ်သည်။

အာဆီယံသည် လောလောဆယ်တွင် မြန်မာ အရေး တွင် တက်တက်ကြွကြွ ဖြေရှင်းနိုင်စွမ်း မရှိ ဖြစ်နေသည်။ ထို့အတွက် NDAA သည် မြန်မာ ပြည်သူများ၏ ခုခံ တွန်းလှန်စစ်ကို ရက်စက်စွာ နှိမ်နှင်းရန် လုံးပမ်းနေသည့် စစ်အာဏာသိမ်း အဖွဲ့ အရေးနိမ့်အောင် ဖေါ်ဆောင်ပေးလာမည့် အရေးပါသော ခြေလှမ်းကြီး တလှမ်း အဖြစ် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

(ဒီဇင်ဘာ ၃၁ ရက်နေ့ထုတ် The Diplomat စာစောင်ပါ ဆောင်းပါးရှင် Zachary Abuza ၏ “What the National Defense Authorization Act means for US policy toward Myanmar”)

Hla Soewai