ၾကားသိသမွ်

စစ်ကောင်စီကို ထောက်ပံ့ပေးနေတဲ့ ကျော်သောင်းမိသားစု

The New York Times က ကျော်သောင်းမိသားစု အကြောင်း ဒီနေ့ ဖွင့်ချလိုက်ပြီ။

ကျော်သောင်းတို့ မိသားစုဟာ အတော့်ကို လိမ္မာပါးနပ်ပါတယ်။ ခင်မင်ဖို့လည်းကောင်းတယ်။ ဒါပေမဲ့ ကြမ်းကြုတ်တဲ့ လူသတ် စစ်တပ်ကို တိတ်တဆိတ် လက်နက်တပ်ဆင်ပေးနေတယ်။

သူတို့က ဗမာ-အိုင်ယာလန် ကပြားတွေပါ။ ဒါကြောင့် နိုင်ငံတကာက စီးပွါးရေး ပိတ်ဆို့အရေးယူမှုတွေ၊ စစ်ဆေးမှုတွေက ရှောင်ကွင်းနိုင်ပြီး လူသတ်အားပေးလုပ်ငန်းကို အေးအေးဆေးဆေးလုပ်နိုင်တဲ့အကြောင်း The New York Times က ဒီနေ့ ဖွင့်ချလိုက်ပြီ။

ကျော်သောင်းတို့မိသားစုက မြန်မာ ပြည်သူတွေကို သတ်ဖြတ်ဖို့ စစ်ကောင်စီအတွက် လေယာဉ်တွေ၊ ကာကွယ်ရေး ရေဒါ၊ အခြားနည်းပညာတွေ၊ ကိရိယာတွေ ကူညီဝယ်ယူ ပေးနေတာပါ။ သူတို့ ပါးစပ်ကတော့ အမြဲသူတော်ကောင်းစကားတွေပဲပြောနေကြတယ်။

လွန်ခဲ့တဲ့ သုံးနှစ်က ကျော်သောင်းမိသားစုဟာ ကျွန်းသစ်အတိနဲ့ တန်ဆာဆင်ထားတဲ့ ပဲခူးကလပ် အဆောက်အဦးကို မူလ ၁၉ ရာစု ဂုဏ်ကျက်သရေပြန်ရောက်အောင် ပြန်လည် မွမ်းမံခဲ့ကြတာပေါ့။

အဲဒီထဲမှာ ပါတီပေးကြ၊ ပျော်ပါးကြ၊ ဂျင်အရက်တမြမြနဲ့ သူတို့ရုပ်တွေကလည်း ဗမာ-အိုင်ယာလန် ကပြားတွေဆိုတော့ ကိုလိုနီအရာရှိတွေလိုလို..။ ပဲခူးကလပ်ဟာ ကျော်သောင်းမိသားစုရဲ့ အရှေ့တိုင်းနဲ့ အနောက်တိုင်း ရောပြွမ်းပေါင်းစပ်ထားတဲ့ ဗိမာန်ကြီးတစ်ခု..။ ကမ္ဘာ့အသိုင်းအဝိုင်းနဲ့ ဆက်ဆံ‌ပေါင်းသင်းတဲ့အခါ အဲဒီနေရာက အံဝင်ခွင်ကျဖြစ်လှတယ်။

တစ်မြို့လုံး အခြားနေရာတွေမှာ လျှပ်စစ်မီး အချိန်ပိုင်းအလိုက်ပြတ်တောက်နေချိန် ကျော်သောင်း မိသားစုက မီးတွေ မှိတ်တုတ် မှိတ်တုတ်နဲ့ တေးဂီတတွေကြားမှာ ရှန်ပိန်အသောက်မပျက်၊ အကအခုန်မပျက်..။

ပြည်တော်ပြန်လူငယ် လုပ်ငန်းရှင်တွေ၊ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ရွှေပေါ်မြတင် သမီးတော်တွေ၊ နိုင်ငံရေး လုပ်စားတွေနဲ့ တရုန်းရုန်း..။
ကိန်းကြီးခန်းကြီးရှိတဲ့ ကျော်သောင်းတို့ မိသားစုဟာ အလှူအတန်းလည်း ရက်ရောလှပါတယ်။

အတွင်းလှိုက် ပျက်စီးပြီး တံခါးပိတ်နေတဲ့ မြန်မာနိုင်ငံကို ကမ္ဘာနဲ့ရင်ဘောင်တန်းတဲ့ စီးပွားရေး တစ်ခုခုဖြစ်အောင် ဖန်တီးပေးမယ့် သူတော်ကောင်းကြီးတွေလိုလို ဟန်ဆောင်နေကြတယ်..။

သူတို့က ရာဇဝင်ရှိတဲ့ မိသားစုလေ။ အိမ်ခြံမြေနဲ့ ပို့ကုန် သွင်းကုန် ကုမ္ပဏီတွေ နဲ့ အလုပ်လုပ်နေကြောင်း အယောင်ပြထားပေမဲ့ သူတို့ရဲ့အဓိက ငွေတွင်းကြီးကိုတော့အစဉ်အဆက် ရာဇဝင်နဲ့ ဖုံးကွယ်ထားတဲ့ အမျိုးကန်း၊ အမျိူးယုတ်တွေဖြစ်ပါတယ်။

သူတို့မိသားစုက မူးယစ်ရာဇာတွေ၊မြန်မာ့စီးပွားရေးကို ဂုတ်သွေးစုပ်ချုပ်ကိုင်ထားတဲ့ ခရိုနီတွေနဲ့ မထူးခြားနားပါ။ ဘယ်လောက်ပဲ ကြိုးစားဟန်ဆောင်နေပါစေ ကျော်သောင်းမိသားစုဟာ ကမ္ဘာ့အကြမ်းကြုတ်ဆုံး စစ်တပ်ကို တိတ်တဆိတ်လက်နက် တပ်ဆင်ကူညနေတဲ့အကြောင်းကို အခုတော့ ကမ္ဘာက သိသွားပါပြီ။

ရိုဟင်ဂျာမူဆလင်တွေကို လူမျိုးတုံးသုတ်သင်တုန်းကလည်း ကျော်သောင်းမိသားစုဟာ မြန်မာစစ်တပ်နဲ့ ပူးပေါင်းအားပေးခဲ့ပါတယ်။ သူတို့ မိသားစုရဲ့ မျိုးဆက်သစ် က ဂျော်နသန်ကျော်သောင်းတဲ့ ။ သူက အခု ကျော်သောင်းမိသားစုရဲ့ ရှေ့ထွက်မင်းသားလေ။ အသက်က ၃၉ နှစ်။ သူက မင်းအောင်လှိုင်ရဲ့ မိသားစုနဲ့ အကျွမ်းတဝင်ဖြစ်အောင် မနည်းကြိုးစားထားခဲ့တာ။

ဂျော်နသန်ကျော်သောင်းက ၂၀၁၅ ပဲရစ် လေကြောင်းပြပွဲမှာ မြန်မာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (လေ) နဲ့ အတူ ပါကစ္စတန် တိုက်ခိုက်ရေး ဂျက်လေယာဉ်တွေ ဝယ်တုန်းက အတူတူရှိနေတယ်။

ရုရှားတိုက်ခိုက်ရေး ရဟတ်ယာဉ်တွေအတွက် အပိုပစ္စည်းတွေကို ကျော်သောင်းမိသားစု လုပ်ငန်းက နေတင်သွင်းနေတယ်။ ဒီနေ့ ပြည်သူတွေကို စက်သေနတ်/အမြောက်ေတွနဲ့ ပစ်ခတ်တိုက်ခိုက် နေတဲ့လလေယာဉ်တွေက ကျော်သောင်းတို့ မိသားစု စီးပွါးရေးပါ။

ကျော်သောင်းမိသားစုဟာ ပဲခူးကလပ်ရှိုးပွဲတွေဆက်လုပ်ဖို့ အတွက် တစ်နှစ်ကို အနည်းဆုံး ဒေါ်လာ ငါးသိန်းတစ်သောင်းရမယ့် စစ်တပ် စီးပွားရေး လုပ်ငန်းကြီးကိုအပေးအယူ လုပ်ထားတယ်။

နယူးယောက်တိုင်းမ်စ် သတင်းစာက ဒါတွေကိုစုံစမ်းဖော်ထုတ်ခဲ့တာပါ။ ကုမ္ပဏီဝန်ထမ်းဟောင်းပေါင်းများစွာ၊ စီးပွါးဖက်တွေ၊ စစ်တပ်အတွင်းက သတင်းပေးတွေ၊ မိသားစုဝင်တွေဆီက စုံစမ်းခဲ့တာပါ။

လူပုဂ္ဂိုလ်တွေ အပါအဝင် လုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းတွေ၊ စာချုပ်ေတွ၊ တင်ဒါတွေ အခြား ဘဏ္ဍာရေး အထောက်အထားတွေ စတဲ့ စာရွက်စာတမ်း စာမျက်နှာ ထောင်ပေါင်းများစွာ သက်သေရှိနေပါတယ်။

ဒီလိုနဲ့ ကျော်သောင်းတို့ရဲ့ ဗျူဟာမြောက် ဖုံးကွယ်သိုဝှက်ထားသော စစ်တပ် ဝယ်ယူရေးလုပ်ငန်း မဟာကွန်ရက်ကြီးတစ်ခုကို The New York Times ကဖော်ထုတ်နိုင်ခဲ့ပါပြီ။

အလှူအတန်းဖောင်ဒေးရှင်းတစ်ခုလို့ မျက်နှာဖုံးစွပ်ပြထားတဲ့ အဲဒီမိသားစုဟာ အနောက်တိုင်း အစိုးရတွေရဲ့ စစ်ဆေး အရေးယူမှုတွေကို ရှောင်ရှားနိုင်အောင် အလွန်လှည့်ပတ် လိမ်ညာထားတာဖြစ်တယ်။

အသံကောင်းဟစ်၊ လူရည်လည်ပြီး စည်းရုံးတတ်တဲ့၊ အနောက်တိုင်းမှာ ပညာတတ်လာတာမို့ အင်္ဂလိပ်စကား ကျွမ်းကျင်တဲ့ ကျော်သောင်းမိသားစုဟာ လူသတ်တဲ့ တပ်မတော်နှင့် တိတ်တဆိတ် လက်ဝါးချင်းရိုက်ပြီး ငွေရှာနေတဲ့ ယူယုတ်မာတွေဖြစ်ပါတယ်။

ကျော်သောင်းမိသားစုရဲ့ ရာဇဝင်ဟာ မြန်မာ့သမိုင်းနဲ့ တပြိုင်နက် ရုပ်ပျက်နေပြီ။ သူတို့ဟာ မြန်မာ့ အနာဂတ် ကလေးတွေရဲ့ အသက်ကို သတ်ပစ်ပြီး အညွန့်တလူလူနိုင်ငံတစ်ခုကို ချိုးဖဲ့ဖျက်ဆီးနေတဲ့ မိသားစုဖြစ်ပါတယ်။

ငွေတွေ မြိုးမြိုးမြက်မြက်ရအောင် ကျော်သောင်းမိသားစုဟာ စစ်တပ်ဆီ ဥရောပထုတ် လေယာဉ်နဲ့ ပြင်သစ်ထုတ် ကမ်းရိုးတန်းစောင့်ကြည့်ရေးစနစ်တစ်ခု ဝယ်ယူ တင်သွင်းခွင့် စာချုပ်တွေချုပ်ခဲ့တယ်။

ရေတပ်အတွက် အီတလီထုတ် သေနတ်တွေကို တင်သွင်း ပေးဖို့အတွက် ဈေးပြိုင်အဆိုပြုမှုတစ်ခုလည်း အခု လုပ်ထားဆဲပါ။ အီးမေးလ်သက်သေရှိပါတယ်။

ဒီလို တရားဝင် ခွင့်ပြုချက်တွေရအောင် ကျော်သောင်းတို့ မိသားစုနဲ့ ဆွေမျိုးမကင်းသူ၊ စွမ်းအင်ဝန်ကြီးအဖြစ်ရော အမျိုးသား ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌအဖြစ်ပါ တာဝန်ယူဖူးတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးက ကူညီနေပါတယ်။

ကျော်သောင်းတို့မိသားစုဟာ သူတို့ကြွယ်ဝမှုပမာဏကို ဖုံးဖိကွယ်ဝှက်ဖို့ ဗြိတိသျှဗာဂျင်ကျွန်းစုတွေက စပြီး စင်္ကာပူအထိ ကုမ္ပဏီအမျိုးမျိုး မှိုလိုပေါက်အောင် ခွဲပြီးထောင်ထားပါတယ်။

အချို့ ကုမ္ပဏီတွေဆို အရောင်းအဝယ် တစ်ခုအတွက်သာ သီးသန့်ဖွင့်ပြီး အလုပ်တာနဲ့ ပြန်ပိတ်လိုက်ကြတယ်။ အမည်ပေါက်ပိုင်ဆိုင်မှုပုံစံကလည်း အမျိုးမျိုးပေါ့။စစ်တပ်က အနောက်တိုင်းမှာ ပစ္စည်းတွေဝယ်မရတော့ အခု သူတို့က ကိုယ်စား ဝယ်ပေးနေကြတာပါ။

စစ်တပ်က လူမျိုးတုန်းအစုလိုက်အပြုံလိုက် သတ်ဖြတ်တာမို့ ရိုဟင်ဂျာ မူဆလင်တွေ ထွက်ပြေးတိမ်းရှောင်တုန်းက ပြန်ဖမ်းမိပြီး သတ်ပစ်အောင် ကမ်းရိုးတန်း ရေဒါနည်းပညာကို အသက်ဝင်လည်ပတ်အောင် ကျော်သောင်းတို့ မိသားစုက ကူညီခဲ့တာပါ။

သူတို့ မိသားစုရဲ့ ကုမ္ပဏီတစ်ခုက ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်ဖို့ စစ်တပ်ကို ဒေါ်လာ လေးသောင်းကျော် ကူညီ လှူဒါန်းခဲ့တယ်။ ဒါကို ကမ္ဘာ့ကုလသမဂ္ဂက သက်သေနဲ့တကွ ဖော်ထုတ် သိရှိသွားပါပြီ။

ဂျော်နသန်ကျော်သောင်းကတော့ ငြင်းထားတာပေါ့။ ကျော်သောင်းမိသားစုက တပ်မတော်အတွက် စစ်သုံးပစ္စည်းတွေ ထောက်ပံ့ပေးသွင်းတာမျိုး မရှိပါဘူးတဲ့။ လူသတ်ဖို့ မပြောနဲ့ အဖိုးက ငါးဖမ်းလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းပါဏာတိပါတာကံ ကျိုးမှာစိုးရိမ်လို့ မလုပ်ခဲ့တာပါလို့ အရှက်မရှိလိမ်ညာနေပါတယ်။ ဒါပေမဲ့ သက်သေက ထောင်နဲ့ချီပြီး ရှိနေပြီ။ လိမ်လို့မရတော့ဘူး။

“ကျွန်တော် ကျွန်တော့်နိုင်ငံကို ချစ်တဲ့စိတ်ကြောင့် ပြန်လာတာပါ။ ကျွန်တော် ဝေါစထရိကို သွားအလုပ် မလုပ်ခဲ့ဘူး။ ကျွန်တော့်မိတ်ဆွေတွေ သွားလုပ်ကြသလို လော့စ်အိန်ဂျလိစ်သွားပြီး သီချင်းကုမ္ပဏီမထောင်ဘူး။

ဇာတိမြေကို ပြန်လာတာ။ ကျွန်တော် ဇာတိမြေကို ပြန်လာတာ ငွေမက်လို့မဟုတ်ဘူး။ မိသားစု အစဉ်အလာကို ထိန်းသိမ်းဖို့ ” တဲ့။ တော်လိုက်တဲ့ ဂျော်နသန်ကျော်သောင်း..။ မြန်မာနိုင်ငံကို လူသတ်ဖို့ပြန်လာတာ။ အခုတော့ ငွေထုပ်ပိုက် ပြေးပြီ။

၂၀၁၇ ခုနှစ် The Asian Institute of Management က ထုတ်ဝေတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဂျော်နသန်ကျော်သောင်းက သူ့ အဖိုးကို ဘက်ကင်ဂမ်နန်းတော်က အရေးတယူ ဖိတ်ခေါ်ရတဲ့အကြောင်း၊ အဖိုးက သူ့ကို စီးပွားရေးဆိုင်ရာ အဆုံးအမေတွ ပို့ချခဲ့တဲ့အကြောင်း၊ အဖိုးဦးကျော်သောင်းမသေဆုံးခင် နောက်ဆုံးအတူရှိခဲ့သူဟာ သူဖြစ်ပါတယ်ဆိုတဲ့အကြောင်း လျှောက်ရေးထားတာ ။

အကုန် အလိမ်တွေချည့်ပဲ။ အမှန်တော့ အဖိုးဦးကျော်သောင်းသေတဲ့ အချိန် ဂျော်နသန်ကျော်သောင်းက လမ်းလျှောက်တတ်ခါစ ကလေးအရွယ်ပဲရှိသေးတာ။ အဲဒါ စီးပွားရေး အဆုံးအမတွေပေးသတဲ့။ ဘက်ကင်ဂမ် နန်းတော်ကလည်း တစ်ခါ မဖိတ်ခဲ့ပါဘူးလို့ ကျော်သောင်း မိသားစုဝင် လေးဦးက The Times သတင်းစာမှာပြောပြီးသားကို.. လျှောက်လိမ်တာ။ ပါးစပ်ဟလိုက်တာနဲ့ အလိမ်တွေချည့်ပဲ။

သူ့ကိုယ်သူ ဘက်ဘဆင် ကောလိပ်က ‘ စွန့်ဦးတီထွင်မှုနှင့် စီးပွားရေး စီမံခန့်ခွဲမှု ဘာသာရပ်’ နဲ့ ဘွဲ့ရတယ်လို့ပြောပြန်တယ်။ အထောက်အထားနဲ့မေးတော့ ကျောင်းမပြီးတာ ကိုယ်တိုင်ဝန်ခံသွားတယ်။

“အားလုံးအမှန်သိအောင် ကျွန်တော်ပြောပြမယ်။ ကျွန်တော့်မိသားစုဟာ မြန်မာနိုင်ငံမှာ သမိုင်းအရှည်ဆုံး စီးပွားရေး မိသားစုပဲ။” “ကျွန်တော့်အဖိုးဆိုရင်လည်း အင်မတန်‌ အောင်မြင်ခဲ့တာ။ကျွန်တော့်အဖေလည်း အင်မတန်အောင်မြင်ခဲ့တယ်။” “ကျွန်တော်ကိုယ်တိုင်လည်း ထူးချွန်အောင်မြင်သူ တစ်ယောက်ပဲ။

ကျွန်တော် ဘယ်တော့မှ ဖြတ်လမ်း မလိုက်ဘူး။” ပညာနဲ့ ကြွားလို့မရတော့ စီးပွါးရေး၊ အပြေး၊ ဘောလုံးအားကစားတော်တယ် ဘာညာပြောတော့တာပဲ။

သူတို့က ဟိုးတုန်းက ဂုန်လျှော်လုပ်ငန်းလုပ်တာ။ စစ်တပ်က ပထမဆုံး ၁၉၆၂ အာဏာသိမ်း၊ဆိုရှယ်လစ်စနစ်ကို အဓမ္မပြောင်းတော့ သူတို့ မိသားစုပိုင် ဂုန်လျှော်စက်က ပြည်သူပိုင် အသိမ်းခံရတာပေါ့။

ဗမာပြည်က တဖြည်းဖြည်း ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲတေလာပြီး အာဏာသိမ်း စစ်အုပ်စုက နိုင်ငံအမည်ကို မြန်မာလို့ ပြောင်းခေါ်တယ်။ အဲဒီအချိန် ကျော်သောင်းတို့မိသားစု ထိုင်း၊ စင်္ကာပူ၊ အမေရိကနဲ့ ဗြိတိန်နိုင်ငတွေကို အကွဲကွဲအပြားပြား ထွက်သွားကြတယ်။

ဂျော်နသန်ကျော်သောင်းရဲ့ အဖေလည်း ကျန်တာတွေ ပြည်သူပိုင် အသိမ်းရမှာကြောက်တော့ မြောက်အိုင်ယာလန်မှာ နိုင်ငံရေးခိုလှုံလိုက်တာပေါ့။

မြန်မာမှာ ကျန်ခဲ့တဲ့ ဆွေမျိုးတွေက အဆင့်မြင့် စစ်တပ် အရာရှိတွေ၊ ဝန်ကြီးတွေ၊ အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ အနီးကပ် အတိုင်ပင်ခံတွေနဲ့ပေါင်းထားတယ်။ အမျိုးထဲက ဝမ်းကွဲညီအမ တစ်ဦးက ဦးဇေယျာအောင်နဲ့ ယူလိုက်တယ်။ ဦးဇေယျာအောင်ဆိုတာ လူရည်လည်ပြီး အင်္ဂလိပ်စကားကျွမ်းတဲ့ဗိုလ်ချုပ်ပေါ့။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ ခြေမြန်တပ်ရင်း ၈၈ကို ဦးဆောင်ခဲ့တဲ့သူ။

ဒီလိုပဲ စစ်ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေဟာ များသောအားဖြင့် နီးစပ်ရာ စစ်တပ်အနွယ်ဝင်တွေ၊ စီးပွားရေး ခရိုနီကြီးတွေရဲ့ သားသမီး တွေနဲ့ ယူလေ့ရှိကြတယ်။ ဦးဇေယျာအောင် က မီးရထားဝန်ကြီး၊ စွမ်းအင်ဝန်ကြီးနဲ့ အမျိုးသား ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌဆိုတော့ ကျော်သောင်းတို့မိသားစု စစ်တပ်ကန်ထရိုက်တွေရပါလေရော..။

ငွေတွေ သောက်သောက်လည်း ခိုးလို့ရတော့ ဂျော်နသန်ကျော်သောင်းနဲ့ နိုင်ငံရပ်ခြားမှာ ကြီးပြင်းလာကြတဲ့ ဘိုစကားကျွမ်း မောင်နှမတွေ မြန်မာနိုင်ငံကို အပြေး ပြန်လာခဲ့ကတာပါ။ အာဏာသိမ်းခေါင်းဆောင် သန်းရွှေရဲ့ သားသမီးတွေ အတွက် နိုင်ငံရပ်ခြားပညာရေးကို သူတို့ပဲ ကူနေရတာလို့ ကျော်သောင်းတို့ မိသားစုက အမြဲ ကြွားနေကျ..။

၂၀၀၂ မှာ တပ်မတော်ပိုင် သတင်းစာတစ်ခုမှာ ဦးဂျော်နသန်ကျော်သောင်းနှင့် ဖခင် မိုးကျော်သောင်းတို့က စစ်တပ်နှင့် ပတ်သက်သည့် စေတီတစ်ဆူ ပြန်လည်တည်ဆောက်ရေးအတွက် အလှူပွဲတစ်ခုတွင် ကျပ်ငွေ သိန်း ၇၀ လှူဒါန်းကြောင်း ဘာညာတွေပါတာ သက်သေပဲ..။

ဂျော်နသန်ကျော်သောင်းပိုင် ကုမ္ပဏီ အုပ်စုကြီးဖြစ်တဲ့ ကေတီအုပ်စုက မူဆလင် လူနည်းစုတွေ ထွက်ပြေး စွန့်ခွါခဲ့တဲ့ မြေတွေကို ပြန်လည်ပြုပြင်တည်‌ဆောက်ဖို့ဆိုပြီး စစ်တပ်ကို ငွေလှူဒါန်းခဲ့သေး။

၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ ရိုဟင်ဂျာများအပေါ် အကြမ်းဖက် ကျူးလွန်မှုကြောင့် အပယ်ခံထားရတဲ့ စစ်တပ်ကို ဦးမိုးကျော်သောင်းရဲ့ Ky-Tha ကုမ္ပဏီဟာ မြန်မာလေတပ် ထိပ်တန်းအရာရှိတွေနဲ့ ပဲရစ်မြို့ အခြေစိုက် လေကြောင်းနဲ့ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းကြီးဖြစ်သည့် ဆေဖရန် (Safran) တွေ့ဆုံနိုင်အောင် ကြားထဲကကူညီပေးခဲ့တယ်။

ရိုဟင်ဂျာတွေနဲ့ အခြားလူနည်းစုတိုင်းရင်းသာတွေကို တိုက်ခိုက်သတ်ဖြတ်ဖို့ သုံးခဲ့တဲ့ ရုရှားလုပ် MI-17 တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ပြုပြင်ထိန်းသိမ်းရေး လုပ်ခဲ့ကြတယ်။ အဲဒီ သက်သေ စာရွက်စာတမ်းကို Justice For Myanmar ဆိုတဲ့ စစ်တပ်ရဲ့စီးပွားရေး လုပ်ငန်းတွေလေ့လာစောင့်ကြည့်တဲ့ အဖွဲ့အစည်းက စုံစမ်း ထုတ်ဖော်ခဲ့တာပါ။

ဂျော်နသန်ကျော်သောင်းဟာ မြန်မာနိုင်ငံက ဩဇာတိက္ကမ အကြီးဆုံး ခရိုနီများတွေ ပါတဲ့ ကမ္ဘောဇ အုပ်စုတည်ထောင်သူ ဦးအောင်ကိုဝင်းကို လည်းပေါင်းထားတယ်။ ရန်ကုန်မြို့က ကေဘီဇက် လေကြောင်း ခရီးသည်တင်လေယာဉ်တစ်စီး(၂၀၁၉)က ဦးအောင်ကိုဝင်း ပိုင်တာပေါ့။

ဂျော်နသန်ကျော်သောင်းဟာ ဦးအောင်ကိုဝင်းရဲ့ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ လေကြောင်း ပို့ဆောင်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ငန်း၊သတ္တုတွင်းလုပ်ငန်းတွေ ဖြစ်တဲ့ KBZ ( ကေဘီဇက်) တွေနဲ့လည်း ပတ်သက်နေတယ်။ စစ်အစိုးရနဲ့ ပတ်သက်တာမို့ အခုတော့ ဥရောပသမဂ္ဂက ဦးအောင်ကိုဝင်းကို ဦးတည် အရေးယူပိတ်ဆို့ထားပါတယ်။

ဦးအောင်ကိုဝင်းကပြောပေးလို့ ဂျော်နသန်ကျော်သောင်းက စစ်တပ်က အရေးပါတဲ့‘အကောင်ကြီးကြီး’တွေနဲ့ ခင်ခွင့်ရသွားတယ်။ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ကုမ္ပဏီ ထောင်နိုင်လိုက်တယ်။ဆက်သွယ်ရေးလိုင်စင်ရတယ်။ တပ်မတော်အတွက် လူမသိအောင် တိတ်တိတ် ဖုံးကွယ်ပြီး လေယာဉ်တွေဝယ်ပေးနေလိုက်တယ်။

သူဟာ အဇာဘိုင်ဂျန်၊ အိန္ဒိယ၊ တရုတ်နဲ့ စင်္ကာပူတွေမှာ ဂျော်နသန်ဟာ သုံးနှစ်အတွင်း ကေတီ အုပ်စုရဲ့ ရုံးခွဲတွေ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

ကျော်သောင်းမိသားစုဟာ ရန်ကုန်မှာ ဓါတ်လှေကားတောင်မရှိတဲ့ ရွက်ကြမ်းရေကြို သုံးထပ်တိုက် ရုံးခန်းငယ်တစ်ခုကို အပြထားပြီးစီးပွားရေး အနည်းဆုံး ၁၁ ခုကို အဲဒီလိပ်စာနဲ့မှတ်ပုံတင်ထားတယ်။ ခမ်းခမ်းနားနားဆိုင်းဘုတ်တောင် မရှိပါဘူး။ အင်တာနက်မှာလည်း မကြေညာဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့ ကာထားတာပေါ့။

၂၀၁၇ ခုနှစ်မှာ ကျော်သောင်းမိသားစုပိုင် လေကြောင်းကုမ္ပဏီက Fokker 70 လေယာဉ်နှစ်စီးကို KLM Royal Dutch Airlines ရဲ့ ကုမ္ပဏီခွဲတစ်ခုဆီက ဝယ်ယူခဲ့တယ်။ လက်ရှိ မြန်မာတပ်မတော် (လေ)ရဲ့ လေယာဉ်အင်အားထဲ ရောက်ရှိသွားတဲ့ Fokker လေယာဉ်နှစ်စီးက အဲဒီလေယာဉ်တွေ။ အမှတ်အသား နံပါတ်တွေ အကုန်သက်သေရှိတယ်။

အခုတော့ သူတို့ ပဲခူးကလပ်လည်း ပိတ်လိုက်ရပြီ။ ပဲခူးကလပ် ဖွင့်ပွဲကို တက်ခဲ့ကြတဲ့ အရပ်သား အရာရှိတွေလည်း အခုတော့ ထောင်သွင်းအကျဉ်းချခံထားရတယ်။

ဂျော်နသန်ကျော်သောင်းက “နောက် ၁၈ လလောက်အတွင်း မြန်မာပြည်မှာ ရပ်တည်နေနိုင်သေးတဲ့သူ တစ်ယောက် ယောက်ရှိရင်တောင် ဘုရားတန်ခိုးပဲဖြစ်မယ်။” လို့ပြောသွားသေးတယ်။

အခုတော့ ဂျော်နသန်ကျော်သောင်းက စစ်တပ် ဘောမ၊ ဒလန်မို့ အခြေအနေမကောင်းလို့ မိသားစုကို အပါခေါ်ပြီး မြန်မာနိုင်ငံက ထွက်ပြေးသွားပြီ။ “ခုဘာဆက်ဖြစ်မလဲ မသိတော့ဘူး။ ပြီးခဲ့တဲ့ ၁၀ နှစ် ထဲမှာ ကျွန်တော်တို့ ကြိုးစား ဆောင်ရွက်ခဲ့သမျှ အားလုံး သဲထဲရေသွန်ဖြစ်သွားပြီ။” တဲ့။

မရွှေမိုး-ကိုရီးယား