ၾကားသိသမွ်

အရေးနိမ့်နေတာတောင် စစ်ကောင်စီ ဘာကြောင့် အာဏာပြန်မလွှဲတာလဲ

မအလစစ်တပ် အခုအချိန်အထိ သက်ဆိုးရှည်နေတာ၊ ဒီလောက်ပြတ်ပြတ်သားသား အရေးနိမ့်နေတာတောင် မျက်နှာပြောင်တိုက်ပြီး အာဏာပြန်မလွှဲတာဟာ-

(၁) တရုတ်က နောက်ကွယ်ကနေ နည်းပညာ၊ ငွေကြေးနဲ့ လက်နက်အကူညီပေးနေလို့(ရုရှားလည်း လက်နက်ရောင်းပေးနေလို့)၊

(၂) ကိုယ်ကျိုးစီးပွားတစ်ခုထဲကိုပဲကြည့်ပြီး ကိုယ့်မိသားစုကိုမှ လူလို့သတ်မှတ်တဲ့ Non CDM တွေကြောင့် နဲ့

(၃) ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဓာတ်နဲ့ တော်လှန်ရေးဟာ ကိုယ်နဲ့မဆိုင်သလိုမျိုးနေကြတဲ့ ဆန်ကုန်မြေလေးတွေကြောင့်ဖြစ်တယ်။ ဒီအုပ်စုကြီး(၃)ခု ရှိနေလို့လည်း မအလဟာ ခုချိန်ထိ လ(၄)လုံး စကားတွေပြောပြီး အာဏာသိမ်းထားတာဖြစ်တယ်။

ကုလသမဂ္ဂ(UN) မှာ ဗီတိုအာဏာပိုင်ထားပြီး အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ တရုတ်နဲ့ရုရှားရှိနေလို့သာ စစ်တပ်ဟာ ကမ္ဘာကို မျက်နှာပြောင်တိုက်ရဲတာဖြစ်တယ်။

တရုတ်သာ နောက်ကွယ်ကနေ မကူညီရင် စစ်တပ်ကို EAOs တွေနဲ့ PDF ပေါင်းတိုက်ရင် (၃) လ မကြာဘူး၊ စစ်တပ် မျိုးပြုတ်ပါတယ်။

လက်နက်အားကိုးပြီး မတရားအာဏာသိမ်းထားတဲ့ စစ်တပ်ကို အစိုးရအဖြစ်အသိအမှတ်ပြုပြီး ဖင်ကုန်း ဘောမနေတဲ့ Non CDM တွေကြောင့်သာ အုပ်ချုပ်ရေးယန္တရား လုံးဝရပ်မသွားသေးတာဖြစ်တယ်။


ပွဲလန့်တုန်းဖျာခင်းချင်တဲ့စိတ်၊ အရည်အချင်းရှိတဲ့သူတွေ မရှိတုန်း အချောင်ရာထူးယူချင်စိတ်၊ ဘယ်သူသေသေ တိုင်းပြည်ဘာဖြစ်ဖြစ် ငါနဲ့ ငါ့မိသားစုအဆင်ပြေရင်ပြီးရောဆိုတဲ့စိတ်ဓာတ်တွေနဲ့ CDM မလုပ်ကြလို့သာ မအလဟာ ” တွေ့လား ကျွန်တော်တို့ကို သစ္စာခံ အလုပ်အကြွေးပြုနေတဲ့ ဝန်ထမ်းတွေရှိတယ် ” ဆိုပြီး လေသံကျယ်ရဲ၊ မျက်နှာပြောင်တိုက်ရဲတာဖြစ်တယ်။

ဒါတွေကို သေချာသဘောပေါက် နားလည်ဖို့အရေးကြီးပါတယ်။ သဘောပေါက်ရုံနဲ့မပြီးသေးဘူး။ ဒါတွေကို စနစ်တကျ တုံ့ပြန်ဖို့လည်း လိုအပ်ပါတယ်။ အဲဒါတွေကြောင့် Boycott နဲ့ SP ကို သေချာလုပ်ခိုင်းတာဖြစ်တယ်။ အပျော်သဘော၊ ပေါ်ပင်အနေနဲ့ လုပ်ခိုင်းတာမဟုတ်ပါ။

စစ်တပ်ထုတ်ကုန်တွေ၊ တရုတ်ထုတ်ကုန်တွေ၊ စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ စစ်တပ်ကိုဘောမနေတဲ့ Non CDM တွေရဲ့ လုပ်ငန်းတွေကို Boycott သေချာလုပ်ကြပါ။ တစ်နေ့ထဲ တစ်ရက်ထဲအတွက်မဟုတ်ဘဲ ရေရှည်လုပ်ရမှာဖြစ်တယ်။

အလားတူပဲ စစ်အာဏာရှင်တွေ၊ သူတို့ရဲ့အမျိုးအနွယ်တွေ၊ သူတို့ကို အလုပ်အကြွေးပြု‌နေတဲ့ Non CDM တွေကို Social Punishment သေချာလုပ်ရပါမယ်။ ဘာကြောင့်နဲ့မှ ကျည်ဆံဖိုးတွေ ထပ်မပေးသင့်သလို၊ လူသတ်သမားအားပေးတွေနဲ့ ပတ်သက်စရာအကြောင်းမရှိပါဘူး။


တချို့သူတွေဟာ တော်လှန်ရေးလုပ်နေပေမယ့် Red Ruby လက်ကမချ၊ မြန်မာဘီယာမှ ခံတွင်းတွေ့၊ Mytel ဆင်းကတ်ကို တန်လို့ဆိုပြီး သုံးနေကြတာတွေ့နေရလို့ အခုလို ထပ်မံသတိပေးရတာဖြစ်ပါတယ်။

နောက်တစ်ချက်က CDM ဖြစ်ပြီး Non CDM တွေနဲ့ ပလူးနေတဲ့ကိစ္စပါ။ Boycott နဲ့ Social Punishment တောင် သေချာမလုပ်ဘဲ လူတစ်ယောက်ယောက်သေတော့မှ မအလကို ထ ဆဲနေကြတဲ့သူတွေဟာ အင်မတန်ရယ်စရာကောင်းပါတယ်။

အပြစ်ရှိတဲ့သူကို အပြစ်ပေးတာ၊ ရှုတ်ချတာ၊ အပြစ်မရှိတဲ့သူကို အကာအကွယ်ပေးတာ၊ ကောင်းတာလုပ်တဲ့သူကို ချီးကျူးတာ/အသိအမှတ်ပြုတာတွေဟာ လောကပါလတရားတွေဖြစ်ပါတယ်။

လောကပါလတရားဆိုတာ နတ်တွေကပဲစောင့်ရှောက်တာမဟုတ်ဘူး။ လူတွေကလည်း စောင့်ရှောက်ရတာဖြစ်တယ်။ ဒါမှသာ လူ့အဖွဲ့အစည်းဟာ နေချင့်စဖွယ်ဖြစ်မှာပါ။ ပိုကောင်းတဲ့လူ့အဖွဲ့အစည်း(Better Society) တစ်ခု ဖြစ်လာမှာပါ။

Boycott လုပ်ခိုင်းတယ်၊ Social Punishment (SP) လုပ်ခိုင်းတယ်ဆိုတာ အဲဒါတွေကြောင့်ဖြစ်တယ်။ ကိုယ်ချစ်တဲ့သူ၊ ကိုယ်နဲ့ရင်းနှီးတဲ့သူကိုကျ ” သူ့ကိုတော့ ခွင့်လွှတ်လိုက်ပါ၊

သူက မိသားစုကြောင့်ပါ၊ သူက CDM မလုပ်တာကလွဲရင် အားလုံးကောင်းပါတယ် ” သွားလုပ်လို့မရပါဘူး။ တော်လှန်ရေးလုပ်ရင် ရန်ငါ ပြတ်ရတယ်။ ကလေးကစားသလို လုပ်လို့မရဘူး။

သံယောဇဉ်ကြီးတာတွေ၊ ပေါင်းစရာ ဒီလူပဲရှိတာတွေ လုပ်လို့မရပါဘူး။ အပြစ်မဲ့ပြည်သူတစ်ယောက် သေဆုံးတိုင်း၊ ဘဝပျက်တိုင်း မအလစစ်တပ်မှာ တာဝန်ရှိတယ်။ မအလစစ်တပ်ကို အလုပ်အလုပ်အကြွေးပြုနေတဲ့ Non CDM တွေမှာ တာဝန်ရှိတယ်။ အဲဒါကို ဘယ်တော့မှမမေ့ပါနဲ့။


အခုဟာက CDM လုပ်ပြီး၊ တော်လှန်ရေးလုပ်နေပြီး Non CDM တွေနဲ့ ပလူးနေတာ၊ ဆိုရှယ်မီဒီယာပေါ်မှာ အပြန်အလှန် ကွန်းမန့်ပေးနေကြတာ၊ Non CDM တွေ ရာထူးတိုးတာကို Congratulations သွားလုပ်နေတာ၊

မင်္ဂလာဆောင် ဓာတ်ပုံတွေအောက်မှာ Love Reactions တွေ သွားပေးနေကြတာမြင်ရတော့ သေသွားတဲ့သူတွေကို အားနာမိတယ်။ စိတ်မကောင်းဖြစ်မိတယ်။

ပြောချင်တာကလေ လက်နက်မကိုင်နိုင်လို့လည်း လိပ်ပြာမလုံ မဖြစ်နဲ့။ တောထဲမလာနိုင်လို့လည်း မျက်နှာမပူပါနဲ့။ တစ်ခုပဲ သေချာမှာချင်တာက တော်လှန်ရေးအတွက် လုပ်သင့်တာကိုလုပ်ပြီး၊ မလုပ်သင့်တာကို မလုပ်ဖို့ပါဘဲ။

လုပ်သင့်တာတွေက click စရာရှိတာ click၊ တော်လှန်ရေးသမားတွေကို လှူ၊ စစ်ကောင်စီကို ဆန့်ကျင်၊ တော်လှန်ရေးအောင်ဖို့ကိစ္စတွေလုပ်။ မလုပ်သင့်တာတွေက စစ်တပ်ကို ကျည်ဆံဖိုးတွေမပေးဖို့၊ သူ့အာဏာသက်တမ်းရှည်အောင် မလုပ်ဖို့နဲ့၊ သူ့ကို အလုပ်အကြွေးပြုနေတဲ့ Non CDM တွေနဲ့ လုံးဝ အရောမဝင်ဖို့ဘဲ ဖြစ်ပါတယ်။

‌အပြစ်မဲ့ပြည်သူတစ်ယောက် အသတ်ခံရမှ၊တော်လှန်ရေးရဲဘော်တစ်ယောက် ကျဆုံးတော့မှ RIP လုပ်ခြင်းထက် Boycott နဲ့ SP လုပ်ခြင်းဟာ တော်လှန်ရေးအတွက် ပိုပြီးအကျိုးရှိစေပါတယ် ………..

မိုးခ