ကမ္ဘောဒီးယားနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော် အာဏာယူထားတဲ့ ဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာစစ်ကောင်စီနဲ့ ဆက်ဆံသွားမယ်လို့ ဒီနေ့
ပြောလိုက်ပါတယ်။
မနက်ဖြန်မှာ စစ်ကောင်စီက ခန့်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဖို့ စီစဉ်ထားသလို၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
နဲ့ တွေ့ဖို့ သူကိုယ်တိုင်လည်း နေပြည်တော်ကို သွားမယ့်အစီအစဉ်လည်း ဖြစ်လာနိုင်တယ်လို့ ဟွန်ဆန်က ပြောတဲ့အကြောင်း AFP သတင်း
မှာ ဖော်ပြထားပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ကတော့ မြန်မာဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လို့ စစ်ကောင်စီဘက်ကလည်း ဆွေးနွေးပွဲတွေကို တက်ခွင့်ရှိတယ်
လို့ တရုတ်ရန်ပုံငွေနဲ့ မတည်တဲ့ဆောက်လုပ်ရေးစီမံကိန်းတစ်ခုဖွင့်ပွဲမှာ ပြောလာတာပါ။
မြန်မာနဲ့ ပတ်သက်လို့ အုပ်ချုပ်သူနဲ့ ဆက်ဆံရုံကလွဲလို့ တခြားနည်းလမ်းမရှိဘူးလို့ ဟွန်ဆန်က ပြောသလို၊ အာဆီယံညီလာခံတွေကို
မြန်မာစစ်ခေါင်းဆောင် တက်ခွင့်ရှိတယ်လို့လည်း သူကပြောပါတယ်။
“ အာဆီယံဟာ အဖွဲ့ဝင် ၁၀ နိုင်ငံစလုံးကို ကိုယ်စားပြုရမယ်လေ။ မြန်မာက အာဆီယံရဲ့ မိသားစုဝင်တစ်နိုင်ငံဖြစ်ပါတယ်။ သူတို့အနေနဲ့
အစည်းအဝေးတွေကို တက်ရောက်ဖို့ အခွင့်အရေး ရှိရပါလိမ့်မယ်။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ အတူ အလုပ်လုပ်ဖို့အတွက် သူနဲ့ တွေ့ဖို့
ကျွန်တော် နေပြည်တော်သွားဖို့နဲ့ပတ်သက်လို့ အားကောင်းတဲ့ ဖြစ်နိုင်ခြေတစ်ခု ရှိပါတယ်။ တကယ်လို့ ကျွန်တော့်အနေနဲ့ ခေါင်းဆောင်
ပိုင်းနဲ့ အလုပ်မလုပ်ရင် ကျွန်တော် ဘယ်သူနဲ့အတူ လုပ်နိုင်မှာလဲ။ ” ဟု ပြောကြားလိုက်တာပါ။
မြန်မာ့အရေးအာဆီယံခေါင်းဆောင်တွေကြားရရှိထားတဲ့ဘုံသဘောတူညီချက်တွေကို စစ်ကောင်စီဘက်က အကောင်အထည်ဖော်ရာမှာ
တိုးတက်မှုမရှိဘူးဆိုပြီး အာဆီယံက အာဏာသိမ်းစစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေးပွဲတွေကို မဖိတ်ကြားခဲ့ပါဘူး။
အဲဒီအစား နိုင်ငံရေးနဲ့မဆက်နွယ်တဲ့ကိုယ်စားလှယ်တစ်ဦးကိုပဲ အစည်းအဝေးပွဲတွေ တက်ခွင့်ပေးမယ်လို့ ဖိတ်ကြားခဲ့လို့ စစ်ကောင်စီဘက်
က ဒါဟာ အာဆီယံပဋိညာဉ်ကို ချိုးဖောက်တာဆိုပြီး ဆွေးနွေးပွဲတွေကို လူမလွှတ်ခဲ့ပါဘူး။
ဒါ့အပြင် စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ကမ္ဘောဒီးယားအစိုးရရဲ့ဖိတ်ကြားချကနဲ့ ဒီနေ့ ဖနွမ်းပင်ကို ခရီးထွက်
သွားတယ်လို့ အမည်မဖော်လိုတဲ့ နိုင်ငံခြားရေးဌာန အရာရှိတစ်ယောက်ကပြောဆိုကြောင်း RFA သတင်းမှာ ဖော်ပြထားပါတယ်။
အာဆီယံအသင်းမှာ သြဇာကြီးတဲ့ စင်္ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား တို့က ဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီကမလိုက်နာတဲ့
အတွက် မြန်မာစစ်ခေါင်းဆောင်ကို ဖိအားပေးဆက်ဆံနေတဲ့အချိန်မှာ၊ နောက် နှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာမယ့်
ကမ္ဘောဒီးယားက အခုလိုဆက်ဆံလာတာဖြစ်ပါတယ်။