ၾကားသိသမွ်

ပြည်သူကို ရန်သူ လုပ်နေသရွေ့

ပြည်သူကို ရန်သူ လုပ်နေသရွေ့

ကြည့်မြင်တိုင်ဖြစ်ရပ်အပေါ်မှာ စကစဘက်ကနေ ခံစားတုံ့ပြန်ပုံတချို့ကို တွေ့ရတော့ မကြာသေးခင်က ပေါ်ထွက်လာတဲ့ Hit List ထဲ ပါနေလို့ ကယ်ကြပါဦးဆိုတဲ့သဘောဆန်ဆန် စာတစောင်ကို သတိရမိပါတယ်။

(တကယ်တမ်းမှာ အဲဒီလို ရှင်းပစ်ရမယ့်လူစာရင်းရယ်လို့ မရှိဘူးဆိုတာကို အန်ယူဂျီဘက်က ပြောပြရှင်းပြတာကိုလည်း တွေ့ရတယ်။) ပြောရရင် စကစကို ထောက်ခံသူနဲ့ နားလည်စာနာပေးသူတွေရဲ့

အသိုင်းအဝိုင်းမှာ ငါတို့ဟာ ပြည်သူတွေရဲ့ အမုန်းကို ခံယူရနိုင်တဲ့သူတွေဆိုတာကို နားလည်လက်ခံထားပြီးဖြစ်နေတယ်ဆိုတဲ့ စိတ်အခြေအနေပဲ။

သဘောကတော့ ‘နွေဦးတော်လှန်ရေးသမားဆိုတာ ပြည်သူတရပ်လုံးနီးပါးပဲ၊ သူတို့ကြောင့် ငါတို့ အရင်လို လူပေါ်လူဇော် လုပ်လို့ ခက်သွားပြီ၊ အမုန်းတွေ အာဃာတတွေကို ခံစားလာရပြီ၊ ငါတို့ အဆင်ပြေဖို့ဆိုရင် သူတို့ အဆင်မပြေမှ ဖြစ်မယ်၊

သူတို့တွေ ဘာဆို ဘာမှ ပြန်မတုံ့ပြန်နိုင်တော့လောက်အောင် ဖိနှိပ်တာ၊ နှိမ်နင်းတာ အားလုံးဟာ ဖြစ်သင့်တယ်၊ အဲဒီလိုအထိ ဖြစ်သွားမှ ငါတို့ဘဝတွေ လုံခြုံမယ်’လို့ တွေးတောပြီး ကိုယ့်ဉာဏ် ရှိသလို ကိုယ် တုံ့ပြန်ကြတာမျိုးပေါ့။


လက်နက်မပါဘဲ ဆန္ဒပြကြတဲ့လူငယ်လေးတွေကို ကားနဲ့ တိုက်၊ သေနတ်နဲ့ ပစ်သတ်တဲ့ စစ်ဆင်ရေးကို လုပ်ကြသူတွေရဲ့ပုံတွေ၊ နာမည်နဲ့ ရာထူး၊ ကိုယ်ပိုင်နံပတ်တွေ တက်လာတယ်။

သူတို့လည်း လူငယ်အရွယ်တွေပဲ။ ဝတ်ဆင်ထားပုံက ကမ္ဘာစစ်ကို ဆင်နွှဲတော့မတတ်။ ကမ္ဘာ့ရန်ကို ချေမှုန်းရမယ့် ဟန်ပန်တွေနဲ့။

သပိတ်မှောက်လူငယ်လေးတွေကို ကြည့်လိုက်တော့ ဒဏ်ရာရသွားလို့ မပြေးနိုင်တော့တဲ့ သူငယ်ချင်းနဲ့အတူ အဖမ်းခံဖို့ ဆုံးဖြတ်လိုက်တာက ငယ်ငယ်နုနု လုံမလေးတွေ။

အဖမ်းခံရရင် အသက်ခန္ဓာကို ထိခိုက်နာကျင်အောင် ဖျက်ဆီးနှိပ်စက်ညှင်းပန်းကြလိမ့်မယ်ဆိုတာ မသိကြလို့မှ မဟုတ်ဘဲ။ သိသိကြီးနဲ့ ရဲဘော်ရဲဘက်စိတ် လူသားဆန်တဲ့စိတ်တွေနဲ့ ထွက်မပြေးဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။


တကယ်တမ်း စကစရဲ့ တပ်သားတွေလက်ထဲမှာ Hit List လို့ ခေါ်တဲ့ ရှင်းပစ်ရမယ့်လူစာရင်းက ရှိနေပြီးသား။ ဝါကျတကြောင်း စာတလုံးထဲရယ်။

အဲဒါကတော့ ‘ပြည်သူ’။ လုလင်လေးတွေ လုံမလေးတွေဟာ ‘ပြည်သူ’ဖြစ်ရုံနဲ့ ရှင်းပစ်ခံရမယ့်သူတွေ ဖြစ်နေတာကို သိကြတာပဲ။ အဲဒီလို သိသိကြီးနဲ့ပဲ ‘ဆန္ဒပြပြည်သူ’တွေအဖြစ် ရဲဝံ့ခဲ့ကြတာပါ။

‘ငါတို့တွေတော့ ရှင်းပစ်ခံရမယ့်သူစာရင်းမှာ ပါနေပြီ၊ ကယ်တော်မူကြပါဦး’လို့တော့ သူတို့ ဘယ်သူ့ကိုမှ အားကိုးတကြီး မတိုင်တည် မတိုင်တန်း မတိုင်တောခဲ့ကြဘူး။

ဘာလို့လဲဆိုတော့ သူတို့က သူတို့ကိုယ်တိုင်ကို ယုံကြည်လို့ပဲ။ သူတို့ ကိုယ်တိုင်ရဲ့ တော်လှန်ရေးစိတ်ဓာတ်နဲ့လုပ်ရပ်ကသာ သူတို့ရဲ့ စိတ်ဝိဉာဉ်ကို သန့်စင်လုံခြုံမှုတွေ ပေးနိုင်မယ်ဆိုတာ သူတို့ သိကြတယ်။


စကစတပ်သားလူငယ်တွေကျတော့ရော၊ ရှင်းပစ်ခံရမယ့်စာရင်းထဲ ငါတို့ ပါနေပြီ ကယ်ကြပါဦးလို့ အော်ခဲ့ကြသူတွေကျတော့ရော။ သူတို့ရဲ့ အကြမ်းဖက်မှုတွေနဲ့ အကြောက်တရားတွေဟာ ဘယ်မှာ အခြေတည်မလဲ။

ပီဒီအက်ဖ်တွေရဲ့ ပစ်မှတ်တွေအဖြစ် သတ်မှတ်ခံရရင် အသက်အန္တရာယ် ရှိနေလို့ဆိုတာ ဖြစ်မှာ‌‌ပေါ့။ စစ်နဲ့ရဲယူနီဖောင်းတွေကတော့ ပီဒီအက်ဖ်တွေရဲ့ ပစ်မှတ်တွေ ဖြစ်နေတာပဲ။

ဒီလိုဖြစ်တာဟာ အသားလွတ်ဖြစ်တာ မဟုတ်ဘူးဆိုတာကိုတော့ မမေ့ကြဖို့ လိုပါတယ်။ ဖေဖေါ်ဝါရီမှာ သပိတ်တွေကို ငြိမ်းငြိမ်းချမ်းချမ်း ဆင်နွှဲကြတုန်းက ပြည်သူ့ရဲ၊ ပြည်သူ့ရဲလို့ဆိုပြီး လူထုက တော်လှန်ရေးဘက်ကို ပူးပေါင်းဖို့ ဆွဲဆောင်စည်းရုံးခဲ့ကြတာ အထင်အရှားပါ။

ဒါပေမဲ့ ရဲအများစုက စစ်အာဏာရှင်အလိုကျ ခိုင်းတာ လုပ်ပြီး လူထုကို ရန်သူလို သဘောထားခဲ့ကြတာပါပဲ။ ပိုဆိုးတာက တာဝန်ကျေရုံမကတဲ့ နိုင်ထက်စီးနင်းလုပ်ရပ်တွေဟာ နေရာတိုင်းမှာ ပေါ်ထွက်ခဲ့တာပါ။


စကစအားပေးတွေက ‘မသေချင်ရင် အိမ်ထဲမှာ နေပေါ့၊ အိမ်ထဲကို မပစ်ပါဘူး’လို့ ပြောတတ်ကြပါတယ်။ ဒါပေမဲ့ အိမ်ထဲမှာ အဖေ့ရင်ခွင်ကြားထိုင်နေတဲ့ ခုနစ်နှစ်သမီးလေး၊

ခြံဝင်းထဲ ကစားနေတဲ့ ငါးနှစ်အရွယ်ကလေးလေးတွေ သေဆုံးခဲ့ရတာ စစ်ယူနီဖောင်းဝတ်တွေ ရဲယူနီဖောင်းဝတ်တွေကြောင့်ပဲလေ။

ဒါတွေ ဖြစ်ခဲ့လို့သာ စစ်နဲ့ရဲယူနီဖောင်းတွေဟာ ပီဒီအက်ဖ်တွေရဲ့ ပစ်မှတ်တွေ ဖြစ်လာရတာပါ။ ပြည်သူအချင်းချင်း သတ်ဖြတ်နေတဲ့အကြောင်း ပြောလာကြတဲ့အခါမှာလည်း

‘ဥပဒေကြောင်းအရ တရားစွဲဆို စီရင်ဆုံးဖြတ်မှုမဟုတ်တဲ့ အသက်သေဆုံးစေရန် ပြစ်ဒဏ်ချမှတ်ခြင်း’ဆိုတာ လူ့အဖွဲ့အစည်းမှာ လက်သင့်ခံစရာ လုပ်ရပ် မဟုတ်တာ သိပ်သေချာပါတယ်။

ဒါပေမဲ့ ပြည်သူကို အကာအကွယ်ပေးရမယ့် တာဝန်ကို (လခ၊ ရိက္ခာ၊ အထောက်အပံ့တွေ စားပြီးတော့ကို) ယူထားကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကိုယ်တိုင်က

‘ဥပဒေကြောင်းအရ တရားစွဲဆို စီရင်ဆုံးဖြတ်မှုမဟုတ်တဲ့ အသက်သေဆုံးစေရန် ပြစ်ဒဏ်ချမှတ်ခြင်း’ဆိုတာကို နောင်တ မရှိ၊ တာဝန်ယူ တာဝန်ခံမှု မရှိ လုပ်ဆောင်ခဲ့ကြပါတယ်။

အဲဒီလို လုပ်ချင်ရင် လုပ်နိုင်တယ်၊ လုပ်လို့ရတယ်လို့ သဘောသက်ရောက်အောင် သူတို့က ရှေ့ဆောင်လမ်းပြလုပ်ခဲ့တဲ့ သဘောပါပဲ။ အဲဒီလိုလုပ်ပြခဲ့တဲ့ ဖြစ်ရပ်တွေက ရေးပြရရင် များလွန်းလှပါတယ်။

တကယ်တော့ အဲဒီလိုတွေ တရားမဲ့ပြုကျင့်မှုတွေအပေါ် စကစကိုယ်တိုင်ကရော၊ စကစအဖွဲ့ဝင်/စကစအား စာနာနားလည်သူ ပညာတတ်ဆိုသူများကရော၊ တရားရေးဘက်က တာဝန်ရှိသူတွေရော ဘယ်သူ့ဘယ်သူကမှ တားမြစ်ဟန့်တားတာမျိုး မရှိခဲ့ကြပါဘူး။

အဲဒီလိုတားမြစ်ဖို့ မပြောနဲ့၊ တရားလက်လွန်ပြီးကာမှ နောက်ကြောင်းပြန် အရေးယူပြခြင်းဖြင့် ဒီလိုတရားမဲ့လုပ်ရပ်မျိုး ဆက်လက်မဖြစ်အောင် အားထုတ်ဖို့ကိုတောင် မကြိုးစားခဲ့ကြပါဘူး။


ဒါကြောင့်သာ တရားမဲ့ပြုကျင့်မှုတွေဟာ လုပ်ကောင်းတယ်ဆိုတဲ့ သတင်းစကားဟာ ဖိနှိပ်ခံပြည်သူတွေကြားထိ ရောက်ရှိသွားခဲ့ပါတယ်။

ဒါကြောင့် လူထုကမတရားမှန်း သိရက်နဲ့ လက်ပိုက်ခေါင်းငုံ့မနေနိုင်တော့ဘူးဆိုကာ ရရာလက်နက် စွဲကိုင်တော်လှန်တော့မယ်လို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။

အဲဒီလို လူထုရဲ့ ပိုင်းဖြတ်မှုနောက်ကို နိုင်ငံရေးသမားတွေကပါ ပြန်လိုက်ခဲ့ကြရတာမျိုးပါ။ ဒါကြောင့်လည်း စကစကို သတင်းပေးတဲ့၊ ပြည်သူကို ဖိနှိပ်ထိခိုက်အောင် လုပ်ရာမှာ

အားပေးကူညီတဲ့ ဒလန်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေကို တရားမဲ့ပြုကျင့်မှုထဲ အကျုံးဝင်သွားမှာစိုးရိမ်ကြလို့ သဘောမကျနိုင်တဲ့သူတွေ ရှိလာကြပါတယ်။

ဒါပေမဲ့ အဲဒီဒလန်ဆိုသူတွေရဲ့ တရားမဲ့ပြုကျင့်မှုတွေကိုယ်တိုင်က ဆိုးကျိုးသက်ရောက်မှုကြီးတွေ ဖြစ်ခဲ့တာကို မျက်မြင်တွေ့ကြရတဲ့အခါမှာတော့ အဲဒီလူတွေကိုယ်တိုင် ဘာပြောရမှန်း မသိဖြစ်ပြီး ဆွံ့အကုန်ကြရတာမျိုးပါ။

ဒီနေရာမှာ အန်ယူဂျီအနေနဲ့ လက်နက်ကိုင်ခုခံမှု ဆောင်ရွက်ရာမှာ တရားမဲ့ပြုကျင့်မှု မဖြစ်ဖို့အတွက် တရားဝင် စာထုတ်တာ၊ ကျင့်ဝတ်တွေ ထုတ်ပြန်တာ စတဲ့ လုပ်သင့်လုပ်ထိုက်တဲ့ တုံ့ပြန်မှုတွေ လုပ်ခဲ့ပါတယ်။

နိုင်ငံတော်အာဏာဟာ ငါတို့လက်ထဲမှာ ရှိနေတယ်လို့ ထင်နေတဲ့ စကစကသာ (အစိုးရဖြစ်ချင်သလောက်) အစိုးရတစ်ရပ်အနေနဲ့ လုပ်ရမယ့် အလုပ်တွေကို ဘာမှ မလုပ်ခဲ့တာပါ။


ဒီလိုဖြစ်စဉ်ဖြစ်ရပ်တွေကို ပြန်လည်သုံးသပ်မှု မရှိဘဲ ပြည်သူဟာ ငါတို့ကို မုန်းနေ အာဃာတ ထားနေတယ်၊ ဒါကြောင့် ငါတို့ မလုံခြုံဘူး၊ ငါတို့ လုံခြုံအောင် ငါတို့ကို သဘောမကျ မုန်းနေတဲ့ ပြည်သူတွေ မရှိမှ အေးမယ်လို့ တွေးနေကြတာကြောင့်သာ

စကစနဲ့ အားပေးသူတွေဟာ ထွက်ပေါက်မဲ့နေရဆဲ ဖြစ်ကြရတာပါ။ ပီဒီအက်ဖ်က ခြိမ်းခြောက်လို့ အသက်အန္တရာယ် ရှိတာ မဟုတ်ဘဲ ပြည်သူကို ရန်သူလို သဘောထား နှိမ်နင်းဖို့ ကြိုးစားနေလို့သာ ပီဒီအက်ဖ်က ခုခံစစ်ကို ရွေးချယ်နေရတာလို့ သဘောပေါက်ကြဖို့ လိုပါတယ်။

ပြည်သူချင်း သတ်နေကြတာလို့ မြင်ပြီး စိတ်ပျက်လက်ပျက်နဲ့ ပြည်သူကို အပြစ်တင်နေကြမယ့်အစား ပြည်သူအများစုရဲ့ ခံယူချက်၊ သဘောထားနဲ့ လုပ်ရပ်တွေကို ဘယ်အရာတွေက ပုံသွင်းပေးလိုက်တာလဲဆိုတာကို အဖြေရှာနိုင်ဖို့ လိုပါတယ်။

ခုအချိန်မှာ ပြည်သူ့စစ်သားဆိုပြီး တော်လှန်ရေးဘက်ကို ပူးပေါင်းလာတဲ့ စစ်သားတွေ ရဲသားတွေ ရှိဖို့ လိုအပ်တာ အမှန်ပါ။

အဲဒီထက် ပိုလိုအပ်နေတာက စစ်သားပဲဖြစ်ဖြစ် ရဲသားပဲဖြစ်ဖြစ် ပညာတတ်ပဲဖြစ်ဖြစ် ပြည်သူ့အကျိုးကို လျစ်လျူမရှုဘဲ ပြည်သူအများစုရဲ့ စိတ်ဆန္ဒကို နားလည်သဘောပေါက်ပြီး ပြည်သူကို အကာအကာကွယ်ပေးဖို့ စိတ်ပိုင်းဖြတ်နိုင်မှုပါပဲ။

ဒီလိုမှ မလုပ်နိုင်ရင် တပ်မတော်၊ ရဲဆိုတဲ့ အင်စတီကျူးရှင်းသာမက အဲဒီအင်စတီကျူးရှင်း ဘာလုပ်လုပ် စာနာနားလည်ထောက်ခံပေးနေတဲ့ လူတစုအပေါ်မှာပါ ပြည်သူလူထုအများစုရဲ့ ဒဏ်ခတ်မှုဆိုတာ နည်းလမ်းအဖုံဖုံနဲ့ ဆက်ရှိနေဦးမှာပဲဖြစ်ပါတယ်။

အသက်သေမှ ထောင်ကျမှ ဥစ္စာပစ္စည်း ဆုံးရှုံးမှ နစ်နာကြရတာ မဟုတ်ဘဲ ပြည်သူလူထုရဲ့ အော့နှလုံးနာမှုကို ခံယူရတာဟာလည်း အနစ်နာကြီး နစ်နာရမှုပါပဲလို့ နားလည်လာနိုင်မှ ပြည်သူတွေလည်း အော့နှလုံးနာစရာဘေးကနေ လွတ်ရမယ် ထင်ပါရဲ့။ မသီတာ – စမ်းချောင်း

လေးစားစွာဖြင့်-ခရက်ဒစ်