ၾကားသိသမွ်

အာဏာရှင်များ၏ အနိုင်ကျင့် စော်ကားမှုများကို လူးလိမ့်အောင်ခံနေရသော နိုင်ငံများ

၂၀၂၁ ခုနှစ်သည် အာရှတွင်ရှိ တရားမျှတ လွတ်လပ် ပွင့်လင်းစွာ နေခဲ့ကြရသော လူ့အစည်းအရုံးများ အတွက် နက္ခတ် မကောင်းသော နှစ်ဟု ဆိုရမည် ဖြစ်သည်။

သုတေသီ အချို့က “ဒီမိုကရေစီ ကပ်ကြီးဆိုက်ခြင်း” ဟုပင် ကင်ပွန်းတပ် ပြောဆိုလာခဲ့ကြသည်။ သို့သော် အာရှ လူ့အစည်းအရုံးကြီးသည် နဂိုကမှ သောင်းပြောင်းထွေလာ ရောယှက်ရှုပ်ထွေးနေသော စနစ် များ အောက်တွင် ရှင်သန်လာခဲ့ရသည်ကို ကြည့်က ကပ်ဆိုက်ခြင်း ဆိုသည့် အသုံးအနှုံးသည် ရာနှုန်းပြည့် မှန်ကန်သည်ဟု ဆို၍တော့ မရပေ။

သို့သော် ထိုအထဲတွင် ဒုက္ခပေါင်းများစွာကို ခါးစည်းခံခဲ့ရသည်က မြန်မာနိုင်ငံပင် ဖြစ်သည်။ ဖေဖေါ်ဝါရီလ တွင် နိုင်ငံတွင်း ရှိ စစ်တပ် အကြီးအကဲမှ အာဏာသိမ်းယူ လိုက်ခြင်းနှင့် အတူ နှစ်ပေါင်းများစွာ ခဲရာခဲဆစ် တည်ဆောက်ရယူခဲ့ရသည့် ဒီမိုကရေစီ အကျိုးခံစားခွင့်များ လုံးဝ ကွယ်ပျောက်သွားခဲ့ရပေ၏။


မင်းအောင်လှိုင်သည် အသိတရား ခေါင်းပါးလှစွာဖြင့် ထိုသို့သော အခြေအနေကို သမိုင်းမတင်မီ ကာလများရှိ ဖခင်အုပ်စိုးသော၊ မိခင် အုပ်စိုးသော ခေတ် များကုဲသို့ စစ်တပ် အုပ်စိုးသောခေတ် အဖြစ် စည်းကမ်းသေဝတ်သည့် လူ့ဘောင်ကြီး ထဲ ပြန်လည်သွတ်သွင်းရန် ကြိုးပမ်းလာခဲ့သည်။

လက်တွေ့တွင်တော့ ၎င်း၏ တပ်များက လက်နက်မဲ့လူထုကို သတ်ဖြတ်လာနေကြပြီ ဖြစ်၍ ပြည်ပရင်းနှီးမြုပ်နှံသူများ တိုင်းပြည်မှ ထွက်ပြေးကုန်ကြပြီး စီးပွားရေးသည်လည်း ပြိုလဲသွားခဲ့ရသည်။ မင်းအောင်လှိုင်သည် တိုင်းပြည်ကို သူ ကြံစည်ထားသလို စုစည်း နိုင်ဖို့ ဝေးစွ၊ အလျင်အမြန် ပြိုကွဲအောင် လုပ်ပေးနေသလို ဖြစ်လာရသည်။

အရှေ့တောင်အာရှ အနေနှင့် မြန်မာသည် အိမ်နီးချင်း ထိုင်းနိုင်ငံ ပြီးလျှင် ဒုတိယမြောက် စစ်အာဏာသိမ်းခံရသော နိုင်ငံ ဖြစ်လာသည်။ ၎င်းကဲ့သို့ပင် အသိ ညဏ် ပညာ ပိုင်းတွင် ချို့တဲ့နေသော (ယခု အငြိမ်းစား) ဗိုလ်ချုပ်ကြီး ပရာရွတ် ချန်အိုချာ လက်အောက် ကျရောက်သွားခဲ့ရသည်။

ထိုသို့ အသိညဏ်ပညာ တွင် သူမသာ ကိုယ်မသာ ဖြစ်နေသည့်ကြားမှ မင်းအောင်လှိုင်သည် ပရာရွတ်အား ဒီမိုကရေစီ ရှင်သန် ဖွံ့ဖြိုးအောင် မည်သို့ လုပ်ရမည်ကို အကြံညဏ်ပေးပါရန် အကူအညီ တောင်းခဲ့မှု သည် ၂၀၂၁ အတွက် စိတ်ပျက်စရာ အကောင်းဆုံး ဟာသ တခု အဖြစ် ပြောစမှတ် တွင်ခဲ့ပြန်သည်။

အာဆီယံ အဖွဲ့ဝင် ဆယ်နိုင်ငံကို ဆန်းစစ်ကြည့်မည်ဆိုက လာအို နှင့် ဗီယက်နမ်သည် လီနင်ဝါဒီ အာဏာရှင်များ လက်အောက်တွင် ရှိနေပြီး ခပ်ရွဲ့ရွဲ့ ပြောရလျှင် စင်္ကာပူ ကိုပါ ထိုနှစ်နိုင်ငံ နှင့် တတန်းစားထဲ ထား၍ ရပေသည်။

ဘရူးနိူင်းက လက်ဖြတ်ခေုဖြတ်၊ ကြာပွတ်နှင့် ရိုက်၍ အပြစ်ဒဏ် စီရင်သည့် သက်ဦးဆံပိုင် ဘုရင်စနစ်၊ ကမ္ဘောဒီယား ကြည့်ပြန်လည်း ဟွန်ဆန်၏ ၃၇ နှစ်ကြာ အုပ်ချုပ်‌မှုအောက်တွင် မွဲတေဆင်းရဲ နေသည်၊ အန်ကော ခေတ် ရှေးဘုရင်များလို ဆုတော်လာဒ်တော်များ ချီးမြှင့်ပြီး မြှောက်စားတတ်သူ ဖြစ်သည်။

သောင်ရင်းမြစ်ကို ဖြတ်ကူးကာ တိမ်းရှောင်နေကြရသော ပြည်သူများ၏ ဘဝ

ဒီမိုကရေစီ ကို မည်ကာမတ္တာ ကျင့်သုံးနေသော ကျန် အဖွဲ့ဝင် နိုင်ငံများထဲတွင် ဖီလစ်ပိုင် တွင် သမ္မတ ဒူတာတေး သည် တရားစီရင်ရေး နှင့် စာနယ်ဇင်းများကို ချမ်းသာပေးလေ့မရှိပဲ တိုက်ခိုက်တတ်သူ ဖြစ်သည်။

အင်ဒိုနီရှား တွင် သမ္မတ ဂျိုကိုဝီသည် အင်တာနက် ဥပဒေကို အသုံးချပြီး ဝေဖန်သူများကို အသံတိတ်သွားအောင် ပြုလုပ်လေ့ရှိသည်။ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်အားလည်း အစွယ်ချိုးထားခဲ့ပြန်သည်။

မလေးရှားသည်၂၀၁၈ ခုနှစ် အတွင်း အကျင့်ပျက် ခြစားမှု များနှင့် မကင်းလှသော အာဏာရ ပါတီကို ဖယ်ရှားခဲ့ပြီးနောက် စတင်ခဲ့သော အသွင်ပြောင်းလဲရေး လှုပ်ရှားမှုသည်လည်း ‌ကျော်မကောင်း ကြားမကောင်း ဖြစ်ခဲ့ရသည့် အပေးအယူများနှင့် အဆုံးသတ်သွားခဲ့ရသည်။
၂၀၂၁ တွင် ပြုပြင်ပြောင်းလဲရေး သမားများက ၎င်းတို့ အာဏာမှ ဖယ်ရှားပြစ်နိုင်ခဲ့သော ပါတီနှင့် ပူးပေါင်းကာ အစိုးရသစ် ကို ဖွဲ့စည်းလာခဲ့ကြသည်။

တောင်အာရှ အနေအထားသည်လည်း မကောင်းလှ၊ အာဖဂန် နစ္စတန် တွင် မူးယစ်ဆေး တင်ပို့ရောင်းချနေသော ဘာသာရေး သမားများက အာဏာကို ဆုပ်ကိုင်လာနိုင်ခဲ့သည်၊ သီရိလင်္ကာတွင် သမ္မတ ရာဂျာပါစကာ နှင့် ညီအကိုများသည် နိုင်ငံကို မိသားစု အုပ်ချုပ်ခံ အဖြစ် တစိုက်မတ်မတ် ကြိုးပမ်းနေကြသည်။

အိန္ဒိယ တွင်လည်း ဝန်ကြီးချုပ် နာရန်ဒါ မိုဒီသည် ၎င်းအား ဝေဖန်သူများ ရပ်တည်၍ မရအောင် အစဉ်တစိုက် ကြိုးပမ်းနေပြီး ဘာသာရေး တင်းမာမှုများ ဖြစ်အောင်လည်း မီးထိုးပေးနေသည်၊ ပါလီမန်၏ အစိုးရ အပေါ် ထိန်းချုပ်နိုင်သည့် အဖွဲ့အစည်းများ အားလည်း သင်္ကြန် အမြှောက်သာသာ အဖြစ်ရောက်အောင် ဖန်တီးလာသည်။


ဝန်ကြီးချုပ် နာရန်ဒါ မိုဒီ

မိုဒီသည် အင်ပိုင်ယာ ထူထောင်ရန် ရည်ရွယ်ပြီး နယူးဒေလီကို ပြန်လည် ပုံဖေါ်ရန် ကြိုးပမ်းနေမှု သည် ပါလီမန် အဆောက်အအုံဟောင်းကြီးအား ဒီမိုကရေစီ ပြတိုက်ကြီး အဖြစ် ထားရှိလာခဲ့မှု နှင့် အတူ သိသာ မြင်သာ ဖြစ်လာခဲ့ရပြန်သည်။

ကိုဗစ် ကူးစက်ရောဂါကြီးကြောင့်လည်း အာဏာရှင် စရိုက် လက္ခဏာများ နိူးထလာအောင် လှုံ့ဆော်ပေးသလို ဖြစ်ခဲ့ရပြန်သည်။ စီးပွားရေးကဲ့သို့ ဒီမိုကရေစီသည် နာလံပြန်ထူလာနိုင်သည်ဟု တပ်အပ်သေချာ မပြောနိုင်သော်လည်း တိုးတက်မှုများ ပြန်ရရန် အလားအလာ ရှိနေသည်ဟု ဆိုနိူင်သည်။

ဒီမိုကရေစီသည် အာရှ နိုင်ငံ အတော်များများတွင် အခိုင်အမာ အမြစ်တွယ်နေပြီသား ဖြစ်၍ အာဏာရှင် ဆန်လိုသူများ ခေတ် ကုန်ဆုံးသွားက တဖန် ပြန်လည် အစပျိုးနိုင်ပေသည်။ ဥပမာ ၁၉၇၅ နှင့် ၁၉၇၇ အကြား အိန္ဒိယ တွင် အင်ဒီရာ ဂန္ဒီ၏ အရေးပေါ် အုပ်ချုပ်မှု အဆုံးသတ် သွားပြီးနောက် ဒီမိုကရေစီ ပြန်လည် ခေါင်းထောင်လာနိုင်ခဲ့ခြင်းမျိုး ပင် ဖြစ်သည်။

အင်ဒိုနီးရှားတွင်လည်း ဂျိုကိုဝီ၏ နောက်ပြန်သွားနေမှုများ ရှိသော်လည်း အနာဂတ်တွင် တရားမျှတသော ရွေးကောက်ပွဲများ ဖြစ်လာရေးအတွက် အလားအလာ ကောင်းများ ရှိနေဆဲ ဖြစ်သည်။


သောင်ရင်းမြစ်ကို ဖြတ်ကူးကာ တိမ်းရှောင်နေကြရသော ပြည်သူများ၏ ဘဝ

ထိုသို့ ဒီမိုကရေစီ ပြန်လည် အားကောင်းလာရန် အဓိက မျှော်လင့်၍ ရနေသည်က လူငယ်များကြောင့်ပင် ဖြစ်သည်။ လူငယ်များသည် ၎င်းတို့ လူဖြစ်ကြီးပြင်းလာသည့် လူ့အစည်းအရုံးကြီးတွင် မသမာမှုများ လွှမ်းနေသော နိုင်ငံရေးစနစ်၊ အကျင့်ပျက်ခြစား‌မှုကို

မြေတောင်မြှောက်ပေးနေသည့် စီးပွားရေး နှင့် အလုပ်အကိုင် အခွင့်အလန်းများ ရှားပါးလာနေမှုတို့ကို အထူးပင် စိတ်ကုန်ခမ်း ရွံရှာ မုန်းတီးနေကြသူများ ဖြစ်နေသော အင်အားစုကြီး အဖြစ် ပေါ်ထွန်းလာနေပြီ ဖြစ်သည်။

၂၀၂၂ တွင် မလေးရှားသည် မဲပေးနိုင်သည့် အသက်ကန့်သတ်ချက်ကို လျော့ချတော့မည် ဖြစ်၍ လူငယ် မဲဆန္ဒရှင် အရည်အတွက်သည် သုံးပုံတပုံခန့် အထိ ကြီးထွားလာပေတော့မည်။

တရုတ် ကဲ့သို့ အာဏာရှင် နိုင်ငံကြီး တနိုင်ငံမှ ဒီမိုကရေစီ အင်အားချိနဲ့သွားအောင် လုပ်လာမည် ဆိုသည်က ချဲ့ကား ပြောဆိုခြင်း ဖြစ်နိုင်ပေသည်၊ လက်ရှိ တရုတ်၏ ဗိုလ်ကျ အနိုင်ကျင့် မှုကို ခံနေရသော တိုင်ဝမ်သည် တကယ်တမ်းတွင် ဒီမိုကရေစီ မီးရှူးမီးတိုင်တခုဟု ယူဆ၍ မရပြန်ပေ၊ အလားတူပင် အမေရိကန်သည် ဒီမိုကရေစီ ထိပ်သီး ညီလာခံ ကြီး ခေါ်ယူ ကျင်းပခဲ့သော်ငြားလည်း စကားအရာထက် မပိုခဲ့ပြန်ပေ။

အာရှရှိ လစ်ဘရယ်ဝါဒီများက အမေရိကန်သည် ဒီမိုကရေစီ အတွက် ရှေ့ဆောင် ရှေ့ရွက် ပြုမည့် သဘော မရှိပဲ တွဲလောင်းခိုနေသည့် အဆင့်တွင်သာ ရှိနေသည်ကို ကောင်းစွာ သဘောပေါက်နေကြပြီ ဖြစ်သည်။

ထိုသို့သော အနေအထားများကြောင့် အခြားနေရာများရှိ တည်ငြိမ်သော ဒီမိုကရေစီ စနစ်ကို ကျင့်သုံးနိုင်နေကြသော နိုင်ငံများက လွတ်လပ်သော သတင်းမီဒီယာများကို မြေတောင်မြှောက်ပေးခြင်းဖြင့် အကူ အညီပေးနိုင်ကြသည်။

ဖီလစ်ပိုင် ရှိ Rappler သတင်းမီဒီယာ မှ မာရီယာ ရီဆာ အား နိုဘဲလ် ဆု ချီးမြှင့်ခံခဲ့ရမှု အပေါ် သူမအား အမြဲလို ရန်လို နှောက်ယှက်နေသည့် ဒူတာတေးပင် မဖြစ်မနေ ထုတ်ဖေါ်ချီးကြူးလာခဲ့ရသည် မဟုတ်ပါလား။

အထက်ပါဆောင်းပါးကို ဂရုတစိုက် ဖတ်ရှု့ကြည့်မည် ဆိုက ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်သော မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား နှင့် သီရိလင်္ကာ နိုင်ငံများရှိ ပြည်သူများသည် အာဏာရှင်များ၏ အနိုင်ကျင့် စော်ကားမှုများကို လူးလိမ့်အောင် အခံရဆုံးသူများ ဖြစ်နေသည်ကို သိရှိနိုင်ပေမည်။

(ပုံတွင် စစ်တပ်မှ လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်နေမှုကြောင့် သောင်ရင်းမြစ်ကို ဖြတ်ကူးကာ တိမ်းရှောင်နေကြရသော ပြည်သူများ၏ ဘဝကို မြင်တွေ့နိုင်ပေသည်)

(၂၀၂၁ ‌ဒီဇင်ဘာ ၁၈ ရက်နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်းပါ “Democracy declined across Asia in 2021” ဆောင်းပါးမှ ထုတ်နှုတ်တင်ပြထားခြင်း ဖြစ်သည်)

Hla Soe Wai

Credit;LM

လေးကေ့ကော်မြို့သစ်အနီးရှိ ဖလူးစစ်ဘေးရှောင်စခန်း (ရုပ်သံ)