ၾကားသိသမွ်

ပြေးပေါက် ရှာရတော့မယ့် စစ်ကောင်စီ နှင့် အလိုတော်ရိများ

ပြီးခဲ့သည့် ရက်ပိုင်းများ အတွင်းက ယဉ်ကျေးသော လူ့အသိုက်အဝန်းကြီး တခုလုံး အား တုန်လှုပ်ချောက်ချား သွားစေသည့် ဖြစ်ရပ်များက မြန်မာပြည်တွင် ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာခဲ့သည်။

အကြမ်းဖက် စစ်တပ်မှ နိုင်ငံ၏ အထင်ကရ မြို့ကြီး ဖြစ်သည့် ရန်ကုန်တွင် နေ့လည်ကြောင်တောင် လူအများ မြင်ကွင်းမှာ မိမိတို့၏ ယုံကြည်ချက် ကို ထုတ်ဖေါ် ကြွေးကြော်နေကြသော လူငယ်လေးများအား လူစိတ် ကင်းမဲ့စွာ နောက်မှ ကားဖြင့် တိုက်သတ်ပြီး ဒဏ်ရာရသူများကို ဖမ်းဆီးခေါ်ဆောင်သွားကြခြင်း။

ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတကြီး ဦးဝင်းမြင့်တို့အား လုပ်ကြံဖန်တီးထားသော ပြစ်မှုများ ဖြင့် ထောင်ဒဏ်များ ချမှတ်လိုက်ကြခြင်း။

စစ်ကိုင်းတိုင်း ဆားလင်းကြီး မြို့နယ်အတွင်း ဒုန်းတောကျေးရွာတွင် ရွာသား ၁၁ ဦးအား ကြိုးများဖြင့် တုတ်နှောင် ကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ပြစ်ခဲ့ခြင်း အစရှိသည့် ထိတ်လန့်ချောက်ချားဖွယ် သတင်းကြီးများက ထွက်ပေါ်လာခဲ့သည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံတကာ၏ ယခု အချိန်အထိ အာဏာသိမ်း အကြမ်းဖက် အဖွဲ့ကို စီးပွားရေး၊ သံတမန်ရေး အရ ဒဏ်ခတ် ပိတ်ဆို့ခြင်း များသည် ၎င်းတို့ အား ပန်း နှင့် ပေါက်သလိုသာ ရှိနေဆဲ ဖြစ်ကြောင်းကို အထင်အရှား ပြဆိုလိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီသည် စတင် အာဏာသိမ်းစဉ်ကပင် ၎င်းတို့ အကျိုးစီးပွားကို ကာကွယ်ရန် သက်သက် ရည်ရွယ် ထားခဲ့ခြင်း ဖြစ်ပြီး တိုင်းပြည်အား အုပ်ချုပ်သွားနိုင်ရေးမှာ ဒုတိယ အဆင့်တွင်သာ ထားရှိခဲ့သူများ ဖြစ်ပေသည်။

၎င်းတို့ထံ အမှုတော်ထမ်းနေကြသော အလိုတော်ရိ ဝန်ကြီးဆိုသူများကမူ ထိုကဲ့သို့ စဉ်းစားကြခြင်း မရှိဘဲ တိုင်းပြည်ကို တိုးတက်အောင် လုပ်ပြနိုင်သည်ဟု အစွမ်းပြချင်ကြသူများ ဖြစ်ကြသည်။

သို့သော် နဂိုကတည်းက မိမိတို့ စည်းစိမ်ဥစ္စာများကိုသာ ကာကွယ်ရန် ဆန္ဒရှိနေသော စစ်ဗိုလ်ချုပ်များက လူများ စွာ သတ်ပြီး သူတို့ လက်နှင့်ရေးသည်ကို ၎င်းတို့က ခြေ နှင့် ဖျက်ပစ်နေကြသည်။

စစ်ဗိုလ်ချုပ်များသည် ထိုကဲ့သို့ ၎င်းတို့ အာဏာ တည်မြဲရေး နှင့် စည်းစိမ်ခံစားနိုင်ရေး ဆိုသည့် ကွက်ကွက် ကလေး လောက်ကိုသာ မိုက်မဲစွာ ကြည့်ရှုတတ်ကြသူများ ပီပီ နိုင်ငံတကာမှ စီးပွားရေး၊ သံတမန်ရေးအရ ပိတ်ဆို့ ဒဏ်ခတ်ခြင်း ဖိအားပေးခြင်းများ လျော့ပါးသွားစေရန် သက်သက်ဖြင့် တော့ မည်သည့်အခါမျှ အလျော့ပေးကြမည် မဟုတ်ပေ။ ထိုအတွက်ကြောင့်လည်း စစ်အာဏာရှင် အဆက်ဆက်သည် နိုင်ငံတကာ ဖိအားများကို အမှုမထားဟု ကျော်ကြားနေသူများ ဖြစ်သည်။

၎င်းတို့ အား အကြီးအကျယ် တုန်လှုပ်သွားစေမည့် လုပ်ရပ်တခုတော့ ကျန်‌နေပေသေးသည်။ ဤသည် မှာ နိုင်ငံတကာ မှ အမျိုးသား ညီညွတ်ရေး အစိုးရကို တရားဝင် အသိအမှတ်ပြု ဆက်ဆံ လာကြခြင်း မျိုးပင် ဖြစ်သည်။

ထိုသို့ ပြုလုပ်ခြင်းသည် မနာလို ဝန်တိုစိတ် အားကြီးလှသော စစ်ဗိုလ်ချုပ်များကို စီးပွားရေး အရ အခါ တရာ ပိတ်ဆို့သည်ထက် ပို၍ ထိရောက်သော လက်နက်ကြီး ဖြစ်သည်ကို နိုင်ငံတကာ မှ သဘောပေါက်သင့်ပေသည်။

ထို့အတွက်ကြောင့် ကုလသမဂ္ဂ ဆိုင်ရာ မြ့န်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တိုင်းပြည်အား စီးပွားရေးတွင် အကူအညီများ အလုံးအရင်း နှင့် ပေးနေသော ဂျပန် အစိုးရအား NUG ကို အသိအမှတ်ပြုပါရန် စာရေးပြီး တရားဝင် ပန်ကြားခဲ့ခြင်းလည်း ဖြစ်သည်။

နိုင်ငံတကာ အနေဖြင့် သံရုံးများ အပိတ်ခံရပါကလည်း ခေတ္တခဏမျှသာ မြန်မာ နှင့် အဆက်အဆံ မလုပ်နိုင် ရုံသာ ရှိပေမည်။ ထိုအရေး ကို စိတ်ပူပန်နေကြ၍သာ ယခုအချိန်ထိ စဉ်းစားနေကြခြင်း ဖြစ်ပုံရသည်။ အတော် များများကလည်း အခြေအနေများကို စောင့်ကြည့်နေလိုဟန် ရှိသည်။ ဆက်ဆံမှု ရှိထားမှသာ မြန်မာ အရေး အတွက် တနည်းမဟုတ် တနည်း ဩဇာသက်ရောက်နိုင်သေးသည်ဟု စိတ်ကူးယဉ်နေကြဆဲဖြစ်သည်။

NUG အား အသိအမှတ်ပြုပြီး နိုင်ငံတကာ အစည်းအဝေးများသို့ မြန်မာ ကိုယ်စားပြုပြီး တက်ရောက်ခွင့် ပေါ်ပေါ်တင်တင် ရရှိသွားမည် ဆိုက စစ်တပ်အား ထောက်ခံနေကြသူ ကျွန်ရူးများ၊ အလိုတော်ရိများ နှင့် အောက်ခြေစစ်သည်များအဖို့ ဆောက်တည်ရာမရ ဖြစ်ကုန်ကာ ပြေးပေါက် ရှာလာကြတော့မည်ဖြစ်သည်။

လက်ရှိတွင် စစ်ခေါင်းဆောင်များသည် ၎င်းတို့လည်း မတက်ရ၊ NUG လည်း မတက်ရ၍ ရှက်ရ ကောင်းမှန်း မသိသူများ ပီပီ မည်သို့မျှ စိတ်ထဲတွင် မရှိ။ အကယ်၍ NUG တက်ရောက်ခွင့် ရမည်ဆိုလျှင် မည်မျှ အထိ တုန်လှုပ်ချောက်ချားသွားမည်ဆိုသည်မှာ ပြောရန်ပင် မလိုပေ။

NUG သည် နိုင်ငံတကာ အသိအမှတ်ပြုသည့် တရားဝင် အစိုးရ ဖြစ်လာပါက ပြည်ပ အဖွဲ့အစည်းများထံမှ လိုအပ်သော ငွေများ တရားဝင် ချေးငှားခွင့် ရမည် ဖြစ်သည့် အပြင် အမေရိကန်တို့ ထိန်းချုပ်ထားသော ဒေါ်လာ တစ်ဘီလီယံ ကိုလည်း ထုတ်ယူခွင့် ရရှိသွားပေမည်။

စစ်အာဏာရှင်များသည် အခွန်ကောက်ခံ မရရှိမှုများ နှင့် အလိုတော်ရိများ၏ က‌ပေါက်တိ ကပေါက်ချာ စီမံ ခန့်ခွဲမှုများကြောင့် ပြည်တွင်း ငွေ‌ကြေး အကြပ်အတည်း ကြုံလာနေရမှုကို ငွေစက္ကူ များ ရိုက်နှိပ်၍ အမြန် ကုစားနိုင်ရန် ဥဇဘက်သစ်စတန် လေကြောင်းလိုင်းဖြင့် စုစုပေါင်း တန်ချိန် ၃၅ တန် အလေးချိန်ရှိ စက္ကူသေတ္တာ ၉၂ လုံး တင်သွင်းလာပြီ ဖြစ်သည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြလာသည်။

ကုလ လုံခြုံရေး ကောင်စီမှလည်း ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတကြီး ဦးဝင်းမြင့် တို့အား မဟုတ်တန်းတရား ပြစ်ဒဏ်စီရင်မှုကို ရှုတ်ချကြောင်း နှင့် စိုးရိမ်ပူပန်ကြောင်း ကြေညာချက် ထုတ်ပြန်လာသည်။ လုံခြုံရေး ကောင်စီ သည် မြန်မာ ပြည်သူများ အတွက် ပျက်လုံးကြီးမျှသာ ဖြစ်လာနေပေသည်။

မည်သူကမျှလည်း အရေးတယူ လုပ်၍ ခေါင်းထဲထည့်မနေကြတော့၊ အချို့ကလည်း ရန်ကုန်ရှိ အနောက်တိုင်း သံရုံးများကို အမြဲလို အစိုးရိမ် ကြီးလွန်းနေ၍ ရှူဆေးဘူးများ ပို့ပေးရန် စိုင်းပြင်းလာနေကြသည်။

စစ်ဗိုလ်ချုပ်များသည် ၎င်းတို့ အတွက် နိုင်ငံကို အစိုးရသဖွယ် အုပ်ချုပ်သွားနိုင်ရေးသည် အဓိက နေရာတွင် ထားကြသူများ မဟုတ်၊ ၎င်းတို့ အသက် စည်းစိမ်ဥစ္စာတည်မြဲရေးကိုသာ ပဓာန ထားကြသူများ ဖြစ်၍ ထိုအရေးကို ထိခိုက်စေမည့် ပါးစပ်နှင့် ပြည်ပမှ ဖိအားပေးမှုများကို မည်သို့မျှ လိုက်လျောမည် မဟုတ်ဆို သည်ကို ပြည်သူများက သဘောပေါက် လာကြပြီ ဖြစ်၍ မိမိတို့ အရေးကို မိမိတို့ဖာသာ ဖြေရှင်းရန် တော်လှန် ရေးကို အရှိန်မြှင့်တင်လာနေကြပြီ ဖြစ်သည်။

နိုင်ငံတကာမှ ထိုသို့ တုန့်နှေးနေခြင်းများကြောင့် မြန်မာသည် အင်အားကြီး နိုင်ငံများကြား အားပြိုင်စရာ နေရာ ဖြစ်လာနေပြီး တဖက်တွင် ရုရှား အတွက် အရှေ့တောင်အာရှတွင် ခြေကုပ်တခု ရရှိသွားတော့မည် ဖြစ်သည်။

နိုင်ငံတကာ အနေဖြင့် ယခုအချိန်အထိ မယိမ်းမယိုင် နှင့် တိုးတက်မှုများ ဖေါ်ဆောင်လာနေသည့် NUG အစိုးရ အား ခေတ်သစ် မြန်မာကို ဦးဆောင်မှု ပေးနိုင်သည်အထိ အရေးပါလာသည့်အဖြစ်၊ လူထု၏ ထောက်ခံမှု အပြည့်အဝ ရရှိထားသည့် အဖြစ်၊ တို့ကို အသိအမှတ် ပြုရန် တုံ့နှေးနေကြဆဲ ဖြစ်သည်။

အဓိက ကတော့ အမေရိကန်ပင် ဖြစ်သည်။ အမေရိကန် သည် NUG အား တရားဝင် အသိအမှတ်ပြုပြီး ကမ္ဘာ ဒီမိုကရေစီ တိုးတက် ပြန့်ပွားရေး အတွက် မည်မျှ အလေးအနက် ရှိသည် ဆိုသော ခေါင်းဆောင်မှုကို အခိုင်အမာ ပြသ နိုင်မည် ဆိုက နိုင်ငံအများအပြားမှာ နောက်က လိုက်လာကြမည်သာ ဖြစ်သည်။

လောလောဆယ်တွင် အမေရိကန် နှင့် အီးယူသည် မြန်မာ အတွက် စစ်မှန်ပြီး အဓိပွါယ် ရှိသော နိုင်ငံရေး ဆွေးနွေးပွဲများ တွင် NUG နှင့် CRPH သည် အဓိက နေရာ မှ မဖြစ်မနေ ပါဝင်ရမည်ဟူသော မူကို လက်ခံ ထားသည့် အဆင့်တွင်ပင် ရှိနေပေသေးသည်။

နောက်ထပ် ရရှိသော သတင်းအရ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်သည် ဆိုးဝါးလာနေ သော မြန်မာ အကြပ်အတည်းကို ထပ်မံဖြေရှင်းနိုင်ရန် နှင့် တရုတ်ကို ရင်ဆိုင်ရာတွင် အရှေ့တောင် အာရှ နိုင်ငံ များ၏ အရေးပါပုံကို ပြသရန် ဒေသတွင်း သို့ နောက်အပတ်တွင် ရောက်ရှိလာမည် ဖြစ်ပြီး အင်ဒိုနီရှား၊ မလေးရှား နှင့် ထိုင်းနိုင်ငံများသို့ သွားရောက်မည်ဟု သိရသည်။

ထို့ကြောင့် တလ အတွင်း ထိုင်းနိုင်ငံသို့ မြန်မာ အရေး အတွက် အမေရိကန်မှ အဆင့်မြင့် အရာရှိကြီး သုံးဦး ဆက်တိုက်ဆိုသလို ရောက်ရှိလာနေခြင်းဟု ဆို၍ ရပေသည်။

မင်းအောင်လှိုင် အဖို့မှာ ကမ္ဘောဒီယားလို နိုင်ငံမျိုးကိုပင် ၎င်းအား အစည်းအဝေး တက်ခွင့်ရအောင် လုပ်ပေး ပါရန် အညံ့ခံ တောင်းဆိုနေရသည့် အဆင့်တွင် ရှိနေပေသေးသည်။

ကမ္ဘောဒီယားသည်လည်း ၎င်းတို့အား လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ တရုတ်ဩဇာခံ ဖြစ်နေမှုများ အတွက် အမေရိကန်မှ လက်နက်ရောင်းချမှု ပိတ်ပင်လိုက်ပြီ ဖြစ်၍ အန်ကယ်ဆမ် အား စိတ်ကသိကအောင့် ဖြစ်ရန် မင်းအောင်လှိုင်ကို အသုံးချသွားမည်ဟု စိတ်ပိုင်းဖြတ်ထားပုံရှိသည်။

၂၀၁၉ ခုနှစ်အတွင်း ထိုင်းပင်လယ်ကွေ့ရှိ Ream ရေတပ်စခန်း အား တရုတ် လက်နက်ကိုင် တပ်ဖွဲ့များအား သီးသန့် အသုံးပြုခွင့် သဘောတူညီချက်ကို ဘီဂျင်း နှင့် ဖနွမ်းပင် အကြား လျို့ဝှက် ချုပ်ဆိုခဲ့မှုအပေါ် သိရှိ သွားခဲ့ပြီးနောက် အမေရိကန်နှင့် ဆက်ဆံရေး တင်းမာမှု အစပျိုးလာခဲ့ခြင်းလည်း ဖြစ်သည်။

ဗြိတိန် အခြေစိုက် Myanmar Accountability Project (MAP) ၏ တာဝန်ခံ ခရစ် ဂန်းနက်စ် မှ အဖွဲ့၏ စုဆောင်းရရှိထားသော မင်းအောင်လှိုင် အဖွဲ့မှ ကျူးလွန်နေသည့် ရာဇဝတ်မှုများ အတွက် သက်သေခံ အထောက်အထားများကို နိုင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာ တရားရုံး အိုင်စီစီ သို့ လွှဲပြောင်း ပေးအပ်လိုက်ပြီ ဖြစ်သည်။

အိုင်စီစီသည် လူတကာ ရွံ့မုန်းခြင်း ခံနေရသော မင်းအောင်လှိုင်နှင့် အပေါင်းအပါများအား ခုံရုံးမတင်နိုင်ပါက နောက်နောင် မည်သူကိုမှ တင်နိုင်တော့မည်လည်း မဟုတ်၍ ဖျက်သိမ်းပြစ်ဖို့သာ ရှိပေတော့သည်။

ဖေ့စ်ဘုတ်သည်ပင် အာဏာသိမ်း အဖွဲ့ ၏ တနေ့တခြား ဆိုးဝါးစွာ ကျူးလွန်လာနေသော ရာဇဝတ်မှုများ အတွက် စိုးရိမ်ထိတ်လန့်လာကာ ကြိုတင် ကာကွယ်သည့် အနေဖြင့် စစ်တပ်နှင့် ဆက်နွယ်နေသော ပြည်တွင်း ကုမ္ပဏီများ၏ အကောင့်များကို စတင် ဖယ်ရှားနေပြီ ဖြစ်သည်။ ထိုသို့ ဖယ်ရှားရာတွင် ကုလ အချက်အလက် ရှာဖွေရေး အဖွဲ့၏ အစီရင်ခံစာပါ ကုမ္ပဏီများ အားလုံးကို ဖယ်ရှားသွားမည်ဟု ဆိုသည်။

မည်သို့ပင် ဆိုစေ မြန်မာ ပြည်သူ တရပ်လုံးက မိမိတို့ အပေါ် လက်နက်အားကိုး ဖြင့် အနိုင်ကျင့် သတ်ဖြတ် နေကြသော စစ်အာဏာသိမ်း အဖွဲ့ကို မည်မျှအထိ ရွံရှာ မုန်းတီးနေကြောင်း ကမ္ဘာသိ ပြဆိုနိုင်ရန် ယနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် အပြင်မထွက် ငြိမ်းချမ်းစွာ အသံတိတ် သပိတ် ဆင်နွှဲရန် စိုင်းပြင်းနေကြပြီ ဖြစ်သည်။

မြန်မာ စစ်အာဏာသိမ်း အဖွဲ့၏ ကျူးလွန်နေသော ရာဇဝတ်မှုများအား တာဝန်ခံစေရန် နှင့် မြန်မာတွင် ဒီမို ကရေစီ ပြန်လည် ထွန်းကားလာရေး ကြိုးပမ်းသွားမည်ဟု ကြေညာချက်တွင် ပါရှိလာခဲ့သည်။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!
Hla Soewai